၉။ ကိုယ်ကျင့်ဝိနည်းကို စောင့်ထိန်းလိုက်နာခြင်း (ဝိနယော စ သုသိက္ခိတော)
ကိုယ်ကျင့်ဝိနည်းတို့ကိုစောင့်ထိန်းလိုက်နာခြင်း၊ တစ်နည်းအားဖြင့် ရဟန်းကျင့်ဝတ် ၊ လူကျင့်ဝတ်တို့ကို စောင့်ထိန်း လိုက်နာခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ လွန်လေပြီးသောအခါ ဗာရာဏသီပြည်တွင် စဏ္ဍာလ လင်မယား နှစ်ယောက်ရှိသည်။
တစ်နေ့သ၌ စဏ္ဍာလ၏ မယားသည် သရက်သီးစားချင်သော ချင်ခြင်းဖြစ်၏ ။ ထို့ကြောင့် ယောကျ်ားဖြစ်သူကို သရက်သီး ရှာဖွေပေးရန် ပြောဆိုသည်။ ထိုအချိန်မှာ သရက်သီးပေါ်ချိန် မဟုတ်သဖြင့် ယောကျ်ားက သရက်သီး မရနိုင်ဟု ဆို၏ ။ မိန်းမက -
“သရက်သီးမစားရလျှင် သေရပါလိမ့်မည်၊ ကြံဖန်ရှာဖွေပေးပါ”
ဟူ၍ ငိုယိုပူဆာ၏။
စဏ္ဍာလယောကျ်ားလည်း မယားကိုချစ်လှသောကြောင့် သရက်သီး ရနိုင်မည့်နေရာကို လိုက်လံစုံစမ်းသည်။ ထိုအခါ ဗာရာဏသီမင်း၏ ဥယျာဉ်ထဲရှိ သရက်ပင်တစ်ပင်တွင် သရက်သီးရှိကြောင်း စုံစမ်းသိရှိရသည်။
ဤတွင် သူသည်စဉ်းစားဆင်ခြင်ခြင်းမပြု၊ ညဉ့်အချိန်တွင် ဘုရင့်ဥယျာဉ်တော်သို့ တိတ်တဆိတ် ခိုးဝင်သည်။ သရက်ပင်များပေါ်သို့ တစ်ပင်ပြီး တစ်ပင်တက်သည်။ သရက်သီးကို ရှာဖွေသည်။ ထိုစဉ် မိုးလင်းသွားသည်။ သူသည် ထိတ်လန့် တုန်လှုပ်သွားသည်။ အစောင့်တို့မြင်လျှင် ဖမ်းဆီး၍ ပြစ်ဒဏ်ပေးခံရမည်ကို ကြောက်လန့်သွားသည်။ ညဉ့်အချိန်ကျမှ တိတ်တဆိတ် ထွက်ပြေးတော့မည်ဟူ၍ ကြံစည်သည်။ အပင်ပေါ်မှာပင် ပုန်းအောင်းနေသည်။
ထိုအခိုက်တွင် ဗာရာဏသီမင်းသည် ပုရောဟိတ်ပုဏ္ဏားနှင့်အတူ ဥယျာဉ်ထဲသို့ ဝင်ရောက်လာသည်။ မင်းသည် ပုဏ္ဏားထံမှ ဗေဒင်သင်ယူရန် ရောက်လာခြင်းဖြစ်သည်။ သူတို့နှစ်ဦးသည် စဏ္ဍလယောကျ်ား ပုန်းအောင်းနေသော သရက်ပင်ခြေရင်းတွင် နေရာယူကြသည်။ မင်းသည် မြင့်သော နေရာကနေလျက် ဗေဒင်ပညာကို သင်ယူနေသည်။
ထိုအခြင်းအရာကို စဏ္ဍလယောကျ်ား တွေ့မြင်သောအခါ အမြင်မတော် ဖြစ်မိသည်။ မင်းနှင့်ပုဏ္ဏားတို့၏ အမှားကို ဆင်ခြင်မိသည်။ ထို့ပြင် မိမိ၏ အမှားကိုလည်း ဆင်ခြင်မိသည်။ ထို့ကြောင့် သူသည် သစ်ပင်ပေါ်မှ ဆင်း၍ မင်းကို ရှိခိုးလျက် လျှောက်ထားသည်။
“အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ သုံးဦးစလုံး အသီးသီးလိုက်နာရမည့် ကျင့်ဝတ်တို့ကို မစောင့်၊ ဖောက်ဖျက် နေကြပါသည်။ ကျွန်တော်မျိုးသည် ကျင့်ဝတ်ကိုမစောင့်၊ မိန်းမအလိုကိုလိုက်၍ အရှင် မင်းကြီး၏ သရက်သီးကို ခိုးယူရန် ဥယျာဉ်တော်တွင်းသို့ ဝင်ရောက်ခဲ့မိပါသည်။
