မြန်မာဆိုရိုးစကား
|
ဆိုရိုးစကား ဟူသည် အစဉ်အလာပြောဆိုခဲ့ကြသော မှတ်သားဖွယ်ရာ စကားဖြစ်သည်။ ဆိုရိုးစကားသည် ဥပမာခိုင်းနှိုင်းခြင်း မဟုတ်ပဲ ပြောလိုသည့်စကားနှင့် ပြောထွက်မည့်စကားလုံးမှာ ကာရံနဘေ ညီစွာပြောဆိုခြင်း နှင့် ရှေးအစဉ်အလာက ပြောဆိုခဲ့ကြသော စကားများကို သုံးစွဲခြင်းဖြစ်သည်။
မြန်မာဆိုရိုးစကားအက္ခရာစဉ်ဇယား | ||||
---|---|---|---|---|
က | ခ | ဂ | ဃ | င |
စ | ဆ | ဇ | ည | ဌ |
တ | ထ | ဒ | ဓ | န |
ပ | ဖ | ဗ | ဘ | မ |
ယ | ရ | လ | ဝ | သ |
ဟ | အ |
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
|
၃၈ဖြာ မင်္ဂလာ
|
- ၁။ သူမိုက်ကို မပေါင်းဖော်ခြင်း
- ၂။ ပညာရှိကို ဆည်းကပ်ခြင်း
- ၃။ ပူဇော်ထိုက်သူကို ပူဇော်ခြင်း
- ၄။ သင့်တင့်လျောက်ပတ်သောအရပ်၌ နေခြင်း
- ၅။ ရှေးကောင်းမှုကံရှိခြင်း
- ၆။ မိမိကိုယ်ကို ကောင်းစွာစောင့်ထိန်းခြင်း
- ၇။ အကြားအမြင်များခြင်း
- ၈။ စက်မှုလက်မှုပညာ တတ်မြောက်ခြင်း
- ၉။ ကိုယ်ကျင့်ဝိနည်းကို စောင့်ထိန်းလိုက်နာခြင်း
- ၁၀။ ချိုသာစွာ ပြောဆိုခြင်း
- ၁၁။ အမိအဖတို့ကို ကောင်းစွာလုပ်ကျွေးခြင်း
- ၁၂။ သားမယားကို ကောင်းစွာကျွေးမွေးစောင့်ရှောက်ခြင်း
- ၁၃။ ရှုပ်ထွေးမှုကင်းလျက် သန့်ရှင်းသပ်ရပ်စွာ အလုပ်လုပ်ခြင်း
- ၁၄။ ပေးကမ်းလှူဒါန်းခြင်း
- ၁၅။ သုစရိုက်တရားတိုကို ကျင့်ခြင်း
- ၁၆။ အဆွေအမျိုးတို့ကို ထောက်ပံ့ကူညီခြင်း
- ၁၇။ အပြစ်မရှိသော ကောင်းမှုကိုပြုခြင်း
- ၁၈။ မကောင်းမှုကို စိတ်ဖြင့် ရှောင်ကြဉ်ခြင်း
- ၁၉။ မကောင်းမှုကို ကိုယ်၊ နှုတ်ဖြင့် ရှောင်ကြဉ်ခြင်း
- ၂၀။ သေရည်သေရက်သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း
- ၂၁။ ကုသိုလ်တရား၌ မမေ့မလျော့ခြင်း
- ၂၂။ ရိုသေထိုက်သူကို ရိုသေခြင်း
- ၂၃။ မိမိကိုယ်ကို နှိမ့်ချခြင်း
- ၂၄။ တင်းတိမ်ရောင်ရဲခြင်း
- ၂၅။ သူ့ကျေးဇူးကို သိခြင်း
- ၂၆။ သင့်လျော်သောအခါ၌ တရားနာခြင်း
- ၂၇။ သည်းခံခြင်း
- ၂၈။ ဆုံးမလွယ်ခြင်း
- ၂၉။ ရဟန်းသူမြတ်တို့ကို ဖူးမြော်ရခြင်း
- ၃၀။ သင့်လျော်သောအခါ တရားဆွေးနွေးခြင်း
- ၃၁။ ခြိုးခြံခြင်း
- ၃၂။ မြတ်သောအကျင့်ကို ကျင့်ခြင်း
- ၃၃။ သစ္စာလေးပါးတရားတို့ကို သိခြင်း
- ၃၄။ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း
- ၃၅။ လောကဓံတရားနှင့် တွေ့ကြုံသောအခါ မတုန်လှုပ်ခြင်း
- ၃၆။ စိုးရိမ်ပူဆွေးမှုမရှိခြင်း
- ၃၇။ အလိုရမ္မက်ကင်းခြင်း
- ၃၈။ ကိလေသာမှ ကင်းလွတ်၍ ငြိမ်းအေး ဘေးမရှိခြင်း
၃၈။ ကိလေသာမှ ကင်းလွတ်၍ ငြိမ်းအေး ဘေးမရှိခြင်း (ခေမံ)
|
ကိလေသာမှ ကင်းလွတ်၍ ငြိမ်းအေး ဘေးမရှိခြင်းသည် မြတ်သော မင်္ဂလာမည်၏ ။ အောက်ပါ ဇာတ်တော်ကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
ရှေးသရောအခါ ရာဇဂြိုဟ်မြို့တော်၌ ဥဂ္ဂသေနအမည် ရှိသော သူဌေးသားတစ်ယောက်ရှိသည်။ တစ်နေ့သ၌ ကချေသည်ငါးရာတို့သည် ရာဇဂြိုဟ်မြို့တော်၌ စံမြန်းသော ဗိမ္ဗိသာရမင်းကြီးထံ လာရောက်ကပြ ဖြေဖျော်ကြသည်။ ထိုအထဲတွင် ကချေသည်မ တစ်ယောက်သည် အလွန်လှပ ချောမောရာ ဥဂ္ဂသေနသည် ချစ်ကြိုက်မိသည်။ ကချေသည်မသည် ကျွမ်းသမားကချေသည်ကြီး၏ သမီးဖြစ်သည်။ ကျွမ်းသမားကြီးသည် အတောင် ၆၀ ရှိသော ဝါးလုံးထိပ်တွင် ရပ်ကာ အမျိုးမျိုး ကပြနိုင်သည်။
ဥဂ္ဂသေနသည် ကချေသည်မကို တပ်မက်စွဲလမ်းလှသဖြင့် မအိပ်နိုင်၊ မစားနိုင်။ ညောင်စောင်း ပေါ်တွင် လဲလျောင်း၍သာ နေ၏။ မိဘများက သိရှိသဖြင့် အမျိုးမျိုးဖျောင်းဖျ ပြောဆိုကြသည်။ ဥဂ္ဂသေနကား နားမဝင်နိုင်ပေ။ နောက်ဆုံးတွင် မိဘများသည် မိတ်ဆွေ တစ်ယောက်အား အသပြာ တစ်ထောင်ထုပ်ကို ပေးအပ်၍ ကချေသည်မ၏ ဖခင် ကျွမ်းသမားကြီးထံ သမီး တောင်းစေသည်။
ကျွမ်းသမားကြီးက -
“ငါ့သမီးကို သူဌေးအိမ်သို့ကား မထည့်နိုင်။ ဥဂ္ဂသေနသည် ငါတို့အဖွဲ့နှင့် တစ်ပါတည်း လိုက်နေ နိုင်လျှင် သမီးနှင့် ပေးစားမည်"
ဟု စကားပြန်လိုက်သည်။
ထိုအဆိုကို ဥဂ္ဂသေန၏ မိဘများက လက်မခံပေ။ သို့ရာတွင် ဥဂ္ဂသေနသည် မိဘများတားမြစ် သည်ကို လက်မခံဘဲ ကချေသည်မနှင့် လက်ထပ်လိုက်သည်။ သူတို့ လှည့်လည်သွားလာရာသို့ အတူလိုက်ပါသွားသည်။ သို့ရာတွင် သူသည် ကျွမ်းအတတ်၊ ကချေသည်အတတ် စသည်တို့ကို မတတ်ကျွမ်းသဖြင့် ပါဝင်မကပြနိုင်။ ကချေသည်တို့ ရပ်နားလိုရာ နေရာသို့ ရောက်လျှင် ဆင်း၍ လှည်းဖြုတ်ရသည်။ နွားစာမြက်ရှာရသည်။ ကပြရာမှ ဆုချ၍ရသော အသပြာများကို ထုပ်ပိုး သယ်ဆောင်ရသည်။
မကြာမီ ကချေသည်မသည် သား ကလေးတစ်ယောက် ဖွားမြင်သည်။ ထိုအခါ ဥဂ္ဂသေနကို နှိမ့်ချသောအားဖြင့် 'လှည်းစောင့်၏ သား'၊ 'ဥစ္စာထုပ်ထမ်းသမား၏ သား'၊ 'ဘာမှမတတ်သူ၏ သား' စသည်ဖြင့် ကလေးကို ပြောဆိုချော့မြူသည်။ ဥဂ္ဂသေန သည်လည်း မိမိအဖြစ်ကို အလွန်ရှက် သွားသည်။ ယောက္ခမကျွမ်းသမားကြီးထံ မှ အတတ်ပညာများကို ကြိုးစားသင်ယူသည်။ တစ်နှစ် တာမျှ သင်ယူပြီးသောအခါ တတ်မြောက်သွားသည်။
ဥဂ္ဂသေနသည် မြို့ရွာအနှံ့ မိမိအတတ်ပညာကို အောင်မြင်စွာ ပြသလာရာ နောက်ဆုံးတွင် ရာဇဂြိုဟ်မြို့တော်သို့ ရောက်လာသည်။ ခုနစ်ရက်မြောက်သောနေ့၌ -
"ဥဂ္ဂသေန သူဌေးသားက အတတ်ပညာပြလိမ့်မည်”
ဟု ကြော်ငြာစေသည်။
မြို့သူမြို့သားတို့သည် ပွဲသဘင်ကို ကြည့်ရှုရန် စုဝေးရောက်ရှိလာကြသည်။ ဥဂ္ဂသေနသည် မိမိအစွမ်းကိုပြရန် အတောင် ၆၀ ရှိသောဝါးလုံးထိပ်သို့ တက်လျက် ရပ်သည်။ အစွမ်းပြမည်ပြုသည်။ ထိုစဉ် ဗုဒ္ဓဘုရားရှင်သည် နောက်ပါ သံဃာတော်များနှင့် ဆွမ်းခံကြွလာသည်။ ထိုအခါ ပရိသတ်တို့ သည် ဥဂ္ဂသေနကို မကြည့်ကြဘဲ ဘုရားရှင်ရှိရာသို့သာ လှမ်း၍ ကြည့်ရှုဖူးမြော်ကြသည်။ ဤတွင် ဥဂ္ဂသေနသည် စိတ်နှလုံးမသာမယာ ဖြစ်သွားသည်။ ဘုရားရှင်သည် ဥဂ္ဂသေန၏ ဖြစ်အင်ကို သိရှိ တော်မူသဖြင့် အရှင်မဟာမောဂ္ဂလာန်ကို စေလွှတ်တော်မူသည်။ ဥဂ္ဂသေနအား ကပြရန် တိုက်တွန်း စေတော်မူသည်။ အရှင်မဟာမောဂ္ဂလာန်လည်း ဝါးလုံးနားသို့ ကြွလာ၍ တိုက်တွန်း၏။
ဥဂ္ဂသေနသည် အားတက်သွားကာ ဝါးလုံးထိပ်မှာပင် အားပါးတရ ကျွမ်းထိုးမှောက်ခုံ အမျိုးမျိုး ပြု၍ ကပြ၏။ ၁၄ ကြိမ်တိုင် ကပြပြီးသော် ဘုရားရှင်သည် ဥဂ္ဂသေနကို လှမ်း၍ တရားဟောတော် မူသည်။ ဥဂ္ဂသေနသည် ပါရမီရှိသူဖြစ်သဖြင့် ဝါးလုံးထိပ်ဖျားမှာပင် တရားထူးရသွားသည်။ စိတ်အေး ချမ်းမှုရကာ ရဟန္တာဖြစ်သွားသည်။ သူသည် ဝါးလုံးထိပ်မှ ဆင်းကာ ဘုရားရှင်၏ ခြေတော်စုံကို ဦးခိုက်သည်။ ရဟန်းပြုခွင့်တောင်းသည်။ ဘုရားရှင်က လာလော့ရဟန်း ဟု ခေါ်တော်မူလျှင်ပင် ဥဂ္ဂသေန၏ လူအသွင် ကွယ်ပျောက်သွားသည်။ သင်္ကန်း၊ ပရိက္ခရာ အစုံအလင်နှင့် ကြည်ညိုဖွယ်ရာ ရဟန်းအသွင် ဖြစ်လာသည်။ ရဟန္တာမြတ်အရှင် ဥဂ္ဂသေနသည် အားလုံးကိုစွန့်ကာ ငြိမ်းအေးစွာဖြင့် ထွက်ခွာ သွားလေသည်။
အရှင် ဥဂ္ဂသေန၏ မယားဟောင်း ကချေသည်မလည်း လင်ဖြစ်သူ၏ သွားရာလမ်းကြောင်း အတိုင်းလိုက်ကာ ရဟန်းမ ပြု၏။ တရားအားထုတ်ရာ ငြိမ်းချမ်းသော ရဟန္တာအရှင်မ ဖြစ်သွားလေ သည်။
ကျမ်းကိုး ။ ။ ဓမ္မပဒ၊ တဏှာဝဂ်၊ ဥဂ္ဂသေနဝတ္ထု၃၇။ အလိုရမ္မက်ကင်းခြင်း (ဝိရဇံ)
|
အလိုရမ္မက် ကင်းခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ အောက်ပါ ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဘုရင်တစ်ပါး စိုးစံသည်။ ထိုဘုရင်တွင် သားတော်နှစ်ပါး ရှိရာ သားအကြီးကို အိမ်ရှေ့အရာပေးထားသည်။ တစ်နေ့တွင် ဘုရင်နတ်ရွာစံရာ မှူးမတ်တို့သည် သားတော်ကြီးကို ဘုရင်မြှောက်ကြသည်။ သားတော်ကြီးက ဘုရင်အဖြစ်ကို ငြင်းပယ်လိုက်သည်။ ညီငယ်အား ထီးနန်းကိုပေး၍ နယ်စွန်နယ်ဖျားအရပ်သို့ သွားရောက်နေထိုင်သည်။ ထိုအရပ်ရှိ သူဌေးတစ်ဦးနေအိမ်၌ အလုပ်လုပ်၍ မှီခို နေထိုင်သည်။ အစတွင် သူဌေးသည် သားတော် ကြီးကို မင်းသားမှန်းမသိ။ သို့ရာတွင် မကြာမီ သိသွားသည်။ ထိုအခါ သူဌေးက -
"အရှင့် သား အလုပ်မလုပ်ပါနှင့်၊ အရှင်သားကို ကျွန်ပ်တို့ လုပ်ကျွေးပါမည်။ အေးငြိမ်းစွာ နေတော်မူပါ။ သို့ရာတွင် ညီတော်ထံ ကျွန်ုပ်တို့အား အခွန်လွတ်ငြိမ်းခွင့် ပေးသနားပါရန် အလွှာစေ၍ တောင်းဆိုပေးပါ”
ဟု ဆို၏။
