၆။ မိမိကိုယ်ကို ကောင်းစွာစောင့်ထိန်းခြင်း (အတ္တသမ္မာ ပဏိဓိ စ)
မိမိကိုယ်ကို ကောင်းစွာ စောင့်ထိန်းခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ ရှေးသရောအခါ ဗာရာဏသီမင်းတစ်ပါးတွင် သားတစ်ထောင် ရှိသည်။ ထိုသားတစ်ထောင်ထဲမှ အငယ်ဆုံးမင်းသားသည် မိမိ မင်းမဖြစ်နိုင်ကြောင်း ဆင်ခြင်မိသည်။ နန်းတော်သို့ ဆွမ်းစား ကြွလာသော ပစ္စေက ဗုဒ္ဓါတို့က -
“သင်မင်းသား ဂန္ဓရတိုင်း၊ တက္ကသိုလ်ပြည်သို့ ခုနစ်ရက်ဖြင့် အရောက်သွားနိုင်လျှင်မူ ထိုတိုင်းပြည်၌ မင်းဖြစ်လိမ့်မည်။ သို့ရာတွင် လမ်းခရီး၌ ဘီလူးမတို့ ရှိသည်။ သူတို့က အာရုံ ငါးပါးဖြင့် ဖြားယောင်း ဖျက်ဆီးကြလိမ့်မည်။ ထိုအာရုံ ငါးပါး နောက်သို့ မလိုက်ဘဲ မိမိစိတ်ကို စောင့်ထိန်းနိုင်လျှင် သင်မင်းဖြစ်မည်။ ထိုသို့မဟုတ်ပါက ဘီလူးစားခံရလိမ့်မည်”
ဟူ၍ မိန့်တော်မူကြသည်။
မင်းသားလည်း အရှင်မြတ်တို့၏ သတိပေးချက်ကို နာယူကာ အဖော်ငါးဦးနှင့်အတူ တက္ကသိုလ်ပြည်သို့ ထွက်ခွာသွားသည်။
မကြာမီ တောအုပ်သို့ ဝင်မိသည်။ တိုတောအုပ်တွင် ဘီလူးမတို့သည် လူယောင်ဖန်ဆင်းလျက် အဖိုးတန် အဝတ်တန်ဆာများ ဝတ်ဆင်ထားကြသည်။ သူတို့ကို တွေ့သောအခါ အဖော်ငါဦးအနက် တစ်ဦးသည် မိန်းမလှဟန် ဖန်ဆင်းထားသော ဘီလူးမ၏ အဆင်းကို မတပ်မက်ဘဲ မနေနိုင်။ စိတ်ကိုမထိန်းနိုင်။ နောက်ချန်နေရစ်သည်။ ဤတွင် ဘီလူးမက အဆင်းဖြင့် မြှူဆွယ်ပြီးလျှင် ထိုသူကို စား လိုက်လေသည်။
ဤသို့ အဆင်းကို တပ်မက်သူအား စားပြီးနောက် ဘီလူးမတို့သည် တေးသံ၊ တူရိယာ စသည့် အသံဖြင့် မြူဆွယ်ပြန်သည်။ မင်းသား၏ ကျန်အဖော် လေးယောက်အနက်မှ တစ်ဦးမှာ အသံကို တပ်မက်သူဖြစ်သည်။ ထိုသူသည် မထိန်းနိုင်၊ နောက်ချန်နေရစ်ပြန်သည်။ ဘီလူးမတို့က ထိုသူ၏ အကြိုက်ကို ဆောင်ပြီးနောက် စားပြန်လေသည်။
ထို့နောက် အနံ့၊ အရသာ၊ အတွေ့တို့ဖြင့် အမျိုးမျိုး မြူဆွယ်ကြပြန်သည်။ မင်းသား၏ ကျန်အဖော် သုံးယောက်မှာ မထိန်းနိုင်ကြ။ တစ်ယောက်ပြီး တစ်ယောက် နေရစ်ခဲ့ရာမှ ဘီလူးမတို့၏ အစာဖြစ်သွားလေသည်။