ပုရောဟိတ် ပုဏ္ဏားသည်လည်း ဗေဒင်သင်ပေးသော ဆရာဖြစ်ပါလျက် အမြင့် ကမနေ၊ အနိမ့်ကနေ၍ ပညာသင်ပေးနေသည်။ အရှင်မင်းကြီးသည်လည်း ယခုအချိန်တွင် ဗေဒင်သင်ယူနေသော တပည့်ဖြစ်ပါလျက် အနိမ့်ကမနေ၊ အမြင့်ကနေ၍ ပညာသဝ်ယူနေသည်။ အမြင်မတော်ပါ ။ အမှားကို ပြုကျင့်နေပြီ"
ဟူ၍ လျှောက်ထားသည်။ ထိုအခါ ပုဏ္ဏားက -
“အချင်းယောကျ်ား၊ ငါသည် ဘုရင်ပေးသော ရိက္ခာငွေကိုယူ၍ ထမင်းကို စားနေရသူ ဖြစ်သည်။ ကျင့်ဝတ်ကို မစောင့်နိုင်။ ဘုရင့်အလိုကိုသာ လိုက်နိုင်မည်"
ဟူ၍ ဆို၏ ။ စဏ္ဍာလယောကျ်ားက -
“အို ဆရာပုဏ္ဏား၊ လောကကြီးမှာ ကျယ်ဝန်းလှပါသည်။ ဘုရင်မှ တစ်ပါး သင့်ကို ထမင်းကျွေးနိုင်သူ မရှိပြီလော။ အရပ်တစ်ပါးသို့သွား၍ အသက်မွေးပါ။ ထမင်းမငတ်နိုင်ပါ ။ ကျင့်ဝတ်ကို မဖောက်ဖျက်ပါနှင့်။ ကျောက်သည် အိုးကို ခွဲသကဲ့သို့ မဟုတ်မမှန်သော အမှုသည် သင့်ကို ပျက်စီးစေလိမ့်မည်။ မဟုတ်မမှန်သော အမှုကို ပြု၍ရရှိသော စည်းစိမ်ဥစ္စာကို စက်ဆုပ်ပါ။ မမက်မောပါနှင့်”
ဟူ၍ ပြောဆိုသည်။
ထိုစကားကို ကြားသောအခါ မင်းသည် စဏ္ဍာလယောကျ်ားကို လေးစားနှစ်သက်သွားသည်။ မျိုးမည်ကို မေးကြည့်သောအခါ စဏ္ဍာလဖြစ်သည်ကို သိရှိသွားသည်။ သို့ရာတွင် လေးမြတ်ဖွယ် စကားကို ပြောဆို အကြံပြုနိုင်သဖြင့် တန်ဖိုးရှိသောသူ ဖြစ်သည်ဟု ခံယူမိသည်။ ထို့ကြောင့် -
“အမောင် သင်သည် အမျိုးညံ့သော်လည်း နှလုံးကောင်းသည်။ ပညာရှိသည်။ သင့်ကို ငါ လေးစားမြတ်နိုးသည်။ ထို့ကြောင့် အပြစ်မှ ချမ်းသာခွင့် ပေးရုံမျှမက ငါ၏ မင်းစည်းစိမ်ကိုပင် ပေးလိုသည်။ သို့ရာတွင် သင်သည် စဏ္ဍာလမျိုး ဖြစ်နေသောကြောင့် မင်းအဖြစ်ကို ပေး၍မရ။ မည်သို့ပင်ဖြစ်စေ မင်းစည်းစိမ်တစ်ဝက်ကို ငါ ပေးမည်။ နေ့အခါသာ ငါ မင်းပြုမည်။ ညအခါကို အသင် မင်းပြုပါ”
ဟူ၍ ပြောဆိုသည်။
မင်းကြီးသည် ဤသို့ ဆိုကာ စဏ္ဍာလယောကျ်ားကို မြို့စောင့်အဖြစ် ခန့်ထားသည်။ ညအခါတွင် မင်းစည်းစိမ်တစ်ဝက်ကို ပေးသည်။ ထိုနေ့ ထိုအချိန်မှစ၍လည်း ဗေဒင် သင်ယူရာတွင် ဆရာ ပုရောဟိတ်ပုဏ္ဏားကို အမြင့်နေရာတွင်ထားသည်။ မိမိမူကား အနိမ့်နေရာတွင် နေလျက် နှိမ့်ချစွာ သင်ယူလေသည်။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ ဆဝဇာတ်
No comments:
Post a Comment