မင်းသားသည် သူဌေးဆိုတိုင်း ပြု၏။ ညီတော်ဘုရင်လည်း နောင်တော်ဆိုသည့် အတိုင်း သူဌေးအတွက် အခွန်လွတ်ငြိမ်းခွင့် ပေး၏။ ထိုအကြောင်းကို ရွာသားများသိသော် မင်းသားထံ ချဉ်းကပ်လာကြသည်။ သူတို့ကိုလည်းအခွန်မှ လွတ်ငြိမ်းခွင့် ရအောင် ဆောင်ရွက်ပေးပါဟု ဆိုကြ၏။ အခွန်ကို မင်းသားအား ပေးဆက်ကြ၏။ မင်းသားလည်း ရွာသားတို့ပေးသော အခွန်ကိုယူကာ ညီတော်ထံ ရွာသားတို့အတွက် အခွန်လွတ်ငြိမ်းခွင့်ပြုရန် တောင်းဆိုသည်။ ညီတော် ဘုရင်လည်း လိုက်လျောခွင့်ပြုသည်။ ထိုအခါ နောင်တော်မင်းသားသည် လောဘ တက်လာသည်။ အနီးအနားရှိ ရွာများမှ အခွန်များကို ပါယူသည်။ ညီတော်အား ထိုရွာများအတွက် အခွန်လွတ်ငြိမ်းခွင့် တောင်း ဆိုပြန်သည်။ ညီတော်လည်း နောင်တော် တောင်းတိုင်းပေး၏ ။
ညီတော်ကပေးလေလေ နောင်တော်မှာ လောဘပ္ပားလေလေ ဖြစ်လာသည်။ နောက်ဆုံးတွင် မင်းစည်းစိမ်ကို တောင့်တလာသည်။ လူသူစုဆောင်းလျက် 'ငါ့အား ထီးနန်းပေးလော့။ မပေးလျှင် စစ်ပြုမည်' ဟူ၍ စာစေလိုက်သည်။
ညီတော်ဘုရင်လည်း -
"ဤသူမိုက်သည် ယခင်က ထီးနန်းကို စွန့်ပယ်ခဲ့သည်။ ယခု အလိုရမ္မက်ကြီးလာသဖြင့် စစ်ထိုး၍ ထီးနန်းကို ယူမည် ပြုလာသည်။ ငါတို့ စစ်ထိုးသော လူအများ သေကျေပျက်စီးကြ တော့မည်”
ဟု ဆိုကာ နောင်တော်အား ထီးနန်းကို လွှဲအပ်ပေးလိုက်သည်။ မိမိမူကား အိမ်ရှေ့မင်းသား အဖြစ်သာ နေထိုင်သည်။
နောင်တော်သည် ထီးနန်းစည်းစိမ်ကိုရသော် မတင်းတိမ်ပြန်။ နှစ်ပြည်ထောင်၊ သုံးပြည်ထောင် စသည်ဖြင့် ပြည်ထောင်အများကို ပိုင်ဆို်လိုလားပြန်သည်။ ထိုအကြောင်းကို သိကြားမင်းသိသော အခါ -
"ဤသူမိုက်ကို ငါဆုံးမမှ သင့်တော့မည်”
ဆိုကာ လုလင်အသွင် ဖန်ဆင်းသည်။
နောင်တော်မင်းထံ အခစားဝင်ကာ -
"မြတ်သောမင်းကြီး၊ အကျွန်ုပ်သည် သုံးပြည်ထောင်ကို သမ်းပိုက်နိုင်သောစွမ်းရည် ရှိပါသည်။ ယခုပင် အရှင့်အတွက် ထိုသုံးပြည်ထောင်ကို သိမ်းပိုက်၍ ဆက်သပါမည်။ စောင့်မျှော်တော်မူပါ။ မကြာမီ ဆောင်ကြဉ်းလာပါမည်"
ဟုဆိုကာ တာဝတိံသာသို့ ပြန်ကြွသွားသည်။
မင်းမိုက်မူ ထိုစကားကိုယုံကာ စောင့်မျှော်နေ၏ ။ သို့ရာတွင် လုလင် ပြန်မလာသောအခါ နလုံးမသာမယာ ဖြစ်လာသည်။ စိတ်ထိခိုက်ကာ ဝမ်းသွေးသွန်သောရောဂါ ခံစားရသည်။ ဝေဒနာ ပြင်းသဖြင့် သမားတော်တို့က ဆေးအမျိုးမျိုးဖြင့် ကုသကြသည်။ မရ။ ထိုစဉ် တက္ကသိုလ်ပြည်မှ ဆေးဆရာကျော်တစ်ဦး ရောက်လာသည်။ ဘုရင်သည် ဆေးဆရာကိုပင့်၍ ကုသစေသည်။
"ဆရာ၊ ငါ၏အနာသည် အလိုရမ္မက်ကိုမှီ၍ ဖြစ်သောအနာဖြစ်သည်။ ကုစားနိုင်က ကုစားပေးပါ"
ဟုဆိုကာ အကြောင်းစုံပြောပြသည်။ ဆေးဆရာက -
"အရှင်မင်းကြီး၊ သင့်နိုင်ငံနှင့် တခြားသုံးပြည်ထောင် အပါအဝင် လေးပြည်ထောင်ကို ရသော် လည်း အရှင်မင်းကြီးသည် အိပ်ရာလေးခု၌ တစ်ပြိုင်နက် မအိပ်နိုင်။ ပုဆိုးလေးထည်ကို တစ်ပြိုင် နက်မဝတ်န်ုင်။ ဘာမျှ အကြောင်းမထူး။ တဏှာာနိုင်ငံသို့ လိုက်ခြင်းဖြင့် အပါယ်သို့သာ လားရမည် ဖြစ်သည်”
စသည်ဖြင့် တရားပြဆို ဆုံးမ၏ ။ ဆေးဆရာ၏ တရားကို နာရသောအခါ ဘုရင်သည် သတိ သံဝေဂ ရသွားသည်။ အနာရောဂါလည်း ပျောက်ကင်းသွားသည်။ ဘုရင်လည်း ဆေးဆရာအား ဆုလာဘ်များ ပေးအပ် ပူဇော်သည်။ ဆေးဆရာက -
"မင်းကြီး၊ မမေ့မလျော့ဘဲ တရားမြတ်ကိုသာ ကျင့်ပါ "
ဟုဆိုကာ ထွက်ခွာသွားလေသည်။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ ကာမနီလဇာတ်။၃၆။ စိုးရိမ်ပူဆွေးမှုမရှိခြင်း (အသောကံ)
|
ပျက်စီးခြင်း၊ ဆင်းရဲဒုက္ခဖြစ်ခြင်းနှင့် တွေ့ကြုံရသောအခါ စိုးရိမ်ပူဆွေးမှု မရှိခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်။ အောက်ပါဇာတ်တော်ကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
လွန်လေပြီးသောအခါ ဗာရာဏသီ မြို့တံခါးအနီးရှိရွာ၌ ပုဏ္ဏားမျိုးနွယ်ဝင် လယ်သမားဇနီး မောင်နှံ နေထိုင်ကြသည်။ သူတို့တွင် သား၊ ချွေးမ၊ သမီးနှင့် အိမ်ဖော်မိန်းမနှင့်အတူ နေထိုင်ကြသည်။ အားလုံးပင် လယ်ယာလုပ်ငန်းကို စုပေါင်းလုပ်ကိုင် ကြသည်။
ဤမိသားစု၏ အကြီးအမှူးဖြစ်သော ပုဏ္ဏားကြီးသည် အလွန် တရားပြည့်ဝသည်။ ကောင်းမှုကို အလွန် မြတ်နိုးသည်။ မိမိနည်းတူ တရားပြည့်ဝ၍ ကောင်းမှု များပြုကြရန် မိသားစုကို အစဉ်ဆုံးမ လေ့ရှိသည်။
တစ်နေ့သ၌ ပုဏ္ဏားကြီးသည် သားနှင့်အတူ လယ်တောသို့သွား၍ လယ်ထွန်သည်။ သားသည် လယ်ထွန်ရာမှ အမှိုက်တို့ကို စုပုံ၍ မီးရှို့သည်။
ထိုစဉ် မြွေကိုက်ခံရကာ လဲကျသေဆုံး သွားရှာသည်။ အဖပုဏ္ဏားကြီးသည် သားထံ ပြေးလာ သည်။ သို့သော် အသက်မမီတော့ပေ။ ဤတွင် သားအလောင်းကို ပွေ့ချီကာ သစ်ပင်ရင်းတစ်ခု၌ ချထားသည်။ ပူဆွေးငိုကြွေးခြင်း မပြု။ လယ်ကို ဆက်လက် ထွန်မြဲထွန်သည်။ မကြာမီ အိမ်နီးချင်း ယောကျ်ားတစ်ယောက် လယ်အနီးမှ ဖြတ်သန်းသွားသည်။ ဤတွင် ပုဏ္ဏားကြီးက -
“ပုဏ္ဍေးမအားပြောပါ အခါ တိုင်းကဲ့သို့ နှစ်ယောက်စာ ထမင်းမပို့ပါနှင့်။ တစ်အိမ်သားလုံး လာခဲ့ကြပါ "
ဟူ၍ ထိုသူအား မှာကြားသည်။
ထိုသူသည် အိမ်သို့သွား၍ ပုဏ္ဏေးမအား ပြောကြားသည်။ ပုဏ္ဏေးမသည် မှာကြားချက်ကို ကြားသိရလျှင် သားသေဆုံးသည်ကို ရိပ်မိလိုက်သည်။ သို့ရာတွင် ပူဆွေးငိုကြွေးခြင်းမရှိ။ အိမ်သား အားလုံးခေါ်ကာ လယ်တောသို့ လာခဲ့ကြသည်။ ရောက်လျှင် ထင်သည့်အတိုင်းပင် သားသေဆုံးနေ သည်ကို တွေ့မြင်ကြရသည်။ သို့ရာတွင် အားလုံးပင် တရားကို နှလုံးသွင်းထားကြပြီး ဖြစ်သဖြင့် ပူဆွေးခြင်းမရှိကြ။ ငိုကြွေးခြင်းမပြုကြ။
ပုဏ္ဏားကြီးသည် သားအလောင်းထားသော သစ်ပင်ရိပ်မှာပင် ထမင်းစားသည်။ ပြီးလျှင်အိမ် သားများသည် သားအလောင်းကို ထင်းပုံထက်သို့ တင်ကြသည်။ ကောင်းစွာ မီးသင်္ဂြိုဟ်ကြသည်။ တစ်ဦးတစ်ယောက်မျှ မျက်ရည်မကျ။ သေခြင်းတရားကိုသာ ဆင်ခြင်ပွားများ၍ နေကြသည်။ ထိုသူတို့၏ တရားတန်ခိုးကြောင့် သိကြားမင်းသည် မနေသာ။ ထိုနေရာသို့ ကြွလာပြီးလျှင် တစ်ဦးစီကို မေးမြန်းစုံစမ်း ကြည့်သည်။
ပုဏ္ဏားကြီး -
"အရှင်၊ မြွေသည် အရေဟောင်းကို စွန့်ခွာသွားသကဲ့သို့ ကျွန်ုပ်၏ သားသည်လည်း ခန္ဓာကိုယ်ကို စွန့်၍ သွားလေပြီ။ ကျွန်ပ်တို့ ငိုကြွေးပူဆွေးခြင်းကို သားသည် သိနိုင်မည်မဟုတ်။ ထို့ကြောင့် ကျွန်ုပ် တို့ ငိုကြွေးပူဆွေးခြင်း မပြုပါ"
ဟူ၍ ပြောကြားသည်။ ပုဏ္ဏေးမကြီးကလည်း -
" ကျွန်ုပ်၏ သားသည် မခေါ်ယူရဘဲ ဘဝတစ်ပါးမှ ကျွန်ုပ်ထံသို့ ရောက်လာပါသည်။ ယခုလည်း ကျွန်ပ်တို့ ခွင့်မပြုဘဲ ဘဝတစ်ပါးသို့ ပြောင်းသွားပါသည်။ အလိုအလျောက်လာ၍ အလိုအလျောက် ပြန်သွားရာ ငိုကြွေးခြင်းဖြင့် အဘယ် အကျိုးရှိမည်နည်း။ ငိုကြွေးလျှင်လည်း သားက သိမည်မဟုတ် တော့ပါ”
ဟူ၍ ပြောကြားသည်။ နှမကလည်း -
"မောင်သည် သေဆုံးနေပြံဖြစ်ရာ ဆွေမျိုးတို့ ငိုကြွေးသည်ကို အဘယ်မှာလျှင် သိနိုင်ပါမည် နည်း။ မိမိသွားရာ၊ လားရာဘဝသို့သာ သွားပေပြီ။ ကျွန်မ ငိုကြွေး၍ အကျိုးထူးပါ မည်လော”
ဟူ၍ ပြောကြားသည်။ သားလုလင်၏ ဇနီးကလည်း -
"အရှင်၊ သေသူကို စိုးရိမ်တမ်းတ ငိုကြွေးနေသောသူသည် ကောင်းကင်ရှိ လမင်းကို ပေးပါ၊ ပေးပါဟု တောင်း ရမ်းငိုကြွေးနေသော သူငယ်နှင့် မတူပါ လော။ ထို့ကြောင့် ကျွန်ုပ် ငိုကြွေးခြင်း မပြုပါ"
ဟူ၍ ပြောကြားသည်။ အိမ်ဖော်မိန်းမကလည်း -
“သေလွန်သည် အတွက် ငိုကြွေးခြင်းဖြင့် အကြောင်းမထူးပါ။ ကွဲသွားသောအိုးသည် တစ်ဖန်ပြန် ၍ မဆက်စပ်နိုင်တော့ပါ ထို့အတူ သေသူအတွက် ငိုကြွေးသော်လည်း ပြန်၍ မရှင်လာနိုင်တော့”
ဟူ၍ ပြောကြားသည်။
သိကြားမင်းလည်း ဤငါးဦး၏ တရားပြည့်ဝသော စကားကို ကြားရသောအခါ လွန်စွာလေးစား ကြည်ညိုသွားသည်။ သူတို့အား စိန်၊ ရွှေ၊ ရတနာများပေးအပ်ကာ ထိုနေရာမှ ထွက်ခွာသွားလေသည်။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ ဥရဂဇာတ်။၃၅။ လောကဓံတရားနှင့် တွေ့ကြုံသောအခါ မတုန်လှုပ်ခြင်း (ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ)
|
လောကဓံတရားနှင့် တွေ့ကြုံသောအခါ မတုန်လှုပ်ခြင်းသည် မင်္ဂလာ တစ်ပါးဖြစ်သည်။ အောက်ပါ ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။ လွန်လေပြီးသောအခါ ဗာရာဏသီပြည်ကို အုပ်စိုးသော ဗာရာဏသီမင်းဝယ် သားတော်တစ်ပါးရှိသည်။ ဗြဟ္မဒတ်ဟု အမည်တွင်သည်။
ဗြဟ္မဒတ်မင်းသားသည် အခြံအရံပေါ များလှသဖြင့် မင်းကြီးသည် မယုံသင်္ကာ ဖြစ်လာသည်။ မိမိ၏ နန်းကို လုယူလိမ့် မမည်ဟူ၍ စိုးရိမ်လာသည်။ သို့ဖြင့် မင်းသားကို တိုင်းနိုင်ငံမှ နှင်ထုတ်လိုက်လေသည်။
မင်းသားသည် ဟိမဝန္တာတောသို့ သွားရောက်နေထိုင်မည်ပြုသည်။ ထိုမင်းသားတွင် အသိတာဘူ အမည်ရှိ ကြင်ရာတော် မင်းသမီးရှိသည်။ အသိတာဘူသည် လှပတင့်တယ်ရုံမက စိတ်ထားကောင်း မွန်သည်။
