၇။ အကြားအမြင်များခြင်း (ဗာဟုဿစ္စဉ္စ)

        အကြားအမြင်များခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ ကြီးပွားခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။

        တစ်ရံရောအခါ ကုသဝတီပြည်၌ မဟာသမ္မတမင်း စိုးစံသည်။ ထိုမင်းလက်ထက်တွင် ပုဏ္ဏားခုနစ်ယောက်တို့သည် အဆွေခင်ပွန်းဖွဲ့ကြပြီးလျှင် အမြို့မြို့အရွာရွာသို့ လှည့်လည်ကြသည်။ ဗေဒင်လက္ခဏာဟော၍ စီးပွားရှာကြသည်။ ရသောငွေတို့ကို စုဆောင်းထားကြရာ အသပြာငါးရာ စုဆောင်းမိသည်။ အသပြာ ၇ဝဝ ပြည့်မှ ခွဲဝေယူကြရန် သဘောတူကြသည်။ ရရှိထားသော အသပြာငါးရာကို သူဆင်းရဲမ တစ်ယောက်ထံ၌ အပ်နံထားသည်။ သူဆင်းရဲမအား -

        “ဤအသပြာငါးရာကို အသင် ကောင်းစွာ သိမ်းဆည်းထားပါ။ ငါတို့ ခုနစ်ယောက် စုံစုံညီညီ လာရောက်တောင်းမှ ပေးပါ။ ခုနစ်ယောက် မပြည့်ဘဲ လာတောင်းလျှင် မပေးပါနှင့်”

        ဟူ၍ မှာကြားထားသည်။

        ထို့နောက် ပုဏ္ဏား ခုနစ်ယောက် အတူထွက်ခွာသွားကြသည်။ သူဆင်းရဲမ၏ အိမ်နှင့်မနီးမဝေး လှမ်း၍ ခေါ်သံ ကြားလောက်သော အရပ်ရှိ ချောင်းတစ်ခုတွင် ပုဏ္ဏားတို့ ဘာသာဘာဝ ဦးခေါင်းဆေးမင်္ဂလာပြုရန် ပြင်ဆင်ကြသည်။

        တရော်ကင်ပွန်း မပါသဖြင့် အတူပါလာသော ပုဏ္ဏားငယ် တစ်ယောက်အား သူဆင်းရဲမထံသွား၍ တရော်ကင်ပွန်း တောင်းရန် စေလိုက်သည်။ ပုဏ္ဏားငယ်သည် ရိုးဖြောင့်သူမဟုတ်။ သူဆင်းရဲမထံ ရောက်သောအခါ တရော်ကင်ပွန်းကိုသာမက အသပြာ ငါးရာကိုပါ တောင်းလေသည်။ သူဆင်းရဲမကလည်း ခုနစ်ယောက်မပြည့်သဖြင့်မပေးပေ။ ပုဏ္ဏားငယ်က -

        “ကျွန်ုပ်ကို မယုံကြည်သော် ကျန်ပုဏ္ဏားကြီးတို့အား ဟစ်၍မေးလော့”

        ဟု ပရိယာယ်ဖြင့် ဆိုသည်။ သူဆင်းရဲမကလည်း -

        “အရှင်ပုဏ္ဏားကြီးတို့ အပ်ခဲ့သော ဥစ္စာကို ပေးလိုက်ရမည်လော"

        ဟု ဟစ်၍ မေးသည်။

        ပုဏ္ဏားခြောက်ယောက်တို့ကလည်း တရော်ကင်ပွန်းကို မေးသည်ထင်၍ -

        “ပေးလိုက်ပါ"