နောက်ဆုံး၌ မင်းသား တစ်ဦးတည်းသာ ကျန်တော့သည်။ ဘီလူးမတစ်ယောက်က 'ဤယောကျ်ားသည် အလွန်သတိရှိသည်။ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို ထိန်းနိုင်သည်။ သို့ရာတွင် ဤသူကို မရရအောင် ဖြားယောင်းမည်။ ဤသူ့ အသားကို စားပြီးမှပြန်တော့မည်' ဟူ၍ ကြံစည်သည်။ မိန်းမပျိုယောင် ဆောင်လျက် မင်းသားနောက်က ကပ်၍ လိုက်သွားသည်။
ခရီးလမ်းတွင် တွေ့သူများက မေးရာ ဘီလူးမက -
“ရှေ့ကသွားသော မင်းသားသည် မိမိခင်ပွန်းဖြစ်သည်" ဟု လိမ်ညာပြောဆို၏ ။
မင်းသားကမူ -
"သူ၏ မယားမဟုတ်၊ ဘီလူးမဖြစ်သည်"
ဟုဆို၏ ။
ခရီးသွားအများစုသည် ဘီလူးမစကားကိုပင် အမှန်ထင်ကြ၏ ။
နောက်ဆုံးတွင် တက္ကသိုလ်ပြည်သို့ ရောက်သွားသည်။ မင်းသားသည် မြို့တံခါးအနီး ဇရပ်တစ်ခု၌ နားနေသည်။
ဘီလူးမက မင်းသား၏ ဘုန်းကံကြောင့် ဧရပ်အတွင်းသို့မဝင်နိုင်။ အလွန်လှပသော မိန်းမပျိုအသွင် ဖန်ဆင်းကာ ဇရပ်တံခါး၌ ရပ်နေသည်။ ထိုအခိုက် တက္ကသိုလ်ပြည့်ရှင် ဘုရင်ရောက်လာပြီး ထိုဘီလူးမကို မြင်လျှင် နှစ်သက်သွားသည်။ မင်းသားက ရှင်းလင်း ပြောပြသော်လည်း မနာယူ။
"ပိုင်ရှင်ယောကျ်ားမရှိသူ ဖြစ်သည်”
ဆိုကာ ဘီလူးမကို သိမ်းပိုက်လိုက်သည်။ မိဖုရားကြီးအရာ၌ ထားလေသည်။ ထိုညမှာပင် ဘုရင်အိပ်ပျော်လျှင် ဘီလူးမသည် မိမိအဖော်တို့ထံသွား၍ ဘီလူးတို့ကို ခေါ်လာခဲ့သည်။ သူသည် ဘုရင်ကို ကိုက်သတ်စားသည်။ ကျန်ဘီလူးတို့က နန်းတွင်းရှိ လူအားလုံးတို့ ကို စားပစ်ကြသည်။
နံနက် မိုးသောက်သော် အရိုးများ ပြည့်နှက်နေသော နန်းတော်ကို လူတို့မြင်ကြရသည်။ ထိုအခါမှ မင်းသားကို လေးစားမြတ်နိုး ယုံကြည်သွားကြသည်။
"ထိုယောကျ်ားသည် သတိပညာနှင့် ပြည့်စုံသည်။ မိမိကိုယ်ကို ကောင်းစွာထိန်းသိမ်းနိုင်သူ ဖြစ်သည်။ ထိုသူကို မင်းမြှောက်ရသော် ငါတို့တိုင်းပြည် ချမ်းသာ၍ စည်ပင်သာယာဝပြောလိမ့်မည်"
ဆိုကာ မင်းသားကို မင်းမြှောက်ကြလေသည်။
မင်းသားသည် မိမိကိုယ်ကို ကောင်းစွာ စောင့်ထိန်းခြင်းဟူသော မင်္ဂလာကို ကျင့်သုံးလိုက်နာသဖြင့် ဘုရင်အဖြစ်ကို ရရှိသွားလေသည်။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်။ တေလပတ္ထဇာတ်
No comments:
Post a Comment