၈။ စက်မှုလက်မှုပညာ တတ်မြောက်ခြင်း (သိပ္ပဉ္စ)
စက်မှုလက်မှုပညာ တတ်မြောက်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ တစ်ရံရောအခါ ကာသိတိုင်းရှိ ရွာတစ်ရွာတွင် ပန်းပဲသမား လုလင်ပျို တစ်ယောက်ရှိသည်။
သူသည် ပန်းပဲပညာကို အထူးကြိုးစား သင်ယူထားသဖြင့် ထူးချွန်စွာ တတ်မြောက်သည်။ ဓား၊ လှံ တို့မှအစ အပ်တိုအထိ သံထည်ပစ္စည်း အမျိုးမျိုးကို ထူးခြားစွာ ပြုလုပ်တတ်သည်။
ပန်းပဲ လုလင်ပျို နေထိုင်ရာ ရွာအနီးတွင် အိမ်ခြေတစ်ထောင်ရှိသော ပန်းပဲရွာကြီးတစ်ရွာ ရှိသည်။ ထိုရွာရှိ အကြီးအကဲဖြစ်သူ ပန်းပဲဆရာကြီးတွင် သမီးပျိုတစ်ယောက်ရှိသည်။ သူသည် လှပတင့်တယ်၍ လိမ္မာယဉ်ကျေးသည်။
သူ၏ ဂုဏ်သတင်းကို ပန်းပဲလုလင်ပျို ကြားသောအခါ မမြင်ဖူးဘဲနှင့် မေတ္တာသက်ဝင်မိသည်။ ထို့ကြောင့် သူသည် မိမိ၏ ပညာစွမ်းကို ပြ၍ မိန်းမပျိုကို ရအောင်ဆောင်နှင်းမည်ဟု ကြံစည်ကြိုးစားသည်။
သူသည် အလွန်ကောင်းသော သံဖြင့် အလွန်သေးငယ်သော အပ်တစ်ချောင်းကို ပြုလုပ်သည်။ အပ်တွင် နဖားထွင်းပြီးလျှင် ရေပေါ်၌ ပေါ်အောင် စီမံပြုလုပ်သည်။
ထို့နောက် ထိုအပ်နှင့် အလားတူသော နဖားပါသည့် အပ်အိမ်ကို ပြုလုပ်သည်။ အပ်ကို ထိုအပ်အိမ်ထဲတွင် ထည့်သည်။ ထို့နောက် အလားတူ အပ်အိမ်တစ်ခုကို လုပ်ပြန်သည်။ ပထမ အပ်အိမ်ကို ဒုတိယ အပ်အိမ်၌ ထည့်သည်။ ဤသို့ လျှင် အပ်အိမ် အဆင့်ဆင့်ပြု၍ ထည့်သည်။ အပ်အိမ် ခုနစ်အိမ်အထိ ပြုလုပ်သည်။ ထို့နောက် ယင်းကို အပ်ကျည်တောက်တွင် ထည့်၍ ပန်းပဲရွာသို့ ယူဆောင်သွားသည်။ သူသည် ပန်းပဲ ဆရာကြီး၏ နေအိမ်ရှေ့သို့ ရောက်သောအခါ အပ်ရောင်းမည်ဟူ၍ ဟစ်အော်သည်။ ပန်းပဲ ဆရာကြီး၏ သမီးပျိုသည် အိမ်ထဲမှ ထွက်လာပြီးလျှင် -
“တခြားရွာက အပ်အလိုရှိသူများပင် သည်ရွာသို့ လာ၍ ဝယ်ကြရသည်။ မောင်ကြီး၏ အပ်ကို တခြားရွာသို့ သွား၍ရောင်းပါလေ”
ဟူ၍ ညင်သာစွာ ပြောဆိုသည်။ ပန်းပဲလုလင်ပျိုက -
“မောင်ကြီး၏ အပ်သည် တခြားအပ်များနှင့် မတူ၊ ထူးခြားလှပါသည်။ မောင်ကြီး၏ အပ်ကို နှမ၏ဖခင်သာ တွေ့မြင်ပါက မောင်ကြီး၏ ပညာကို ချီးကျူးကာ နှမငယ်နှင့်ပင် လက်ဆက်ပေးမည် ထင်ပါသည်” ဟူ၍ ပြော၏။
ထိုစကားကို ပန်းပဲဆရာကြီး ကြားသောအခါ လုလင်ပျိုကို အိမ်ထဲသို့ ခေါ်စေသည်။ ယူဆောင် လာသော အပ်ကို ပြစေသည်။ လုလင်ပျိုက -