        ဟု ဟစ်၍ ဆိုကြသည်။

        သူဆင်းရဲမလည်း အသပြာငါးရာကို ပေးလိုက်လေသည်။ ပုဏ္ဏားငယ်သည် အသပြာ ငါးရာကို တစ်နေရာ၌ ဝှက်ထားသည်။ တရော်ကင်ပွန်းကိုသာ ပုဏ္ဏားကြီးတို့ကို ပေးသည်။ အားလုံး ခေါင်းဆေး မင်္ဂလာပြုကြပြီးသော် ခရီးဆက်၍ သွားကြသည်။ ညဘက်ရောက်သောအခါ ပုဏ္ဏားငယ်သည် ဝှက်ခဲ့သော အသပြာငါးရာကို ယူ၍ ထွက်ပြေးသွားလေသည်။

        နံနက်သို့ရောက်သောအခါတွင်မှ ပုဏ္ဏားကြီးတို့သည် ပုဏ္ဏားငယ်၏ အကြံကို သိရှိကြလေသည်။ ပုဏ္ဏားကြီးတို့သည် သူဆင်းရဲမထံသွား၍ -

        “ငါတို့ ခုနစ်ယောက် အစုံအညီ လာရောက် တောင်းမ အသပြာပေးပါဟု ဆိုခဲ့သည်။ ယခု ပုဏ္ဏားငယ် တစ်ယောက်တည်းကို ဘာကြောင့်ပေးရသနည်း”

        ဟု ပြစ်တင်ပြောဆိုသည်။ သူဆင်းရဲမက -

        “ကျွန်မ ဟစ်၍ မေးပါသေးသည်။ အရှင်ပုဏ္ဏားကြီးတို့အားလုံးက ပေးပါဆို၍ ပေးလိုက်ရသည်။ ကျွန်မ၌ တာဝန်မရှိပါ"

        ဟူ၍ ပြန်ပြောသည်။

        ပုဏ္ဏားကြီးတို့ မကျေနပ်ကြသဖြင့် ဘုရင်ထံသွား၍ တိုင်ကြားကြသည်။ ဘုရင်လည်း သူဆင်းရဲမကို ခေါ်ယူစစ်ဆေးသည်။ ဘုရင်က သူဆင်းရဲမမှာ အပြစ်ရှိသည်ဟုဆိုကာ အသပြာငါးရာကို ပေးလျော်စေသည်။ သူဆင်းရဲမက -

        "ကျွန်တော်မျိုးမမှာ ဆင်းရဲသူ မုဆိုးမ ဖြစ်ပါသည်။ လူမမည် သမီးကလေး တစ်ယောက်ကိုသာ အဖော်ပြု၍ နေရပါသည်။ အလျော် ပေးရန် ငွေမရှိပါ"

        ဟူ၍လျှောက်ထားသည်။ ဤတွင် ဘုရင်က -

        "ဥစ္စာကို မပေးနိုင်လျှင် သင်ကိုယ်တိုင် ပုဏ္ဏားကြီးတို့ ထံတွင် တစ်လှည့်စီ ကျွန်ခံစေ”

        ဟု စီရင် လိုက်လေသည်။

        ဤစီရင်ချက်အတိုင်းပင် သူဆင်းရဲမသည် ပုဏ္ဏားကြီးခြောက်ယောက်ထံတွင် လဝက်စီ အလှည့်ကျ ကျွန်ခံရရှာသည်။

        ထိုစဉ်လူမမည် သမီးကလေးသည် ကြီးပြင်းလာသည်။ သမီးကလေးသည် ထူးခြားလိမ္မာသည်။ သူသည် စာပေကျမ်းဂန်များကို သင်ယူသည်။ လေ့လာဖတ်ရှု မှတ်သားသည်။ လူကြီးသူမတို့၏ အဆုံးအမကိုလည်း ကောင်းစွာ နာယူ မှတ်သားသည်။ အကြားအမြင်များသူ ဖြစ်လာသည်။ သို့ဖြင့် ၁၈ နစ် အရွယ်သို့ ရောက်လျှင် -

        "မိခင်၏ အဖြစ်ကို မကျေနပ်နိုင်ပါ၊ ကျွန်မခံသင့်ပါ”