လာဘ်ရခြင်း၊ မရခြင်း၊ အခြွေအရံရှိခြင်း၊ မရှိခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းတည်းဟူသော လောကမံတရား ရှစ်ပါးကို ခံနိုင်စွမ်းရှိသည်။ ထို့ကြောင့် ပြည်မှ ထွက်ခွာရသည်ကို ဝမ်းမနည်း၊ မညည်းညူ သစ္စာရှိစွာဖြင့် မင်းသားနှင့်အတူ လိုက်ပါနေထိုင်သည်။ သူတို့ မောင်နှံသည် ဟိမဝန္တာတောရှိ သင့်တင့်လျောက်ပတ်သော အရပ်ဒေသ၌ သစ်ရွက်မိုးတဲကလေး ထိုးကာ နေထိုင်ကြသည်။ မနီးမဝေးအရပ်တွင် ရသေ့ကြီးတစ်ပါးလည်း ရှိသည်။
ရသေ့ကြီးသည် တရားကိုပြင်းစွာ အားထုတ်နေထိုင်သည်။ မင်းသားတို့ ဇနီးမောင်နှံသည် တောတွင်းရှိ သစ်သီးများနှင့် အမဲသားငါး တို့ကို ရှာဖွေ စားသောက်နေထိုင်ကြသည်။
တစ်နေ့သ၌ မင်းသားသည် တောတွင်းတစ်နေရာ၌ ကိန္နရီမတစ်ဦးကို တွေ့သည်။ တပ်မက်သွား သည်။ ကိန္နရီမကို သိမ်းပိုက်၍ မယားပြုရန် ကိန္နရီမနောက်သို့ ခြေရာခံ၍ လိုက်သည်။ အသိတာဘူ မင်းသမီးကို ထားခဲ့သည်။
မင်းသမီးသည် လောကဓံတရားကို နားလည် သူဖြစ်သောကြောင့် မင်းသား ပစ်သွားသော်လည်း ဝမ်းမနည်း။ ပူဆွေးခြင်းမဖြစ်။ မနီးမဝေးအရပ်ရှိ ရသေ့ကြီးထံသွားသည်။ တရားအားထုတ်နည်းကို သင်ယူကာ ကြိုးစား၍ တရား အားထုတ်သည်။ မကြာမီပင် အောင်မြင်သွားသည်။ ဈာန်တန်ခိုး ရသွားသည်။ ဤတွင် ရသေ့ကို ရှိခိုးကာ မိမိနေထိုင်ရာတဲသို့ ပြန်၍ နေထိုင်သည်။
ဗြဟ္မဒတ်မင်းသားသည် ကိန္နရီမနောက်သို့လိုက်ရာ မအောင်မြင်။ ဖမ်းမိမလိုလိုနှင့် လွတ်သွား သည်။ မျက်ခြည် ပြတ်သွားသည်။ ဤတွင် မင်းသမီးထံ ပြန်လာသည်။ မင်းသမီးသည် မင်းသားကို မြင်လျှင် ဈာန်တန်ခိုးဖြင့် ကောင်းကင်သို့ ပျံတက်လိုက်သည်။
"အရှင့်သား၊ သင့်ကြောင့် ငါသည်တရားအားထုတ်နိုင်ကာ ဈာန်ချမ်းသာကို ရှိသွားပြီ။ သင့်ကို ငါအလိုမရှိတော့ပြီ”
ဟုဆိုကာ ကောင်းကင်ခရီးဖြင့် အရပ်တစ်ပါးသို့ ငြိမ်းအေးစွာ ပျံသွားလေသည်။ မင်းသားမိုက် သည် နောင်တရကာ ကျန်ရစ် လေသတည်း။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ အသိတာဘူဇာတ်၃၄။ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း (နိဗ္ဗာန သစ္ဆိကိရိယာ စ)
|
နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ အောက်ပါ ပုံဝတ္ထုကို သာဓကတစ်ရပ်အဖြစ် တင်ပြပါသည်။
တစ်ရံရောအခါ သာဝတ္ထိမြို့တွင် ကုဋေလေးဆယ်ကြွယ်ဝသော သူဌေးကြီးတစ်ဦးရှိသည်။ သူ့တွင် ပဋာစာရီအမည်ရှိ သမီးပျိုတစ်ယောက်ရှိသည်။ ပဋာစာရီသည် ၁၆ နှစ်သမီးအရွယ်သို့ ရောက်သောအခါ မိမိအိမ်တွင် စေခိုင်းသော ကျွန်လုလင်ပျိုတစ်ဦးနှင့် ချစ်ကြိုက်မိသည်။ မိဘများကလည်း အမျိုးဇာတ်ချင်း၊ အဆင့်အတန်းချင်း တူမျှသော သတို့သားတစ်ယောက်နှင့် ထိမ်းမြားပေးရန် စီစဉ်ထား၏ ။ မင်္ဂလာဆောင်မည့် ရက်ကို သတ်မှတ်ထား၏ ။
ပဋာစာရီသည် မိဘတို့ ထိမ်းမြားပေးမည့် သတို့သားကို အလိုမရှိ။ မင်္ဂလာဆောင်ခါနီးတွင် ကျွန်လုလင်ပျိုနှင့်အတူ နေအိမ်မှ ထွက်ပြေးသွားသည်။ ရွာတစ်ရွာတွင် သူတို့နှစ်ဦး ပေါင်းသင်းနေထိုင်ကြသည်။ ဝမ်းရေးအတွက် ယောက်ျားဖြစ်သူသည် လယ်ထွန်ခြင်း၊ ဟင်းသီးဟင်းရွက် ရောင်းခြင်း စသည့်အလုပ်တို့ကို ကြိုးစားလုပ်ကိုင်သည်။
သူဌေးသမီးဖြစ်ခဲ့သော ပဋာစာရီကလည်း ရေခပ်ခြင်း၊ မောင်းထောင်းခြင်း၊ ထမင်းချက်ခြင်းတို့ကို ကျိုးနွံစွာ လုပ်ကိုင်သည်။ ဤသို့ နေထိုင်လာခဲ့ရာမှ ပဋာစာရီတွင် ကိုယ်ဝန် တည်လာလေသည်။
ကိုယ်ဝန်ရင့်လာသောအခါ ပဋာစာရီသည် မိဘထံသို့ ပြန်၍ မွေးဖွားရန် ယောက်ျားကို တောင်းပန်သည်။ ယောက်ျားက ပြန်သွားလျှင် နှိပ်စက်ခံရမည်စိုး၍ လိုက်မပို့ရဲပေ။ ပဋာစာရီသည် ယောကျ်ားမရှိခိုက်တွင် တိတ်တဆိတ်ထွက်သွားလေသည်။ ယောက်ျားလည်း အလုပ်မှပြန်လာသောအခါ အိမ်နီးချင်းများထံမှ ပဋာစာရီ ထွက်သွားကြောင်း သိရသည်။
ချက်ချင်းပင် ပဋာစာရီ နောက်ကို လိုက်သည်။ တောလမ်းတစ်နေရာတွင် တွေ့ဆုံကြသည်။ ယောကျ်ားက ပြန်ခေါ်သည်။ မရသဖြင့် မောင်နှံနှစ်ဦး ဆက်လက်သွားကြသည်။
မိဘများ အိမ် သို့မရောက်မီ တောထဲမှာပင် သားယောကျ်ားကလေး ဖွားမြင်သည်။ ဤတွင် ပဋာစာရီသည် မိဘများအိမ်သို့ ဆက်မသွားတော့။ ယောကျ်ားနှင့် အတူ ရွာသို့ပြန်လာသည်။
ဤသို့နေလာရာမှ ဒုတိယကလေး ကိုယ်ဝန်တည် လာပြန်သည်။ မွေးဖွာခါနီးသောအခါ ပဋာစာရီသည် ပထမအကြိမ် ကဲ့သို့ပင် မိဘအိမ်ပြန်၍ မွေးဖွားမည် ပြုပြန်သည်။ ယောကျ်ားကလည်း တားမြစ်သည်။ ဤတွင် ပထမအကြိမ်နည်းတူ မိဘအိမ်သို့ တိတ်တဆိတ် ထွက်သွားသည်။ ယောကျ်ားသိသောအခါ လိုက်၍ ခေါ်ပြန်သည်။ တောထဲ၌ ဆုံမိကြသည်။ ထိုစဉ် မိုးရွာလာသဖြင့် ယောကျ်ားသည် မိုးလုံသောနေရာတွင် ခိုလှုံရန်အတွက် ပဲခွပ်ဖြင့် ချုံများကို ရှင်းလင်းသည်။ ထိုစဉ် တောင်ပို့မှ မြွေ့တစ်ကောင်က ကိုက်လိုက်သည်။ ထိုနေရာမှာပင် ယောကျ်ားခမျာ လဲကျ သေဆုံးသွားရှာသည်။
ထိုအချိန်တွင် ပဋာစာရီသည် သားကြီးနှင့်အတူ ယောကျ်ားကို စောင့်မျှော်နေရာမှ သားငယ်ကို ဖွားမြင်သည်။ ပဋာစာရီသည် မိုးဒဏ်လေဒဏ်ကို ကြံ့ကြံ့ခံလျက် ကလေးနှစ်ယောက်က ရင်ခွင်အောက်မှာ ထားသည်။ တစ်ညလုံး လေးဖက်ထောက်၍ နေခဲ့ရရှာသည်။
နံနက်လင်းသော် သူတို့သားအမိသည် ခြေရာခံ၍ ယောကျ်ားကို လိုက်ရှာကြသည်။ မကြာမီပင် တစ်နေရာ၌ ယောကျ်ားသေဆုံးနေသည်ကို တွေ့ရသည်။ ပဋာစာရီသည် စိတ်ထိခိုက်မဆုံး ဖြစ်ရှာသည်။ သို့သော် မတတ်နိုင်။ အားတင်းလိုက်သည်။ သားငယ်ကို ပိုက်လျက် သားကြီးကို လက်တွဲကာ တရွေ့ရွေ့ ထွက်ခွာလာခဲ့သည်။
အတန်ကြာသော် အစိရဝတီမြစ်ကမ်းပါးသို့ ရောက်လာကြသည်။ ညက ရွာထားသော မိုးကြောင့် မြစ်ရေမှာ ရင်စို့လောက် ရှိနေသည်။ တသွင်သွင်စီးဆင်းနေသည်။ ပဋာစာရီသည် သားနှစ်ယောက်နှင့် အတူ မြစ်ကိုကူးရန် မလွယ်သဖြင့် သားကြီးကို သည်မှာဘက်ကမ်း၌ ထားခဲ့သည်။ သားငယ်ကို ပွေ့ချီကာ ဟိုမှာဘက်ကမ်းသို့ ကူးဖြတ်သည်။ ရောက်သော် ဟိုမှာဘက်ကမ်း တစ်နေရာ၌ သားငယ်ကို သိပ်ထားပြီးလျှင် သားကြီးကိုခေါ်ရန် ပြန်လာသည်။
ပဋာစာရီ မြစ်လယ်အရောက်တွင် စွန်ရဲကြီးတစ်ကောင်က ဖွားသစ်စ သားငယ်ကို သားတစ်ထင်မှတ်ကာ သုတ်ချီသွားသည်။ ပဋာစာရီသည် စွန်ကြီးကို အော်ဟစ်ခြောက်လှန့်သည်။ စွန်ကြီးက သားငယ်ကို သုတ်ချီသွားလေပြီ။ သို့ရာတွင် တစ်ဖက်ကမ်းရှိ သားကြီး မိမိကို မိခင် လှမ်းခေါ်သည်ဟု ထင်မှတ်သွားသည်။ ရေထဲသို့ ဆင်းလာရာ ရေနစ်သေဆုံးသွားရှာတော့သည်။
ပဋာစာရီသည် သောက မီးတောက်ကာ အရူးပမာဖြစ်သွားသည်။ အော်ဟစ်ငိုကြွေးရင်းမိဘများရှိရာ သာတ္ထိမြို့သို့ လာခဲ့သည်။ လမ်းတွင် ခရီးသွား ယောက်ျားတစ်ယောက်နှင့် တွေ့ဆုံသည်။ မိဘများအကြောင်း မေးကြည့်သည်။ ထိုယောကျ်ားက ညက လေကြီးမိုးကြီးကျရာတွင် တိုက်ပြိုသဖြင့် ပဋာစာရီ၏ မိဘနှစ်ပါးနှင့်တကွ မောင် ပါ သေဆုံးသွားကြောင်း ပြောပြသည်။
ပဋာစာရီမှာ စိတ်မထိန်းနိုင်ဘဲ သတိလက်လွတ် ဖြစ်သွားသည်။ ကိုယ်တွင် အဝတ်အစားမရှိ ငိုကြွေးလျက် အရပ်တကာ လှည့်လည်သွားသည်။ တချို့က အရူးမဟုဆိုကာ ခဲနှင့် ပစ်ပေါက်ကြသည်။ နောက်ဆုံးတွင် ပဋာစာရီသည် ဗုဒ္ဓဘုရားရှင်၏ ဇေတဝန်ကျောင်း ဝင်းထဲသို့ ရောက်သွားသည်။ ဗုဒ္ဓဘုရားရှင်ကို တွေ့သည်။ ဘုရားရှင်က ပဋာစာရီအား အပူငြိမ်းအောင် တရားဟောပြောဆုံးမသည်။ တရားအဆုံး၌ ပဋာစာရီသည် သောကများကင်းဝေးကာ သောတာပန် ဖြစ်သွားသည်။
ထို့နောက် ပဋာစာရီသည် ဘိက္ခုနီမများထံသွား၍ ရဟန်းမပြုသည်။ ဘုရားရှင် အဆုံးအမအတိုင်း ကြိုးစား၍ တရားအားထုတ်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြု၍ ရဟန္တာမ ဖြစ်သွားလေသည်။ အရှင်မပဋာစာရီသည် ဘုရားရှင် ပညတ်တော်မူသည့် ဝိနည်းသိက္ခာပုဒ်များကို ကျင့်ဆောင်ရာတွင် အထူးချွန်ဆုံးဖြစ်သည်။ ထို့ကြောင့် ဝိနည်းဆောင် ဘိက္ခုနီရဟန်းမတို့တွင် အမြင့်မြတ်ဆုံးသော ဧတဒဂ်ဘွဲ့ထူးကို ရရှိလေသည်။
ကျမ်းကိုး ။ ။ ဓမ္မပဒ၃၃။ သစ္စာလေးပါးတရားတို့ကို သိခြင်း (အရိယသစ္စာန ဒဿနံ)
|
သစ္စာလေးပါးတရားတို့ကို သိမြင်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။ အောက်ပါ ဇာတ်တော်ကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
ရှေးသရောအခါ သာဝတ္ထိပြည်တွင် သူဌေးသမီး တစ်ဦးရှိသည်။ 'ကိသာဂေါတမီ' ဟု အမည်ရှိသည်။ အရွယ်ရောက်သောအခါ မိဘများ ဆင်းရဲသွားသဖြင့် နွမ်းပါးသောဘဝသို့ ရောက်ရှိသွားရရှာသည်။ ထိုအချိန်တွင် သာဝတ္ထိပြည်ရှိ သူဌေးကြီးတစ်ဦးသည်လည်း သူ၏ ပိုင်ဆိုင်သောရွှေများ အားလုံး မီးသွေးဖြစ်ကာ ဆင်းရဲသွားရှာသည်။ ထိုအခါ မိတ်ဆွေတစ်ဦးက -
စိတ်မပျက်ပါနှင့်၊ ဘုန်းကံရှိသူနှင့်တွေ့လျှင် သင်၏ မီးသွေးများကို လက်နှင့် ထိရုံဖြင့် ရွှေများပြန်ဖြစ်သွားနိုင်ပါသည်”
ဟု အားပေးစကားပြောဆိုသည်။
သူဌေးကြီးသည် ထိုသူ၏ စကား ကို ယုံကြည်ကာ ထိုမီးသွေးများကို ဈေးတွင် ဆိုင်ခင်း၍ ရောင်းချသည်။ တစ်နေ့သ၌ ကိသာဂေါတမီသည် ဈေးသို့ သွားသည်။