“ဖခင်တစ်ဦးတည်း ကြည့်ရသည်ထက် တခြားပန်းပဲ ဆရာများနှင့်အတူ ကြည့်ရသည်က ပိုကောင်းပါလိမ့်မည်”
ဟုဆို၏ ။
သို့ဖြင့် ပန်းပဲဆရာကြီးသည် ရွာတွင်းရှိ တခြားပန်းပဲဆရာများကိုပါ ခေါ်ယူစုရုံး၍ ကြည့်ရှု စေသည်။ လူစုံသောအခါ လုလင်ပျိုသည် အပ်ကျည်တောက်ထဲမှ အပ်အိမ်ငယ်ကို ထုတ်၍ ပြသည်။ ပန်းပဲဆရာကြီးက -
“အမောင်၊ ဤအရာသည် အပ်လော”
ဟု မေးသည်။ လုလင်ပျိုက -
“အပ်မဟုတ်သေးပါ ။ အပ်အိမ်မျှသာ ဖြစ်ပါသည်”
ဟူ၍ ဆို၏။
ပန်းပဲဆရာကြီးသည် အပ်အိမ်ကို သေချာစွာ စစ်ဆေးကြည့်သည်။ အပ်အိမ်မှာ နဖားပါနေ သဖြင့် အပ်အိမ်နှင့်မတူ၊ အပ်ဟူ၍ပင် ထင်မှတ်ရသည်။ လုလင်ပျိုသည် ပန်းပဲဆရာကြီး လက်မှ အပ်အိမ်ကို ယူလျက် လက်သည်းဖြင့် ခြစ်၍ အပ်အိမ်ခုနစ်ခုကို တစ်ခုပြီးတစ်ခု ချွတ်ပြသည်။ နောက်ဆုံးတွင်မှ အပ်ငယ်ပေါ် ထွက်လာသည်။ ပန်းပဲဆရာကြီး၊ ကျန်ပန်းပဲဆရာများနှင့် ပရိသတ် အားလုံးပင် အပ်ကို ကြည့်ကာ အံ့ချီးမဆုံး ရှိကြသည်။
လုလင်ပျိုသည် မိမိ၏ အပ်အစွမ်းကို ဆက်လက်ပြရန်အတွက် ပေခုံကိုလည်း တောင်းသည်။ ရေအပြည့် ထည့်ထားသော ကြေးခွက်ကိုလည်း တောင်းသည်။
ထို့နောက် လုလင်ပျို ပန်းပဲယောကျ်ားကြီးတစ်ဦးအား ပေခုံကို ကိုင်ထားစေသည်။ တခြား တစ်ဦးအား ထိုပေခုံအောက်တွင် ရေထည့်ထားသော ကြေးခွက်ကို ကိုင်ထားစေသည်။ အားလုံး အသင့်ဖြစ်ကြသော် သူ သည် အပ်ကို ပေ၌စိုက်၍ တူဖြင့် တအားထုချလိုက်သည်။
ထိုအခါ အပ်သည် ပေခုံကို ထုတ်ချင်းခပ် ဖောက် ထွင်းကာ ရေခွက်ထဲသို့ ကျသွားသည်။ ကျရာတွင် ရေအောက်သို့လည်း ရောက်မသွား၊ ရေမျက်နှာပြင်ပေါ်လည်း ပေါ်မနေ၊ ရေလယ်၌သာတည်နေသည်။
ပန်းပဲဆရာအားလုံးက -
"ဤမျှ ကောင်းမွန်လှသော၊ အစွမ်းထက်လှသော အပ်မျိုးကို ငါတို့ လုပ်တတ်ရန် ဝေးစွ၊ မြင်မျှပင် မမြင်ဖူးပါ။ ယခုမှသာ မြင်ဖူးပါတော့သည်"
ဟူ၍ ဝန်ခံပြောဆိုကြသည်။
လက်ပမ်းပေါက်ခတ် ချီးကျူးကြသည်။ ပန်းပဲဆရာကြီးသည်လည်း လုလင်ပျို၏ ပညာစွမ်းကို အလွန် နှစ်သက်သွားသည်။ ထိုနေရာမှာပင် မိမိ၏ သမီးပျိုနှင့် လက်ထပ် ထိမ်းမြားပေးလေသည်။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ သူစိဇာတ်
No comments:
Post a Comment