        ဟုဆို၍ မိခင်ကို ခေါ်ကာ ဘုရင်ထံသို့ သွားသည်။

        ဘုရင်အား အမျိုးသမီးငယ်က -

        "ကျွန်တော်မ၏ မိခင် ကျွန်ခံရသည့် ကိစ္စ မကျေနပ်နိုင်ပါ ။ အရှင့်ရှေ့တော်ဝယ် ပုဏ္ဏားတို့နှင့် တရားဆိုင်လိုပါသေးသည်”

        ဟုလျှောက်၏။

        ဘုရင်လည်း ခွင့်ပြုကာ ပုဏ္ဏားခြောက်ယောက်ကို ခေါ်ပေးသည်။ ပုဏ္ဏားခြောက်ယောက်တို့ ရောက်လာသော် အမျိုးသမီးငယ်က ဘုရင့်ထံမှ ငွေအသပြာ ငါးရာ ခေတ္တ ချေးယူသည် ။ ထို့နောက် အသပြာငါးရာထုပ်ကို ကိုင်လျက် ပုဏ္ဏားတို့အား အရေးဆိုသည်။

        "အသပြာငါးရာကို ပေးအပ်လျှင် ကျွန်ုပ်မိခင်အား ကျွန်အဖြစ်က လွှတ်မည်လော”

        ဟုမေးသည်။ ပုဏ္ဏားတို့ကလည်း -

        “လွှတ်ပါမည်"

        ဟု ဝန်ခံကြသည်။ ထိုအခါ အမျိုးသမီးငယ်က -

        "ယခု အသပြာငွေ ရပါပြီ။ ကျွန်မ ပေးဆပ်ပါတော့မည်။ အပ်နှံရင်း ပုဏ္ဏားခုနစ်ယောက်ပြည့်အောင် ခေါ်ပါဦး”

        ဟုဆိုသည်။

        ပုဏ္ဏားခြောက်ယောက်တို့မှာ ခုနစ်ယောက်မပြည့်။ အသပြာကို လက်မခံနိုင်။ အသပြာငွေကို ခိုးသွားသော ပုဏ္ဏားငယ် မည်သည့်အရပ်သို့ ထွက်ပြေးသွားသည်ကိုလည်း မသိကြ။ မည်သို့မျှ မတတ်နိုင်အောင် ဖြစ်ကြရသည်။

        ထိုအခါ မှူးမတ်တို့သည် အမျိုးသမီးငယ်၏ ဉာဏ်ပညာကို ချီးကျူး မဆုံးရှိကြသည်။ ပုဏ္ဏားခြောက်ယောက်တို့ပင် မနေသာ ချိုးကျူးသမှု ပြုကြရသည်။ ဘုရင်ကလည်း -

        “ငါ စီရင်အပ်သောတရားကား ယွင်းမှားပေစွ။ ယနေ့မှစ၍ သူဆင်းရဲမကို ကျွန်အဖြစ်မှ လွတ်စေ။ ငါတရားမှားသည့် အတွက်ကြောင့် အမျိုးသမီးငယ် ချေးငှားသော အသပြာငါးရာကို လျော်ကြေးအဖြစ် အပြီးအပိုင်ယူစေ"

        ဟူ၍ ပြောင်းလွဲစီရင်လိုက်လေသည်။

        ထို့နောက် ဘုရင်သည် အမျိုးသမီးငယ်၏ အကြားအမြင်များမှု၊ ဉာဏ်ပညာရှိမှုကို လေးစား မြတ်နိုးသဖြင့် အမျိုးသမီးငယ်ကို မိဖုရား မြှောက်လိုက်လေသည်။ ပြည်ထဲရေးကို တိုင်ပင်နှီးနောခြင်း ပြုလေသည်။

ကျမ်းကိုး ။ ။ ဓမ္မဂန်ဖတ်စာနှင့် ပုရာဏ်ကျမ်း (ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး)

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!