သူဌေးဟောင်းဆိုင်မှ မီးသွေးများကို ကြည့်ကာ -
"ဤရွှေများကုန်အောင် ဘယ်သူဝယ်နိုင်ပါမည်နည်း”
ဟု မေးမြန်း၏ ။ ထိုအခါ သူဌေးဟောင်းသည် -
"ဘုန်းကံရှိသူ တွေ့ရပြီ”
ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။
မိမိ၏ သားကြီးနှင့် ကိသာဂေါတမီကို ထိမ်းမြားပေးသည်။ ကိသာဂေါတမီ၏ လက်နှင့်ထိသော မီးသွေးများအားလုံးသည် လည်း ရွှေစင်အတိသို့ ပြန်၍ ရောက်သွားလေသည်။
ကိသာဂေါတမီသည် ယောက္ခမသူဌဌေးကြီး အိမ်မှာပင် နေထိုင်သည်။ ယောက္ခမ သူဌေးကတော်ကြီးမှာ ရက်စက် ကြမ်းကြုတ်သူဖြစ်သည်။ ထို့ကြောင့် ကိသာဂေါတမီမှာ စိတ်မချမ်းမသာ ဖြစ်ရရှာသည်။ ဤသို့ နေလာရာမှ ကာလအတန်ကြာသော် သားတစ်ယောက် ဖွားမြင်သည်။ ကံဆိုးရှာသဖြင့် သားကလေး သုံးလေးနှစ်အရွယ်တွင် ကွယ်လွန်သွားသည်။
ကိသာဂေါတမီမှာ ရူးမတတ် သောကရောက်ရှာသည်။ သားသေကို ရင်ခွင်၌ပိုက်လျက် 'အသက်ရှင်အောင် ကုစားပေးပါ' ဟူ၍ လူတကာကို လိုက်လံငိုယိုတောင်းပန်၏ ။ ဤတွင် ပညာရှိတစ်ယောက်က -
"ချစ်သမီး ငါ တို့ကား သင့်သား ပြန်ရှင်လာအောင် ကုသနိုင်သော ဆေးကို မသိပါ။ သို့ရာတွင် ဂေါတမဘုရားရှင်ကား ဤဆေးကို သိတော်မူပါသည်။ ဘုရားရှင်ထံ သွားပါလော့”
ဟု လမ်းညွှန်လိုက်သည်။
ကိသာဂေါတမီသည် ဘုရားရှင်ထံ သွားရောက်သည်။ သားအသက် ပြန်ရှင်နိုင်မည့် ဆေးကို တောင်းသည်။ ဘုရားရှင်က -
"သင့်သားအတွက် ဆေားဖော်စပ်ရန် လူမသေဖူးသောအိမ်မှ မုန်ညင်းစေ့တစ်ဆုပ်မျှ တောင်းခဲ့လေ”
ဟု ဉာဏ်တော်ဖြင့် ဆင်ခြင်၍ မိန့်တော်မူလိုက်သည်။
ကိသာဂေါတမီသည် လူမသေဖူးသောအိမ်ကို သာဝတ္ထိမြို့တော် အနံ့ လိုက်ရှာသည်။ လူမသေဖူးသော အိမ်ဟူ၍ မရှိ။ ရှာဖွေ၍ မရပေ။
ဤတွင်မှ ကိသာဂေါတမီသည် သေခြင်းတရားသည် လူတိုင်းနှင့် မကင်းနိုင်ကြောင်း သဘော ပေါက်သွားသည်။ သားသေကို တောတွင် စွန့်ပစ်ခဲ့၍ ဘုရားရှင်ထံ ပြန်လာသည်။ ဘုရားရှင်က တရားဟောရာ ကိသာဂေါတမီသည် စိတ်ငြိမ်း အေးသွားသည်။ သောတာပန်ဖြစ်၍ ရဟန်းမ ပြုလေသည်။
ကိသာဂေါ တမီသည် ဝိပဿနာတရား ပွားများရာမှ သစ္စာတရားကို သိမြင်ကာ ရဟန္တာမ ဖြစ်သွားသည်။ ရဟန္တာမ ဖြစ်ရာတွင် ကောင်းမွန်သော သင်္ကန်းကို မတပ်မက်၊ ပံ့သကူသင်္ကန်းကိုသာ ခြိုးခြံ ဝတ်ဆင်သည်။ ထို့ကြောင့် မြတ်စွာဘု ရားက ကိသာဂေါတမီအား -
“ခေါင်းပါးသောသင်္ကန်း ကိုဆောင်သော ရဟန္တာမတို့တွင် ကိသာဂေါတမီသည် အမြတ်ဆုံးဖြစ်သည်”
ဟူ၍ ချိုးကျူးတော်မူကာ 'လူခစီဝရဓာရဏ' ဧတဒဂ် ဘွဲ့ထူးကို နှင်းအပ်ခဲ့ပေသည်။
ကျမ်းကိုး ။ ။ ဓမ္မပဒ၃၂။ မြတ်သောအကျင့်ကို ကျင့်ခြင်း (ဗြဟ္မစရိယဉ္စ)
|
မြတ်သောအကျင့ကို ကျင့်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ အောက်ပါပုံဝတ္ထုကို သာဓကတစ်ရပ်အဖြစ် တင်ပြပါသည်။
တစ်ရံရောအခါ ပုဏ္ဏားရွာတစ်ရွာ၌ ကဿပ အနွယ်ဝင် သူဌေးပုဏ္ဏား လင်မယားရှိ၏ ။ သူတို့တွင် ပိပ္ပလိအမည်ရှိ သားတစ်ယောက် ထွန်းကားသည်။ ထိုသားသည် ရုပ်ရည် ချောမော လှပတင့်တယ်သည်။ အသက်နှစ်ဆယ် အရွယ်သို့ ရောက်သောအခါ မိဘတို့က သားကို အိမ်ထောင်ချထား ပေးမည်ပြု၏။ ထိုအခါ ပိပ္ပလိလုလင်က ငြင်းဆန်သည်။ အိမ်ထောင် မပြုလိုကြောင်း၊ မိဘတို့ကိုသာ လုပ်ကျွေး ပြုစုလိုကြောင်း၊ မိဘတို့ လွန်သောအခါ ရသေ့၊ ရဟန်း ပြုလိုကြောင်း ပြောဆိုသည်။
မိဘတို့သည် သား၏ ပြောဆိုချက်ကို မနှစ်သက်ကြ။ အိမ်ထောင်ပြုရန်သာ တိုက်တွန်းကြ၏ ။ ထိုအခါ ပိပ္ပလိလုလင် သည် မိဘတို့ ထပ်မံတိုက်တွန်းခြင်းမပြုနိုင်ရန် ကြံစည်၏။ သူသည် အလွန်ချောမွေ့သော မိန်းမရုပ်ကို ရွှေ့ဖြင့်သွန်းလုပ်၏ ။ အဝတ်တန်ဆာတို့ကို ဆင်ယင်ပေး၏ ။
ထို့နောက် ထိုရုပ်ကို မိဘတို့အားပြ၏ ။
“မိခင်၊ ဖခင်တို့ ဤရွေ့ရုပ်၏ အသွင်အပြင်နှင့် တူသော မိန်းမကို ရလျှင် သားမောင် အိမ်ထောင်ပြုပါတော့မည်”
ဟု ဆို၏။
မိဘတို့ကလည်း ဤရွှေ့ရုပ်ကဲ့သို့လှသော မိန်းမမျိုးကို ရှာဖွေစေမည်ဟုဆိုကာ ပုဏ္ဏားရှစ်ယောက်ကို လွှတ်လိုက်သည်။ ပုဏ္ဏားတို့လည်း ရွေရုပ်ကို ရထားထက်၌တင်၍ လက်ဆောင်ပဏ္ဏာများဆောင်ယူကာ အမြို့မြို့သို့ လှည့်လည် ရှာဖွေကြသည်။ သူတို့သည် သာဂလမြို့သို့ ရောက်သောအခါ ရွေရုပ်နှင့်တူသော မိန်းမပျိုကို ရှာဖွေတွေ့ ရှိကြသည်။ ထိုမိန်းမပျိုသည် ကောသိယအနွယ် ဖြစ်သော သူဌေးပုဏ္ဏား၏ သမီး ဘဒ္ဒါကာပိလာနီ ဖြစ်သည်။
ပုဏ္ဏားတို့သည် မိန်းမပျို၏ မိဘတို့ထံ လက်ဆောင်ပဏ္ဏာနှင့်တကွ ရွှေ့ရုပ်ကို အပ်နှင်းသည်။ အကြောင်းစုံပြောပြ၍ သတို့သမီးကို တောင်းခံသည်။ မိဘတို့ ကလည်း ဝမ်းမြောက်ဝမ်းသာ သဘောတူကြသည်။ ထိုအကြောင်းကို ပိပ္ပလိလုလင် ကြားသိရသောအခါ ရွှေပေဖြင့် သဝဏ်လွှာရေး၍ ဘဒ္ဒါကာပိလာနီထံ ပို့၏ သဝဏ်လွှာအတွင်း၌ ဘဒ္ဒါ ကာပိလာနီကို မိမိမယူလိုကြောင်း မကြာမီ ရဟန်းပြုရန် ရည်ရွယ်ချက် ထားရှိကြောင်း ရေးသားဖော်ပြထားသည်။
အလားတူပင် ဘဒ္ဒါကာပိလာနီကလည်း လက်ထပ်ထိမ်းမြားခြင်း မပြုလိုကြောင်း ပိပ္ပလိထံ စာသဝဏ်လွာပေးပို့သည်။ စာ သဝဏ်လွှာကို ဆောင်ယူသူ လုလင်တို့သည် လမ်းတွင် ဆုံမိကြသည်။ နှစ်ဦးသဘောတူ စာသဝဏ်လွှာကို ဖွင့်ဖတ်ကြ၏ ဟို သူတို့သည် မောင်နှံနှစ်ဦးဖူးစာဆုံစေလိုသဖြင့် 'ချစ်ခင်လိုကြောင်း' ဟုပြင်၍ ရေးကာ ပေးပို့ကြသည်။ ဤသို့ဖြင့် မောင်နှံနှစ်ဦး အလိုမတူဘဲ လက်ထပ်ထိမ်းမြား ဖြစ်သွား၏ ။ သူတို့နှစ်ဦးသည် အကြင်လင်မယား ဘဝသို့ ရောက်ရသော်လည်း လင်မယားကဲ့သို့ မနေထိုင်၊ ဖြူစင်သန့်ရှင်းစွာဖြင့် မောင်နှမရင်းချာကဲ့သို့ သာ နေထိုင်ကြ၏ ။
ဤသို့နေလာကြရာမှ ကာလကြာသောအခါ မိဘတို့ ကွယ်လွန်သွားကြ၏ ။ မိဘများထံမှ အမွေအနှစ် မြောက်မြားစွာ ရရှိကြ၏။ သို့ရာတွင် နှစ်ဦးစလုံးပင် ဥစ္စာတို့ကို အလိုမရှိကြ။ ဆွေးနွေးတိုင်ပင်ပြီးလျှင် ဥစ္စာအားလုံးကို လှူဒါန်းစွန့်ကြဲ ပေးကမ်း လိုက်ကြသည်။
ထို့နောက် ဖန်ရည်စွန်းသောအဝတ်ကို ဝတ်၍ ဆံပင်ကို ဖြတ်တောက်ကြကာ ရွာမှ ထွက်လာခဲ့ကြ၏ ။ လမ်းခွဲတစ်ခုသို့ ရောက်သောအခါ 'ဤနေရာမှ ခွဲခွာကြမှသင့်မည်' ဟူ၍ တိုင်ပင်ကာ တစ်ယောက်တစ်လမ်း ထွက်ခွာသွားကြလေသည်။
ပိပ္ပလိလုလင်သည် ဗုဒ္ဓဘုရားရှင်ထံတော်မှောက်သို့ ရောက်၍ ရဟန်းပြုသည်။ ရဟန်းတရားကို ကြိုးစားအားထုတ်သည်။ ခုနစ်ရက်လွန်၍ ရှစ်ရက်မြောက်သောနေ့တွင် ရဟန္တာဖြစ်သွားလေသည်။ 'အရှင်မဟာကဿပ မထေရ်' ဟူသော ဘွဲ့တော်ဖြင့် ထင်ရှားလာသည်။
ဘဒ္ဒါကာပိလာနီသည်လည်း နောက်ဆုံးတွင် ဘိက္ခုနီမ ပြုခွင့်ရသွားသည်။ တရားကို ကြိုးစားအားထုတ်ပြီး ရဟန္တာမ ဖြစ်သွားလေသည်။ 'ဘဒ္ဒါကာပိလာနီထေရီ' ဟူသော ဘွဲ့တော်ဖြင့် ထင်ရှားလာလေသည်။
ကျမ်းကိုး ။ ။ အင်္ဂုတ္တိုရ်အဋ္ဌကထာ။၃၁။ ခြိုးခြံခြင်း (တပေါ စ)
|
ခြိုးခြံခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွား ချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။ အောက်ပါ ဇာတ်တော်ကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ကုဋေရှစ်ဆယ် ကြွယ်ဝသော ဗြဟ္မဏသူဌေးလင်မယား နှစ်ယောက်ရှိ၏ ။ သူတို့တွင် 'အကိတ္တိ' အမည်ရှိသော သားတစ်ယောက်နှင့် 'ယသဝတီ' အမည်ရှိသော သမီးတစ်ယောက် ရှိသည်။
အကိတ္တိသည် အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်သို့သွား၍ ပညာဆည်းပူးသည်။ ပညာများ တတ်မြောက်သောအခါ မိဘတို့ထံပြန်လာသည်။ နှစ်အတန်ကြာသောအခါ မိဘနှစ်ပါး ကွယ်လွန် သွားသည်။ များပြားလှသော ဥစ္စာပစ္စည်းများကို အကိတ္တိတို့ မောင်နှမ ရရှိကြသည်။ သို့ရာတွင် အကိတ္တိက ဥစ္စာတို့ကို မယူ။ ရသေ့ရဟန်းပြုမည်ဟုဆိုလျက် နှမငယ်အား ပစ္စည်းဥစ္စာအား လုံးကို ပေးအပ်သည်။ နှမငယ်ကလည်း မယူပေ။
“မောင်ကြီး ကျွန်မသည် မောင်ကြီးစွန့်ပစ်သော တံတွေးကို ဦးခေါင်းဖြင့် မခံလိုပါ။ ဥစ္စာကို အလိုမရှိပါ။ မောင်ကြီးနှင့်အတူ ရသေ့အဖြစ် ခံယူနေထိုင်လိုပါသည်”
ဟူ၍ ဆိုသည်။
သို့ဖြင့် သူတို့မောင်နှမသည် ရှိသမျှဥစ္စာတို့ကို လှူဒါန်းစွန့်ကြဲပြီးလျှင် ဗာရာဏသီပြည်မှ ထွက်ခဲ့ကြသည်။ သုံးယူဇနာ ကွာဝေးသော တောအရပ်တွင် ကျောင်းသင်္ခမ်းဆောက်၍ ရသေ့ရဟန်းပြုကာ နေထိုင်ကြသည်။
အကိတ္တိရသေ့ကို ကြည်ညိုသဖြင့် လူအများပင် ရသေ့ပြုလာကြ၏ ။ အခြအရံများလာ၏။ လာဘ် ပူဇော်မှုလည်း များလာ၏။ ထိုအခါ အကိတ္တိရသေ့သည် မနှစ်မြို့။ နှမငယ်ကိုပင် အသိမပေး။ တစ်ကိုယ်တည်း ထွက်ခဲ့ပြီးလျှင် ဥယျာဉ်တစ်ခု တစ်ပါးတည်းနေထိုင်၏ ။ တရားကို ကြိုးစား အားထုတ်၏။ ဈာန်ရ ရသေ့အဖြစ်သို့ ရောက်ရှိသွား၏ ။
ထိုအခါ လူအများရောက်လာကြပြီး ပူဇော်ကြပြန်၏ ။ လာဘ်လာဘတို့ ပေါများလာပြန်၏ ။ အကိတ္တိရသေ့ မနှစ်မြို့နိုင်ပြန်။ ထိုနေရာမှ ဖယ်ခွာ၍ လူသူဝေးသော ကျွန်းတစ်ကျွန်းသို့ သွားရောက်နေထိုင်၏။ ထိုကျွန်းရှိ ကံပြင်းပင်ကြီးကို အမှီပြုလျက် ကျောင်းဆောက်၍ တစ်ပါးတည်းနေထိုင်၏ ။
အကိတ္တိရသေ့သည် အလွန်ခြိုးခြံစွာ နေထိုင်၏။ ကံပြင်းပင်ကြီး အသီးသီးသောအခါ အသီးကိုစား၏ ။ အသီးမရှိသောအခါ အရွက်ကို ပြုတ်၍ စား၏။ အစာကို ခြိုးခြဲစားရုံမျှမက အအိပ်အနေကိုလည်း ခြိုးခြံ၏ ။ တရားကိုသာ အထူးကြိုးစား အားထုတ်သည်။
ထိုအခါ သိကြားမင်းသည် အကိတ္တိရသေ့ကို စူးစမ်းရန် ပုဏ္ဏားအသွင်ဖန်ဆင်း၍ လာရောက်အလှူခံ၏ ။ အကိတ္တိရသေ့လည်း မိမိ၌ ရှိသော ကံပြင်းရွက်ပြုတ်ကို မစားတော့ဘဲ လှူလိုက်လေသည်။
ဤသို့လျှင် သိကြားမင်းသည် သုံးရက်တိုင်တိုင်လာ၍ သုံးကြိမ် အလှူခံ၏။ အကိတ္တိကလည်း ရှေးနည်းအတိုင်းလှူ၍ အစာမစားဘဲ ခြိုးခြံနေထိုင်၏။ သုံးရက်မြောက်သောအခါ သိကြားမင်းသည် ကိုယ်ထင်ပြလျက် မည်သည်အရာကို တောင့်တ၍ ဤသို့ လှူပါသနည်းဟု မေးမြန်း၏ ။
အကိတ္တိက -
“ငါသည် နတ်စည်းစိမ်၊ သိကြားစည်းစိမ်ကိုမလို။ ဘုရားအဖြစ်ကိုသာ လိုသဖြင့် ဤသို့လှူ၍ ဤသို့ ခြိုးခြံစွာနေထိုင်ကာ တရားအားထုတ် နေခြင်းဖြစ်သည်” ဟု ပြန်ပြော၏။
ထိုစကားကိုကြားလျှင် သိကြားမင်းသည် အလွန် ကြည်ညိုလှသဖြင့် လိုရာဆုကို ပေးမည်ဟုဆို၏ ထိုအခါ အကိတ္တိက လက်မခံ။
“ဆု ကိုလက်ခံပါ က လောဘ၊ ဒေါသစသည်တို့ ပွားတော့မည်။ သင် သိကြားမင်းကဲ့သို့သော နတ်၏ အဆင်းကို မြင်နေရလျှင်လည်း ငါ့ တွင် ခြိုးခြဲမှုအကျင့်တွေ လျော့ပါး လာတော့မည်။ ငါ့ ထံသို့ သင်မလာရန်သာ ငါတောင်းဆိုပါ၏”
ဟုဆို၏။ သိကြားမင်းလည်း -
“ရှင်ရသေ့ ကောင်းလှပါပြီ။ ရှင်ရသေ့ထံ မလာတော့ပါ”
ဟု ဝန်ခံ၍ ရိုသေစွာ ရှိခိုးကန်တော့၏ ။ ထို့နောက် မိမိနေရာ တာဝတိံသာသို့ ပြန်သွားလေသည်။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ အကိတ္တိဇာတ်။၃၀။ သင့်လျော်သောအခါ တရားဆွေးနွေးခြင်း (ကာလေန ဓမ္မသာကစ္ဆာ)
|
သင့်လျော်သောအခါ တရားဆွေးနွေးခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်။ အောက်ပါ ဖြစ်ရပ်ကို သာဓကအဖြစ် တင်ပြပါသည်။
တစ်ခါသော် အမတ်ကြီးဘိုးရာဇာနှင့် အမတ်ကြီးသီဟပတေ့တို့သည် သစ်ကညင်ဟူသော အရပ်တွင် တွေ့ဆုံ၍ စကားပြောဆို ဆွေးနွေးကြသည်။ ဘိုးရာဇာသည် အင်းဝ ဘုရင်မင်းခေါင်၏ အမတ်ပညာရှိဖြစ်သည်။ သီဟပတေ့သည် ဟံသာဝတီဘုရင် ရာဇာဓိရာဇ်၏ အမတ်ပညာရှိဖြစ်သည်။
အမတ်ပညာရှိနှစ်ပါး တွေ့ဆုံ စကားဆိုကြသဖြင့် နှစ်ဖက်ပရိသတ်တို့ သွားရောက် နားထောင်ကြသည်။ နှစ်ပါး တွေ့ကြသော် အမတ်ကြီးသီဟပတေ့သည် ဘိုးရာဇာအောက် အသက်ငယ်သဖြင့် နိမ့်သောနေရာတွင် ထိုင်သည်။ ဘိုးရာဇာကို မြင့်သော နေရာကို ပေးသည်။ ထိုအခါ ဘိုးရာဇာက ဝင့်ကြွားခြင်းမပြု။
"ရှေးအခါ က ကေဝဋ်ပုဏ္ဏားနှင့် မဟော်သဓာတို့ စစ်ထိုးသောအခါနှင့် အလားတူ၏ "
ဟုဆို၏။
မဟော်သဓာသည် အသက်ငယ်သဖြင့် အနိမ့်တွင် နေခဲ့သည်။ ဘိုးရာဇာက သီဟပတေ့အား ဘုရားလောင်း မဟော်သဓာနှင့် နှိုင်းဆိုသည်။ မိမိကိုယ်ကိုမူကား ကေဝဋ်ပုဏ္ဏားနှင့်နှိုင်း၍ နှိမ့်ချစွာဆိုလေသည်။ သီဟပတေ့လည်း ဘိုးရာဇာကို လေးစားကြည်ညိုသွားသည်။ ပညာရှိ အမတ်ကြီးနှစ်ပါးသည် လေးစားကြည်ညိုဖွယ်စကားကို ဆွေးနွေးပြောဆိုကြသည်။ ဘိုးရာဇာက -
“အမတ်ကြီး သီဟပတေ့ ငါတို့နှစ်ပါး ပြည်ထဲရေးကို ဆိုကြရာတွင် ပညာရှိတို့ကဲ့သို့ ဆိုမည်လော၊ သို့မဟုတ် မှူးမတ်တို့ ကဲ့သို့ ဆိုမည်လော”
ဟု မေး၏။ သီဟပတေ့က -
“အဘိုးရာဇာ၊ ထိုအကြောင်းကို ရှင်းပြပါ”
ဟု မေး၏။ ဘိုးရာဇာက -
ပညာရှိတို့ဆိုခြင်းကား ဟုတ်မှန်လျှင်လည်း ဟုတ်မှန်သည်ဟု အကြည်အသာဆို၏။ မဟုတ်မမှန်လျှင်လည်း မဟုတ်မမှန်ဟု အကြည်အသာ ဝန်ခံ၏ ။ မှူးမတ်တို့ဆိုခြင်းကား အလိုနှင့်ညီသော် ဝမ်းမြောက် ဝမ်းသာရှိ၏။ အလိုနှင့် မညီသော စောင်းမာန်ခိုက်ရန်ဖြစ်၏” ဟု ဆို၏။ သီဟပတေ့က -
“အဘိုးရာဇာ၊ ပညာရှိတို့ဆိုခြင်းကိုသာ ဆိုချင်ပါ၏”
ဟူ၍ ဆို၏။
ဤသို့ ဆိုပြီးလျှင် ပညာရှိနှစ်ပါးတို့သည် ပညာရှိတို့ ဆိုခြင်းဖြင့် သာဆို ကြသည်။ ထို့နောက် သီဟပတေ့သည် ကြံဖြူကို ဘိုးရာဇာအား ရိုသေစွာပေး၏ ။ ဘိုးရာဇာသည် ကြံဖြူကိုယူ၍ သုံးဆောင်သည်။ သုံးဆောင်ရာ၌ နီတိကျမ်းအလိုအရ အဖျားမှစ၍ အရင်းအထိ တရွေ့ရွေ့ အရသာခံကာ သုံးဆောင်သည်။ ဤတွင် သီဟပတေ့က -
"အဘိုးရာဇာ၊ အတုမရှိသောပညာရှိ ဖြစ်ပါလျက် အဘယ်ကြောင့် ကြံကို အဖျားကစ၍ စားဘိသနည်း”
ဟု မေး၏။ ဘိုးရာဇာက -
“အမတ်ကြီး သီဟပတေ့ ငါသည် နီတိကျမ်းကိုမှီ၍ အရသာကို တရွေ့ရွေ့တိုး၍ ခံကာ စားသုံးသည်”
ဟုဆို၏။ ထိုအခါ သီဟပတေ့က -
"အဘိုးရာဇာ၊ ဘုရားတရားတော်သည် ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင် ခန္ဓာတရားသည် အနိစ္စ ဖြစ်သည်ဟု ဆိုပါသည်။
အဘယ်ကြောင့် ကြံကို အဖျားကစ၍ အရသာခံကာ စားပါသနည်း။ အရသာ ကောင်းတည်ရာ ကြံအရင်းသို့ မရောက်မီ အနိစ္စ ဖြစ်ပါမူ အရသာကောင်းကို မမှီဝဲရရှိတော့မည် မဟုတ်ပါလော”
ဟု ဆို၏။ ထိုအခါ ဘိုးရာဇာက စကားနိုင်မဆို။
“အမတ်ကြီး ငါသည် လူတို့ သုံးစွဲရိုး နီတိကျမ်းကိုလိုက်၍ စားသည်။ သင်သော်ကား ဘုရားတရားတော်ကို လိုက်၍ဆိုသည်။ ငါ့စကားထက် သင့် စကားက သင့်လှပေသည်”
ဟူ၍ ချီးကျူးပြောဆိုသည်။ အမတ်ကြီး သီဟပတေ့လည်း -
“သြော် ငါကား အတုမရှိ ပညာရှိသူ သူတော်ကောင်းကို တွေရပေသည် တကား”
ဟု နှစ်လိုဝမ်းမြောက်စွာ ဆို၏။
မိမိစားသော ရွှေကွမ်းအုပ်ကို ကွမ်းနှင့်တကွ အဘိုးရာဇာကို ပေးအပ်ပူဇော်၍ ဦးခိုက်၏။
"အဘိုးရာဇာ၊ ပညာရှိအများပင် မိမိဆိုသော စကားသာ မှန်သည်ဟု ဆိုလေ့ရှိသည်။ သူ့စကားကို ပယ်လေ့ရှိသည်။အရှုံးခံသောသူကား နည်းလှသည်။ အဘိုးရာဇာကား ပညာရှိရုံ သာမက သူတော်ကောင်းလည်း ပီသလှသည်။ အဘိုးရာဇာနှင့်တူသော သူကို အကျွန်ုပ် အလွန်တွေ့ရခဲ၏ "
ဟူ၍ ဆို၏။
ဤသို့ ပင်လျှင် ပညာရှိနှစ်ပါးသည် ပညာရှိသူတော်ကောင်းထုံးကို နှလုံးမူကာ ချစ်ကြည်စွာ ပြောဆိုဆွေးနွေးရာ ပရိသတ်တို့ ဝမ်းသာကြည်နူးမဆုံး ရှိကြသည်။
ကျမ်းကိုး ။ ။ မဏိရတနာပုံကျမ်း (သျှင်စန္ဒလင်္ကာ)၂၉။ ရဟန်းသူမြတ်တို့ကို ဖူးမြော်ရခြင်း (သမဏာနဉ္စ ဒဿနံ)
|
ရဟန်းသူမြတ်တိုကို့ ဖူးမြော်ရခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်။ အောက်ပါ ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြပါသည်။
ရှေးသရောအခါ အလ္လကပ္ပအမည်ရှိသောတိုင်းဝယ် ကူးစက်တတ်သော ရောဂါကြီးတစ်မျိုးဖြစ်ပွားသည်။ ဆေးကု၍မရ။ လူအများသေကျေ ပျက်စီးကြသည်။ ယောကျ်ားတစ်ယောက်သည် ကြောက်ရွံ့လှသဖြင့် ဇနီးနှင့်သားငယ်ကို ခေါ်ယူကာ တခြားတိုင်းတစ်တိုင်းသို့ ထွက်ပြေးသည်။
လမ်းခရီးတွင် အခက်အခဲအမျိုးမျိုးကို ကျော်လွန်ပြီးနောက် ညနေချမ်းအချိန်၌ နွားကျောင်းသား တဲတစ်ခုသို့ ရောက်သွားကြသည်။ နွားကျောင်းသားသည် သူတို့သုံးယောက်ကို မြင်လျှင် ကရုဏာဖြစ်မိသည်။ ထို့ကြောင့် ကောင်းစွာ လက်ခံကျွေးမွေးသည်။
ယောကျ်ားဖြစ်သူသည် အလွန် ဆာလောင်မွတ်သိပ်လှသဖြင့် အလွန်အကြူး စားသောက်သည်။ ဤတွင် အစာမကြေရောဂါ ရကာ ထိုည လွန်သောအခါ သေဆုံးသွားလေသည်။ သူသည် သေခါနီးဝယ် စိတ်စွဲလမ်းသဖြင့် နွားကျောင်းသားတဲ ရှိ ခွေးမ၏ဝမ်း၌ ပဋိသန္ဓေ ယူလေသည်။ ခွေးမသည် လစေ့သော် သားငယ်ကို ဖွား၏ ။ နွား ကျောင်းသားက ထိုခွေးငယ်ကို ချစ်ခင်သဖြင့် အစာကောင်းစွာ ကျွေးသည်။ မိမိသွားလေရာသို့ အတူ ခေါ်ဆောင်သွားလေ့ရှိသည်။
တစ်နေ့သ၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါးသည် နွားကျောင်းသားထံ ဆွမ်းခံကြွရောက်လာသည်။ နွားကျောင်းသားက ဆွမ်းကပ်လှူသည်။ ကြည်ညိုလှသဖြင့် မနီးမဝေးတွင် တစ်ဝါတွင်း သီတင်းသုံးတော်မူပါရန် တောင်းပန်သည်။ ဆွမ်းကိုလည်း မိမိကပင် တာဝန်ယူလှူဒါန်းလိုပါ ကြောင်း လျှောက်ထားသည်။ အရှင်မြတ်လည်း လက်ခံတော်မူသည်။ တဲနှင့်မနီးမဝေး တောအုပ်တစ်ခု၌ သီတင်းသုံးနေ ထိုင်တော်မူသည်။ နွားကျောင်းသားသည် အရှင်မြတ်ထံသို့သွားလျှုင် ခွေးကို ခေါ်ဆောင်သွားတတ်သည်။ ခွေးငယ်သည် လိမ္မာလှသည်။ လမ်းကိုကောင်းစွာ သိနေသည်။
တစ်နေ့သ၌ နွားကျောင်းသားသည် အရှင်မြတ်အား မိမိ မအားလပ်သောအခါ မိမိကိုယ်စား ခွေးငယ်အား လွှတ်လိုက်ပါမည်။ ခွေးငယ်ရောက်လာချိန်တွင် မိမိအိမ်သို့ ဆွမ်းအလှူခံ ကြွရောက်ပါမည့်အကြောင်း ပန်ကြား လျှောက်ထားသည်။ ဤသို့ မှာထားသည့် အတိုင်းလည်း မိမိ မအားလပ်သော နေ့တွင် -
“ချစ်သား။ အရှင်မြတ်ကို သွားရောက်ပင့်ဆောင်လော့”
ဟူ၍ ဆိုလေသည်။
ခွေးလိမ္မာကလည်း သွားရောက်ပြီးလျှင် အရှင်မြတ်၏ ခြေရင်း၌ ဝပ်တွားနေသည်။ အရှင်မြတ်ကလည်း ဆွမ်းပင့်ရောက်လာလေသည်ဟု သိရှိတော်မူကာ ဆွမ်းခံ ကြွတော်မူသည်။ အရှင်မြတ်သည် နွားကျောင်းသားတဲဝယ် ဆွမ်းဘုဉ်းပေးတော်မူသောအခါ ဆွမ်းကျန်တချို့ကို ခွေးလိမ္မာအား ပေးကမ်း ကျွေးမွေးတတ်သည်။ ခွေးလိမ္မာလည်း အရှင်မြတ်ကို အလွန်ပင် ချစ်မြတ်နိုး လေသည်။
ဝါကျွတ်သောအခါ အရှင်မြတ်က နွားကျောင်းသားအား အချိန်စေ့ပြီ ဖြစ်သဖြင့် အရပ်တစ်ပါးသို့ မိမိကြွသွားတော် မူမည်ဖြစ်ကြောင်း မိန့်တော်မူကာ ကြွသွားတော်မူသည်။
ခွေးလိမ္မာသည် အရှင်မြတ် အပြီးတိုင် ကြွသွားတော် မူသည်ကို သိသောအခါ လွမ်းဆွတ်၍ နှလုံးကွဲကာ သေဆုံးသွား ရှာလေသည်။ ထို့နောက် အရှင်မြတ်ကို ဖူးမြင်ရသော ကုသိုလ်ကြောင့် တာဝတိံသာ နတ်ပြည်ဝယ် နတ်သား သွားဖြစ်လေသည်။
ထိုနတ်သားသည် ခွေးလိမ္မာဖြစ်စဉ်က အရှင်မြတ် ဘေးရန်ကင်းအောင် သားရဲများအား ကျယ်လောင်စွာ ဟိန်းဟောင်ပေးခဲ့ဖူးသည်။ ထိုကုသိုလ်ကံ အကျိုးကြောင့် အလွန် အသံအောင်သည်။ ထိုနတ်သား၏ အသံသည် နတ်ပြည်အလုံးကို လွှမ်းဖုံးသွားတတ်သည်။ ထို့ကြောင့် ထိုနတ်သားသည် ဃောသကနတ်သား ဟူသော အမည်ကို ရရှိလေသည်။
ကျမ်းကိုး ။ ။ ဃောသကသူဌေး၊ (မဟာဗုဒ္ဓဝင်၊ တတိယတွဲ)၂၈။ ဆုံးမလွယ်ခြင်း (သောဝစဿတာ)
|
ဆုံးမလွယ်ခြင်းသည် မင်္ဂလာ တစ်ပါးဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်။ အောက်ပါဇာတ်တော်ကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
တစ်ခါသော် ဗြဟ္မဒတ်မင်းသည် ဒီဃီတိကောသ လမင်းကို စစ်တိုက်ရန် မိမိနိုင်ငံမှ ရဲမက်များကို ဦးဆောင် ချီတက်လာသည်။ ဒီဃီတိမင်းမှာ အင်အားချင်းမမျှသဖြင့် မိဖုရားကိုခေါ်ကာ တိုင်းပြည်မှ ထွက်ပြေးသွားရသည်။ မြို့စွန်တစ်နေရာရှိ အိုးထိန်းသည်၏ နေအိမ်၌ ရုပ်ဖျောက်၍ မထင်မရှားနေထိုင်သည်။ မကြာမီ မိဖုရားကြီးသည် သားတော်တစ်ပါး ဖွားမြင်သည်။ ဒီဃာဝုမင်းသားဟု အမည်ပေးသည်။
ဒီဃီတိကောသလမင်းက 'ငါတို့ ရုပ်ဖျောက် နေထိုင်သည်ကို တစ်နေ့နေ့တွင် ဗြဟ္မဒတ်မင်း သိနိုင်သည်။ ထိုအခါ ငါတို့ကိုဖမ်း၍ သတ်လျှင် သားတော်ပါ အသတ်ခံရလိမ့်မည်' ဟူ၍ ဆင်ခြင်ကာ မင်းသားကို တခြား လုံခြုံသော တစ်နေရာသို့ ပို့ထားသည်။ အတတ်ပညာ သင်စေသည်။
မင်းကြီး ကြိုတင်မှန်းဆသည့်အတိုင်း တစ်နေ့တွင် ဗြဟ္မဒတ်မင်းကြီးသည် ဒီဃီတိကောသလမင်းနှင့် မိဖုရားကို တွေ့ ရှိသွားသည်။ ချက်ချင်းပင် ဖမ်းဆီးသည်။ သတ်ရန် သူသတ်ကုန်းသို့ ခေါ်ဆောင် သွားစေသည်။
ဒီဃာဝုမင်းသားသည် အတတ်ပညာများ တတ်မြောက်သဖြင့် မိဘနှစ်ပါးကို ခေတ္တတွေ့ရန် ပြန်လာသည်။ ထိုအခါ သူသတ်ကုန်းသို့ ဆောင်ယူသွားသော မိဘနှစ်ပါးကို တွေ့ရသည်။ လမ်းဘေးဝဲယာမှ လူအများသည် မင်းမိဖုရား နှစ်ပါးကို ကြည့်နေကြသည်။ ဒီဃာဝုမင်းသားသည် ထိုသူများအကြားမှနေ၍ မိဘနှစ်ပါးကို လှမ်းကြည့်ရှာသည်။ ဒီဃီတိကောသလမင်းသည် လူအုပ်ထဲတွင် သားတော်ကို မြင်သောအခါ ဆုံးမစကားကို တစ်ကိုယ်တည်း ပြောကြားသွားသည်။
“ရန်တို့မည်သည်မှာ ရန်တုံ့မူခြင်းဖြင့် မငြိမ်းအေးကုန်။ ရန်တုံ့မမူသဖြင့်သာ ငြိမ်းအေးကုန်၏”
ထိုစကားကို ဘေးမှ လူများ နားမလည်ကြ။
“ဤမင်းသည် ရူးသွပ်သွားသဖြင့် တစ်ကိုယ်တည်းထင်ရာ ယောင်ယမ်းမြည်တမ်းနေသည်”
ဟု ဆိုကြ၏ မင်းကြီးက -
"အမောင်တို့၊ ရူးသွပ်သဖြင့် ငါယောင်ယမ်းမြည်တမ်းခြင်း မဟုတ်။ ငါ့စကားကို ပညာရှိတို့ သိကြလိမ့်မည်”
ဟူ၍ ပြန်ပြော၏ ။
သူသတ်ကုန်းသို့ ရောက်သောအခါ သူသတ်တို့လည်း မင်း၊ မိဖုရားနှစ်ပါးကို အဆုံးစီရင် လိုက်ကြလေသည်။ ဒီဃာဝု မင်းသားသည် အစောင့်တို့အား အရက်မူးအောင် တိုက်သည်။ မူး၍ လဲကျသော် အမိအဖတို့၏ အလောင်းကို ကောင်းစွာ မီးသဂြိုဟ်သည်။ အားရဲအောင် ငိုကြွေးမြည်တမ်းသည်။ ထို့နောက် မျက်ရည်များကို သုတ်ပြီးလျှင် ဗြဟ္မဒတ်မင်း၏ ဆင်ဆရာထံသွား၍ တပည့်ခံကာ နေထိုင်သည်။ နံနက်တိုင်း စောင်းတီးလျက် သီချင်းဆိုသည်။ မင်းကြီးကြားလျှင် နှစ်သက်သဖြင့် မိမိထံခေါ်ထားသည်။ စောင်းတီး၍ ဖျော်ဖြေစေသည်။
ဒီဃာဝု မင်းသားလည်း အမှုကိစ္စတို့ကို ကျွမ်းကျင်လိမ္မာစွာ ဆောင်ရွက်ပေးသည်။ မင်းကြီး ပိုမိုနှစ်သက်သဖြင့် အတွင်းတော်၌ ခစားထမ်းရွက်စေသည်။ တစ်နေ့သ၌ မင်းကြီးသည် ဒီဃာဝုမင်းသားကို ရထားမောင်းစေလျက် ဥယျာဉ်တော်သို့ ထွက်တော်မူသည်။ ဥယျာဉ်သို့ ရောက်သောအခါဒီဃာဝုမင်းသားသည် မင်းကြီးအား မင်းချင်းများနှင့် ဝေးရာအရပ်သို့ ပရိယာယ်ဖြင့် ခေါ်ဆောင်သွားသည်။ မင်းကြီးလည်း ပင်ပန်းသဖြင့် သစ်ရိပ်အောက်သို့ သွားသည်။ ဒီဃာဝုမင်းသား၏ ပေါင်ကို ခေါင်းအုံးလျက် စက်တော်ခေါ်သည်။
မင်းကြီး အိပ်ပျော်သွားသောအခါ မင်းသားက -
"အခွင့်ရပြီ၊ ငါ့အမိ၊ အဖတို့သတ်သူကို ယခုပြန်သတ်နိုင်ပြီ”
ဟုကြံလျက် သန်လျက်ကို ဆွဲထုတ်သည်။
ထိုစဉ် သူသတ်ကုန်းသို့ ဖခင်အသွားတွင် ပြောဆိုဆုံးမသွားသော စကားတို့ကို သတိရသွားသည်။
မင်းကြီးကို မသတ်ဘဲ သန်လျက်ကို ချထားလိုက်သည်။ ထို့နောက် သတ်မည် ပြုပြန်သည်။ အဖေစကားကို သတိရကာ မသတ်ဖြစ်ပြန်။ သုံးကြိမ်တိုင် ချီတုံချတုံ ဖြစ်ခဲ့သည်။ ထိုစဉ် မင်းကြီး နိုးလာသည်။
ဒီဃာဝုမင်းသားသည် လက်ဝဲလက်ဖြင့် မင်းကြီး၏ သျှောင်ကိုဆွဲလျက် လက်ယာလက်ဖြင့် သန်လျက်ကို ကိုင်ကာ မိမိသည် ကောသလမင်း၏ သားဖြစ်ကြောင်းမှစ၍ အကြောင်းစုံ ပြောပြသည်။
အရှင်မင်းကြီးသည် ကျွန်ုပ်၏ လက်မှ လွတ်နိုင်ပါ မည်လော”
ဟု ဆို၏။ ဗြဟ္မဒတ်မင်းလည်း -
“အမောင် သင့်လက်မှ ငါ မလွတ်နိုင်တော့ပါ”
ဟုဆိုကာ တောင်းပန်စကား ပြောကြားသည်။
ဒီဃာဝု မင်းသားက ဖခင် ပြောကြားသွားသော ဆုံးမစကားကို ပြန်လည်ပြောပြသည်။
“ထိုအဆုံးအမအတိုင်း ကျွန်ုပ် သင့်ကိုရန်မပြုတော့ပါ။ အကယ်၍ သတ်ရန်ပြုလိုပါမူ ကျွန်ုပ်ကို သတ်နိုင်ပါသည်”
ဟုဆိုကာ သန်လျက်ကိုပေး၏။ မင်းကြီးကလည်း -
"အမောင် ငါလည်း သင့်ကို ရန်မပြုပါ”
ဟုဆိုကာ နန်းတော်သို့ ပြန်ခေါ်သွားသည်။
မိမိ၏ သမီးတော်နှင့် ထိမ်းမြားပေးစားသည်။ ဒီဃီတိကောသလမင်း၏ ထီးနန်းကို ဒီဃာဝု မင်းသားအား ပြန်လည်နှင်းအပ်သည်။ ထိုအခါမှစ၍ မင်းနှစ်ပါးတို့သည် ညီညွတ်ငြိမ်းချမ်းစွာဖြင့် မိမိနိုင်ငံကို မိမိကိုယ်စီ မင်းပြုကြလေသည်။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ ဒီဃီတိကောသဇာတ်။၂၇။ သည်းခံခြင်း (ခန္တီ စ)
|
သည်းခံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်၏ ။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။ အောက်ပါ ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ကလာဗုမင်း အုပ်စိုးသည်။ ထိုတွင် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားလုလင် တစ်ဦးရှိသည်။ ကုဏ္ဍလလုလင်ဟု အမည်တွင်၏ ။ ထိုလုလင်သည် အရွယ်ရောက်ချိန်၌ ပညာသင်ယူသည်။ ပညာတတ်မြောက်၍ မကြာမြင့်မီပင် မိဘနှစ်ပါး ကွယ်လွန်သွားရာ သတိသံဝေဂ ရသွားသည်။ သို့ဖြင့် ပစ္စည်းအားလုံးကို လှူဒါန်းစွန့် ကြဲကာ ဟိမဝန္တာသို့ သွား၍ ရသေ့ဝတ်လျက် နေထိုင်သည်။
တစ်နေ့တွင် ရသေ့သည် ချဉ်ဆားမှီဝဲရန် ဗာရာဏသီပြည်သို့ ရောက်လာသည်။ စစ်သူကြီးက ကြည်ညိုသဖြင့် ရသေ့ အတွက် မင်းဥယျာဉ်၌ ကျောင်းငယ်ဆောက်ပေးကာ ကိုးကွယ်ထားသည်။
တစ်နေ့သ၌ ကလာဗုမင်းသည် အရက်သေစာ သောက်စားပြီးလျှင် ကချေသည်များ ခြံရံလျက် ဥယျာဉ်တော်သို့သွား၍ စည်းစိမ်ခံစားသည်။ သူသည် မင်္ဂလာကျောက်ဖျာပေါ်၌ နေရာခင်းစေ၍ သူ့ချစ်သူ အမျိုးသမီး ရင်ခွင်၌ ကျိုန်းစက်သည်။ ကချေသည်တို့သည် သီဆိုတီးမှုတ်ကခုန်ရာမှ မင်းကြီးအိပ်ပျော်သောအခါ ဥယျာဉ်တော်သို့ လှည်လည်ကြည့်ရှုကြသည်။
ထိုစဉ် အင်ကြင်းပင်ရင်း၌ ထိုင်လျက် တရားအာရုံပြုနေသော ရသေ့ကို မြင်ရာကြည်ညိုလှသဖြင့် ဝင်ရောက်ရှိခိုးကြသည်။ ဆိုဆုံးမရန် တောင်းပန်၍ တရားနာယူကြသည်။
အတန်ကြာသော် ကလာဗုမင်းသည် အိပ်ရာမှ နိုးလာသည်။ ကချေသည် များကို မမြင်၍ သူ၏ ချစ်သူကို မေးမြန်းသည်။ အမျိုးသမီးက အကျိုးအကြောင်း လျှောက်ထားသည်။ ထိုအခါ မင်းသည် ဒေါသအမျက်ခြောင်းခြောင်း ထွက်သည်။ သန်လျက်ကိုစွဲလျက် ရသေ့ထံ အပြေးအလွားသွားရောက်သည်။ တရားဟောနေသော ရသေ့ကို တွေ့မြင်သောအခါ ဒေါသဖြင့် အော်ဟစ်မေးမြန်းသည်။
ရသေ့အား မည်သည့်ဝါဒကို ခံယူထားသနည်းဟု မေးသည်။ ရသေ့က ခန္တီဝါဒကိုခံယူထားကြောင်း၊ ခန္တိဝါဒဆိုသည် မှာ မိမိကိုယ်ကို ဆဲရေးသူအားဖြစ်စေ၊ ရိုက်ပုတ်ညှဉ်းဆဲသူအားဖြစ်စေ အမျက်ဒေါသ မထားဘဲ သည်းခံခြင်းဖြစ်ကြောင်း ရှင်းလင်းပြသည်။
ထိုအခါ မင်းသည် ပါးကွက်အာဏာသားကို ခေါ်၍ ဆူးတပ်ထားသောကြိမ်ဖြင့် ရသေ့ကို ရိုက်နှက်စေသည်။ ရသေ့ကား မမှုပေ။ ထိုအခါမင်းမိုက်သည် ရသေ့၏ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်တို့ ကို ဖြတ်စေသည်။ ရသေ့က အမျက်မထွက်ပေ။
မင်းမိုက်သည် ရသေ့၏ နား၊ နှာခေါင်းတို့ကို ဖြတ်စေပြန်သည်။ ရသေ့ကားမူ မမှုပေ။ သည်းခံ၍ သာနေသည်။ ထိုအခါ မင်းမိုက်သည် ရသေ့၏ရင်ဝကို ခြေထောက်ဖြင့်ကန်ကာ ထွက်ခွာသွားလေသည်။ မကြာမီ စစ်သူကြီးရောက်လာသည်။ ရသေ့၏ ဒဏ်ရာများကို ပြုစုပေးသည်။
“အရှင်ဘုရား၊ အမျက်ထွက်လိုလျှုင် ကျူးလွန်ပြစ်မှားသောမင်းကိုသာ အမျက် ထွက်တော်မူပါ။ ပြည်သူများကိုကား အမျက် ထွက်တော် မမူပါနှင့်" ဟူ၍တောင်းပန်၏ ။ ရသေ့က -
"ငါသည် မည်သူ့ ကိုမျှ အမျက်မထွက်ပါ။ ငါ၏ လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ကို ဖြတ်ခဲ့သောမင်းသည် သက်တော်ရှည်ပါ စေ”
ဟု ဆုတောင်း၏။
သို့ရာတွင် မကောင်းမှုပြုခဲ့သော ကလာဗုမင်းသည် အပြစ်မှမလွတ်၊ ဥယျာဉ်တံခါးဝသို့ အရောက်တွင် မြေမျိုခံရပြီး အနိစ္စရောက်သွားလေသည်။
ရသေ့သည်လည်း ထိုနေ့၌ပင် လွန်တော်မူရှာသည်။ စစ်သူကြီး၊ မင်းပရိသတ်နှင့် ပြည်သူအပေါင်းတို့သည် ရသေ့မြတ်၏ အလောင်းတော်ကို ပူဇော်၍ ရိုသေစွာ သင်္ဂြိုဟ်ကြကုန်သည်။ ရသေ့မြတ်သည် ကောင်းရာသုဂတိသို့ လားပြီးလျှင် ဘဝများစွာ ကျင်လည်ပြီးနောက် ဂေါတမမြတ်စွာ ဘုရား အဖြစ်သို့ ရောက်တော်မူခဲ့လေသည်။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ ခန္တီဝါဒီဇာတ်၂၆။ သင့်လျော်သောအခါ၌ တရားနာခြင်း (ကာလေန ဓမ္မဿဝနံ)
|
သင့်လျော်သောအခါ၌ တရားနာခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်။ အောက်ပါ ဇာတ်တော်ကို သာဓကအဖြစ် တင်ပြပါသည်။
တစ်ရံရောအခါ ဗုဒ္ဓဘုရားရှင်သည် စမ္ပပြည်ရှိ ဂဂ္ဂရာရေကန်အနီးဝယ် သီတင်းသုံးလျက် ရှင်လူအများအား တရားဟောတော်မူသည်။
ထိုစဉ် ကန်အတွင်း၌နေသော ဖားငယ်တစ်ကောင်သည် ရေကန်ထဲမှ ထွက်လာသည်။ ပရိသတ်အစွန် တစ်နေရာ၌ ဝပ်လျက် ‘သည်အသံသည် တရားတော်၏ အသံပင် ဖြစ်၏’ ဟူ၍ အာရုံပြုကာ နာယူလျက်ရှိသည်။
ထိုအခိုက် နွားကျောင်းသားတစ်ယောက်သည်လည်း ထိုနေရာသို့ ရောက်လာသည်။ ဝင်ရောက်တရားနာယူသည်။ တရားနာရာ သူသည် နွားမောင်းသည့် နှင်တံတုတ်ကို ထောက်လျက်နာယူသည်။ ထိုအခါ သူ၏နှင်တံတုတ်သည် ဖားငယ်၏ ဦးခေါင်းပေါ်သို့ မတော်တဆ ထောက်မိသွားသည်။ ဖားငယ်သည် ထိခိုက်ဒဏ်ရာရကာ ထိုနေရာမှာပင် သေဆုံးသွားရှာသည်။
ဖားငယ်သည် တရားတော်၏ အနက်အဓိပ္ပာယ်ကိုမသိ။ သို့ရာတွင် တရားတော်ကို အာရုံပြုလျက် ကြည်သာ ရွှင်လန်းသော စိတ်အစဉ် ရှိနေစဉ် သေဆုံးသွားသဖြင့် တာဝတိံသာနတ်ပြည်ဝယ် နတ်သား သွားဖြစ်သည်။
ရွှေဗိမာန်၌ နတ်သမီးအခြံအရံပေါင်းများစွာဖြင့် စံစားရသည်။ မဏ္ဍူကဒေဝပုတ္တ (ဖားနတ်သား) ဟူ၍ အမည်တွင်သည်။
ထိုဖားနတ်သားသည် အတိတ်ဘဝက ဖားသူငယ် ဖြစ်ခဲ့ ပုံနှင့် ဘုရားရှင်၏ တရားတော်ကို နာခဲ့ရသဖြင့် ယခုကဲ့သို့ နတ်သားဖြစ်လာခဲ့ပုံကို ဆင်ခြင်မိသည်။ သို့ဖြင့် သူသည် အခြံအရံများနှင့်တကွ လူ့ပြည်သို့ ဆင်းလာသည်။ တရားဟောနေသော ဘုရားရှင်ကို သွားရောက်ဖူးမြော်သည်။
ဘုရားရှင်သည် ဖားနတ်သား၏ ဖြစ်ကြောင်းကုန်စင်ကို တန်ခိုးတော်ဖြင့် သိမြင်တော်မူပြီး ဖြစ်သည်။ သို့ရာတွင် တရားနာ ပရိသတ်များ ထင်ရှားစွာ သိစေလိုသဖြင့် ဖားနတ်သားကို အကျိုးအကြောင်း မေးမြန်းသည်။ ဖားနတ်သားကလည်း ဖြစ်ပျက်ပုံ အလုံးစုံကို လျှောက်ထားသည်။
ထိုအခါ ဘုရားရှင်သည် တရားနာခြင်း၏ အကျိုးကို ရှင်းလင်းဟောပြတော်မူသည်။ နိဗ္ဗာန်ရောက်ကြောင်း တရားကိုလည်း ဆက်လက်ဟောပြောတော်မူသည်။ တရားအဆုံးတွင် ဖားနတ်သားသည် သောတာပန်တည်သွားသည်။ တရားနာပရိသ တ်တို့လည်း ထူးမြတ်သော အကျိုးကျေးဇူးကို ခံစားရရှိလေသည်။
ကျမ်းကိုး ။ ။ မဏ္ဍူကဒေဝပုတ္တ၊ ဖားနတ်သားဝတ္ထု၊ ဝိမာနအဋ္ဌကထာ။၂၅။ သူ့ကျေးဇူးကို သိခြင်း (ကတညုတာ)
|
သူ့ကျေးဇူးကို သိခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်း တစ်ရပ် ဖြစ်သည်။
လွန်လေပြီးသောအခါ ဗာရာဏသီပြည်တွင် စိတ်ထားကောင်းမြတ်သော ဘုရင်တစ်ပါး အုပ်စိုးသည်။ တစ်နေ့သ၌ နယ်စွန်နယ်ဖျားအရပ်တွင် သူပုန်များ ထကြွသောင်းကျန်းရာ ဘုရင် ကိုယ်တော်တိုင်ပင် သွားရောက်နှိမ်နင်းသည်။ သူပုန်များက ချုံခိုတိုက်ခိုက်ရာ ဘုရင်သည် အရေးနိမ့်သွားသည်။ အဖော်များနှင့်ကွဲကာ ရွာတစ်ရွာသို့ ရောက်သွားသည်။
မြင်းစီးလျက် တစ်ကိုယ်တည်း ရောက်လာသော ဘုရင်ကို တွေ့သောအခါ ရွာသားတို့သည် မင်းမှန်းမသိကြ။ ကြောက်လန့် ထွက်ပြေးကြသည်။ ရွာသားတစ်ယောက်မှာမူ ထွက်မပြေး၊ လမ်းမှားလာသူ ခရီးသွားမင်းချင်း တစ်ယောက်ဟူ၍ ထင်မှတ်ကာ ခရီးဦးကြို ပြုသည်။
ဘုရင်က မိမိမင်းဖြစ်ကြောင်းဖွင့်မပြော။ မင်းချင်းယောကျ်ားအဖြစ်ဖြင့် လေးငါးရက် တည်းခိုနေထိုင်သည်။ ရွာသားနှင့် ဇနီးတို့ကလည်း ကောင်းစွာပင် လက်ခံကျွေးမွေး ပြုစုထားသည်။ ရက်သတ္တပတ်ခန့်ကြာ၍ ဘုရင်သည် ရွာမှ ထွက်ခွာသွားမည် ပြုသည်။ မသွားမီ သူနေထိုင်ရာ မင်းနေပြည်သို့ လာရောက်လည်ပတ်ရန် မှာကြားသည်။
"အဆွေ ကျွန်ုပ်ကို မြင်းစီးကြီးဟူ၍ ခေါ်ပါသည်။ မြို့တော်သို့ သင်လာလျှင် တောင်တံခါးစောင့်အား မြင်းစီးကြီးအိမ်ကို ပို့ပေးပါဟုပြောပါ။ သူက လိုက်ပို့ပေးပါလိမ့်မည်" ဟူ၍ မှာကြားသွားသည်။
ဘုရင်သည် ထိုရွာမှ ထွက်ခွာပြီး မကြာမီ စစ်သည်ဗိုလ်ပါတို့ကို စုရုံးကာ သူပုန်များကို ထပ်မံတိုက်ခိုက်သည်။ သူပုန်များ အရေးနိမ့်သွားသည်။ ဘုရင်သည် အောင်ပွဲခံကာ နေပြည်တော်သို့ ပြန်လာခဲ့သည်။ နေပြည်တော်သို့ ရောက်သောအခါ ဘုရင်က တောင်တံခါးစောင့်အား - “ရွာသားတစ်ယောက် လာလိမ့်မည်။ မြင်းစီးကြီးအိမ်ကို ပို့ပေးပါဟု ဆိုလိမ့်မည် ၊ ထိုသူ့ကို ငါ့ထံ ချက်ချင်းပို့ပေးပါ " ဟု မှာကြားထားသည်။
ထို့နောက် ရွာသား၏ ဂုဏ်ကျေးဇူးကို အောက်မေ့လျက် ရွာသားအလာကို မျှော်နေသည်။ ရွာသားကား ပေါ်မလာပေ။
ဤတွင် ရွာသားရောက်လာစေရန် အကြံဖြင့် ဘုရင်က စီစဉ်သည်။
ရွာသားနေသောရွာကို အခွန်များတိုး၍ ကောက်ခံစေသည်။ ထိုအခါ အဆိုပါရွာမှ ရွာသားများသည် မင်းအားပြုစုခဲ့သော ရွာသားထံချဉ်းကပ်၍ -
“အဆွေ၊ သင့် မိတ်ဆွေ မြင်းစီးကြီးရောက်လာပြီးမှ ငါတို့မှာအခွန်များတိုး၍ ဆောင်နေရသည်။ မြင်းစီးကြီးထံ သင်သွားပါ။ အကျိုးအကြောင်း ပြောပြ၍ အခွန်မှ လွတ်ငြိမ်းခွင့် ရအောင် ဆောင်ရွက်ပါ"
ဟူ၍ ဝိုင်းဝန်းပြောဆိုကြသည်။
ရိုးသားလှသော ရွာသားလည်း မနေသာတော့၊ နေပြည်တော်သို့ တက်သွားသည်။ မြင်းစီးကြီးမှာသည့် အတိုင်း သွားရောက်ရာ ဘုရင့်ထံ ရောက်သွားသည်။ ထိုအခါ သူ့မိတ်ဆွေ မြင်းစီးကြီးဆိုသူမှာ သာမန် မင်းချင်း တစ်ယောက်မဟုတ်၊ ဘုရင်မင်းမြတ် ဖြစ်နေသည်ကို အံ့သြစွာ သိရှိရသည်။
ကျေးဇူးသိတတ်သော ဘုရင်သည် ရွာသားကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသည်။ အစားကောင်း၊ အသောက်ကောင်းများ ကျွေးမွေးသည်။ အဝတ်သစ်များ ဆင်ယင်ပေးသည်။ ရွာသားနေသော ရွာကိုလည်း အခွန်အခများမှ ချက်ချင်း လွတ်ငြိမ်းခွင့် ပေးလိုက်သည်။ ထို့ပြင် ရွာသား၏ မယားကိုလည်း ခေါ်ယူစေသည်။ နန်းတော်အနီးတွင် အိမ်သစ်ဆောက် ပေးကာ မကြောင့်မကြ နေထိုင်စေသည်။ ထိုမျှမက မင်းစည်းစိမ်တစ်ဝက်ကိုပါ ခွဲဝေပေးသည်။
ထိုအခါ အိမ်ရှေ့မင်းနှင့် မှူးမတ်တို့ မကျေမနပ်ဖြစ်ကြသည်။ ဤတွင် ဘုရင်က ဖြစ်ပျက်ပုံအလုံးစုံကို ပြောပြသည်။
"ငါစစ်ရှုံး၍ ဒုက္ခရောက်စဉ် ငါ့ ကျေးဇူးရှင် သည်ရွာသားက ကယ်၍သာ ငါတစ်ဖန် စစ်အောင်ရသည်။ သူ့ ကျေးဇူးကြီးလှသည်။ လောက၌ ကျေးဇူးပြုသူကို တုံ့ပြန်ပူဇော်ရမည်မှာ သူတော်ကောင်းတို့၏ ကျင့်စဉ် ဖြစ်သည်”
ဟူ၍ ဆုံးမပြောဆိုသည်။
ထိုအခါတွင်မှ အိမ်ရှေ့မင်းနှင့် မှူးမတ်တို့သည် အမြင်မှန်ရကာ ကျေနပ်သွားကြလေသည်။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ မဟာအဿာရောဟဇာတ်၂၄။ တင်းတိမ်ရောင်ရဲခြင်း (သန္တုဋ္ဌိ စ)
|
တင်းတိမ်ရောင့်ရဲခြင်းသည် မင်္ဂလာတစ်ပါးဖြစ်၏။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည် ။ အောက်ပါပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။ တစ်ရံရော အခါ ဗာရာဏသီပြည်ဝယ် လှည်းကုန်သည်တို့၏ အကြီးအမှူးဖြစ်သူ လှည်းမှူးတစ်ဦးရှိသည်။ သူသည် လောဘနည်း၍ တင်းတိမ်ရောင့်ရဲသူ ဖြစ်သည်။ တစ်နေ့သ၌ လှည်းမှူးသည် လှည်းကုန်သည်များနှင့်အတူ အရပ်တစ်ပါးသို့ ကုန်သွယ်ရန် ဗာရာဏသီပြည်မှ ထွက်ခွာလာခဲ့သည်။
သူတို့သည် လမ်းခရီး၌ ကန္တာရတစ်ခုကို ဖြတ်သန်းသွားရသည်။ လမ်းခရီးတွင် ရေတွင်းဟောင်း တစ်ခုကို တွေ့ကြသည်။ ရေအလိုရှိသဖြင့် ရေတွင်းဟောင်းကို တူးကြသည်။ ထိုအခါ မမျှော်လင့်ဘဲ ကြေးမည်း၊ ကြေးနီတို့ကို တွေ့ကြသည်။ ဆက်လက်တူးရာ ငွေ၊ ထို့နောက် ရွှေ့၊ ထို့နောက် ပုလဲ၊ ထို့နောက် ကျောက်မျက် ရွဲ၊ ထို့နောက် ပတ္တမြားတို့ကို တွေ့ကြသည်။
လှည်းကုန်သည်တို့သည် ဤရတနာတို့ကို ရရှိသော်လည်း မရောင့်ရဲနိုင်ကြ။ လောဇောတိုက်ကာ တခြားရတနာတို့ကို တွေ့ဦးမည်ထင်ပြီး ဆက်လက်တူးကြမည် ပြုသည်။ ထိုအခါ လှည်းမှူးက -
"အချင်းတို့၊ ဤမျှဖြင့် တော်လောက်ပါပြီ။ ရောင့် ရဲကြပါ ။ ရှေ့ဆက်မတူးကြပါနှင့်”
ဟူ၍ တားမြစ်သည်။
လှည်းကုန်သည်တို့က မတင်းတိမ်၊ မရောင့်ရဲနိုင်။ လှည်းမှူး၏ စကားကို မနာယူ။ လောဘဇော တိုက်ကာ ဆက်လက်တူးကြသည်။
ထိုတွင်းဟောင်းကား သာမန်တွင်းမဟုတ်။ နဂါးမင်းနေထိုင်ရာတွင်း ဖြစ်သည်။ လှည်းကုန်သည် တို့ အလွန်နက်စွာ တူးကြသဖြင့် တွင်းအောက်တွင်နေသော နဂါးဗိမာန် ပျက်လေတော့သည်။ နဂါး မင်းလည်း အမျက်ထွက်သဖြင့် နှာခေါင်းဖြင့်မှုတ်သည်။ အဆိပ်ငွေ့များ ထွက်လာသည်။ လှည်းမှူးမှတစ်ပါး လှည်းကုန်သည်အားလုံး အဆိပ်သင့်၍ သေကျေပျက်စီး ကြလေသည်။
ထိုအခါ နဂါးလုလင်တို့သည် လူယောင် ဖန်ဆင်းလျက် တွင်းအောက်မှ ထွက်လာကြသည်။ တင်းတိမ်ရောင့်ရဲမှု ရှိသော လှည်းမှူးကို ရန်မပြုရုံသာမက ရတနာတို့ကို လှည်းပေါ်သို့ တင်ပေးသည်။ လှည်းမှူးကို လှည်းတစ်စီး တွင် စီးစေကာ ရတနာတို့နှင့်အတူ အိမ်သို့ လိုက်ပို့ပေးသည်။ ထို့နောက် နဂါးပြည်သို့ ပြန်သွားလေသည်။
လှည်းမှူးသည် မိမိရရှိသော ရတနာတို့ကိုထုခွဲရောင်းချကာ လူအများကို ပေးကမ်းလှူဒါန်းသည်။ သီလဆောက်တည်၍ တင်းတိမ်ရောင့်ရဲစွာပင် နေထိုင်သည်။ သေသည်၏ အဆုံး၌ နတ်ပြည်သို့ လားလေသတည်း။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ ဇရူဒပါနဇာတ်၂၃။ မိမိကိုယ်ကို နှိမ့်ချခြင်း (နိဝါတော စ)
|
မိမိကိုယ်ကို နှိမ့်ချခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း ၏ အကြောင်းတစ်ရပ် ဖြစ်သည်။ အောက်ပါ ဇာတ်တော်ကို သာဓကအဖြစ် တင်ပြပါသည်။
တစ်ရံရောအခါ ဘောဂပြည်ဝယ် ဉာဏရာဇာမင်းကြီး မင်းပြုသည်။ ထိုမင်းသည် ဉာဏ်ပညာ နှင့် ပြည့်စုံသည်။ ပညာရှိ မှူးမတ်များလည်း ပေါများသည်။
မင်းကြီးတွင် ဗလနှင့် သောမ အမည်ရှိသော သားတော်နှစ်ပါး ရှိသည်။ သားတော်ကြီး ဗလသည် စိတ်ထားမကောင်း၊ မာန်မာနကြီး၏ ။
သားတော်ငယ် သောမကား ထိုသို့မဟုတ်။ စိတ်ထားကောင်း၏။ မာန်မာန လုံးဝမရှိ။ နိဝါတတရားကို လက်ကိုင်ထားလျက် နိမ့်ချစွာဖြင့် မှူးမတ်ပြည်သူတို့ ကို ဆက်ဆံ၏။
တစ်နေ့သောအခါ ဗလသည် သားနားစွာဝတ်ဆင်၍ မြင်းစီးလျက် မင်းပွဲသဘင်သို့ တက်ရောက်ရန် ထွက်ခွာလာသည်။ လမ်း၌ သူ့ရှေ့မှသွားနေသော ဆင်းရဲသား အဘိုးအိုတစ်ဦးကို မြင်တွေ့သည်။ အဘိုးအိုသည် ခရီးသည် တစ်ဦးဖြစ်သည်။ လွယ်အိတ်ကို လွယ်လျက် အဝေးမြို့ ရွာသို့ သွားနေသည်။ ဗလ မြင်းစီးလာသည်ကို မသိရှာ။ ထို့ကြောင့် လမ်းဖယ် မပေးမိ။ ထိုအခါ ဗလက ဆဲရေးပြီးလျှင် မြင်းနှင့်တိုက်သွားသည်။ အဘိုးခမျာ လမ်းဘေးသို့ လဲကျသွားရွာလေသည်။
သောမသည် နောင်တော် ဗလနောက်မှ မြင်းစီးလျက် လိုက်လာရာ ဖြစ်ပုံလုံးစုံကို မြင်လိုက်သည်။ သူသည် ချက်ချင်းပင် မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။ အဘိုးအိုကို ယုယစွာ ထူမပေးသည်။ မေးမြန်းကြည့်ရာ အဘိုးအို ခြေထောက် အနည်းငယ် နာသွားသည် ကို သိရသည်။
သို့ဖြင့် သူ၏မြင်းကိုစီးရန် ပြောဆိုသည်။ မြင်းကို အဘိုးအိုအား အပိုင်ပေးအပ်သည်။ ထိုအခါ အဘိုးအိုသည် ကျေးဇူးတင် လှသဖြင့် လွယ်အိတ်ထဲမှပါလာသော ပေစာထုပ်ကို သောမအား ပေးအပ်သည်။
"အရှင့်သား။ ကျေးဇူး ကြီးမားလှပါ သည်။ ကျေးနူးဆပ်သောအနေဖြင့် အဘိုးက ဤ ပေစာထုပ်ကို လက်ဆောင် ပေးပါသည်။ ဤပေစာမှာ သုတကျမ်းရတနာ” ဖြစ်သည်။ အရှင့်သား အစအဆုံးဖတ်၍ လေ့လာပါ။ ဉာဏ်ပညာ၊ ဗဟုသုတ အထူးတိုးပွားလာပါ လိမ့်မည်”
ဟူ၍ ဆို၏။
သောမသည် ဝမ်းမြောက်ဝမ်းသာပင် ပေစာထုပ်ကို လက်ခံယူသည်။ အဘိုးအိုလည်း မြင်းစီး၍ ထွက်ခွာသွားသည်။ သောမသည် နှိမ့်ချစွာပင် ခြေလျင်လျှောက်၍ မင်းပွဲသဘင်သို့ ဆက်လက် ထွက်ခွာလာသည်။
ဤသို့ဖြစ်ပြီး ခြောက်လခန့်ကြာသော် အိမ်နီးချင်းတိုင်းပြည် တစ်ပြည်မှ သံအဖွဲ့တစ်ဖွဲ့သည် ဘောဂပြည်သို့ ရောက်လာသည်။ သူတို့သည် မင်းကြီးကို ဖူးတွေ့ လျက် -
"အရှင်မင်းမြတ်သည် ဉာဏ်ပညာကြီးမား၍ အရှင်မင်းမြတ်ထံတွင် ပညာရှိမှူးမတ် ပေါများ သည်ဟူ၍ ကြားသိရပါသည်။ ထို့ ကြောင့် ကျွန်တော်မျိုးတို့၏ ဘုရင်မင်းမြတ်နှင့် ပညာရှိမှူးမတ်များ တိုင်ပင်ကာ အရှင်တို့ကို ဉာဏ်ရည်စမ်းသောအနေဖြင့် မေးခွန်း သုံးသွယ်မေးရန် လာရောက်ခြင်း ဖြစ်ပါသည်။ ဖြေကြားတော်မူပါ"
ဟူ၍ လျှောက်တင်သည်။
ရွှေပေပေါ်တွင် ရေးထိုးထားသော မေးခွန်းသုံးသွယ် ကို ဆက်သသည်။ ယင်းတို့မှာ-
၁။ အရိုးသာ အတောင်အမြီးဖြစ်သောငှက်သည် အဘယ်ငှက်နည်း။
၂။ အသားသာ အတောင်အမြီးဖြစ်သော ငှက်သည် အဘယ်ငှက်နည်း။
၃။ အမွေးသာ အတောင်အမြီးဖြစ်သော ငှက်သည် အဘယ်ငှက်နည်း။
ဤမေးခွန်းသုံးသွယ်ကို မင်းကြီးနှင့်တကွ ပညာရှိအမတ်များသည် ဖြေဆိုနိုင်ရန် အမျိုးမျိုး ကြံဆကြသည်။ အဖြေမပေါ်။ သို့ဖြင့် သုံးရက်မြောက်သောနေ့တွင် ဖြေဆိုမည်ဟူ၍ ချိန်းလိုက်သည်။ မင်းကြီးနှင့် မှူးမတ်တို့လည်း အခက်တွေ့ကြပြီ။ မေးခွန်းသုံးသွယ်ကို ဖြေလည်းမဖြေနိုင်။
သည်တွင် သားတော်ကြီး ဗလက -
“ခက်ခဲသော မေးခွန်းကို လာမေးရပါမည်လော”
ဟုဆိုကာ သံ အဖွဲ့ဝင်များကို သွားရောက်ဖမ်းဆီး၍ သတ်မည်ပြုသည်။ မင်းကြီးက အမျိုးမျိုး တားဆီးသည်။ နောက်ဆုံး တားမရသဖြင့် ဗလကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရလေသည်။
ထိုစဉ် သားတော်ငယ် သောမသည် ခမည်းတော်ထံ ချဉ်းကပ်လျက် မေးခွန်းသုံးသွယ်ကို မိမိ ဖြေဆိုနိုင်ကြောင်း၊ သူဆင်းရဲ အဘိုးအိုပေးသော သုတကျမ်းရတနာကို မိမိ လေ့လာထားသဖြင့် ဤမေးခွန်းသုံးသွယ်ကို ကောင်းစွာ ဖြေဆိုနိုင်ကြောင်း တင်လျှောက်သည်။ သို့ဖြင့် ချိန်းဆိုသောနေ့သို့ ရောက်လာသည်။ ညီလာခံ ခန်းမဆောင်တွင် အမေးပုစ္ဆာဖြေဆိုပွဲကို ကျင်းပသည်။ မှူးမတ်ဗိုလ်ပါ စုံညီတက်ရောက်ကြသည်။ သံအဖွဲ့ဝင် အားလုံးလည်း တက်ရောက်သည်။သားတော်သောမသည် ပရိသတ်ဗိုလ်ပုံ အလယ်တွင် ရဲရင့်စွာထိုင်လျက် မေးခွန်းသုံးသွယ်ကို အောက်ပါအတိုင်း ရှင်းလင်း ပြတ်သားစွာ ဖြေဆိုသည်။
၁။ အရိုးသာ အတောင်အမြီးဖြစ်သော ငှက်မှာ ပိတုန်းဖြစ်ပါသည်။
၂။ အသားသာ အတောင်အမြီးဖြစ်သော ငှက်မှာ ရှူးပျံ ဖြစ်ပါသည်။
၃။ အမွေးသာ အတောင်အမြီးဖြစ်သော ငှက်မှာ ဥဒေါင်း ဖြစ်ပါသည်။
ဤသို့ ဖြေဆိုလိုက်သောအခါ သံ အဖွဲ့ဝင် များက -
"ဟုတ်ပါပေသည်”
ဟုဆိုကာ သောမကို ချီးကျူးကြသည်။ ဆုလာဘ်များ ပေးအပ်ကြသည်။
မင်းကြီးနှင့်တကွ မှူးမတ်ပြည်သူအားလုံးလည်း ဝမ်းမြောက် ဂုဏ်ယူမဆုံး ရှိကြသည်။ ထိုနေ့ မှာပင် မင်းကြီးသည် မှူးမတ်များနှင့် တိုင်ပင်ကာ သားတော်ငယ်သောမကို အိမ်ရှေ့အရာနှင်းအပ် ချီးမြင့် လိုက်လေသည်။
ကျမ်းကိုး ။ ။ (၁) မင်္ဂလာသာရ ဒီပနီကျမ်း။(၂) မြန်မာ့ဂုဏ်ရည် (ဦးဖိုးကျား)။
အမှန် ("ာ"ထည့်စရာမလို) | အမှား ("ာ"ပို) |
ဘေးဥပဒ် | ဘေးဥပါဒ် |
အရုဏ်ဦး | အာရုဏ်ဦး |
ဒဏ်ကြေး | ဒါဏ်ကြေး |
အနာဂတ် | အနာဂါတ် |
ဟေမန် | ဟေမာန် |
သာမန် | သာမာန် |
စကြဝဠာ | စကြာဝဠာ |
ရလဒ် | ရလာဒ် |
စံပယ်ပန်း | စံပါယ်ပန်း |
လှည်းယဉ် | လှည်းယာဉ် |
Source : မြန်မာအဘိဓာန်၊ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၊ မြန်မာစာ၊ မြန်မာစကား၊
အမှန် | အမှား | အမှန် | အမှား |
နုတ်ထွက် | နှုတ်ထွက် | သန္နိဋ္ဌာန် | သံဓိဋ္ဌာန် |
အမီလိုက် | အမှီလိုက် | အခမ်းအနား | အခန်းအနား |
နေ့လယ် | နေ့လည် | ရလဒ် | ရလာဒ် |
ရာနှုန်း | ရာနှုံး | ရန်ငြိုး | ရန်ညှိုး |
ရန်ပုံငွေ | ရံပုံငွေ | တုံ့ပြန် | တုန့်ပြန် |
ရုပ်သိမ်း | ရုတ်သိမ်း | စိစစ် | စီစစ် |
ရှုံ့ချည်နှပ်ချည် | ရှုတ်ချည်နှပ်ချည် | ရှုတ်ချ | ရှုပ်ချ |
ရှုပ်ထွေး | ရှုတ်ထွေး | ကတိကဝတ် | ဂတိဂဝတ် |
ကတည်းက | ကထဲက | ခြစ်ကုတ် | ချစ်ကုတ် |
ခြိုးခြံ | ချိုးခြံ | ချက်ချင်း | ချက်ခြင်း |
ပရိသတ် | ပရိတ်သတ် | ကရုဏာ | ဂရုဏာ |