၁၀။ ချိုသာစွာ ပြောဆိုခြင်း (သုဘာသိတာ စ ယာဝါစာ)
ချိုသာစွာပြောဆိုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ ကြီးပွါးခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်။
လွန်လေပြီးသောအခါ ဂန္ဓာရတိုင်း၊ တက္ကသိုလ်ပြည်၌ နေသော ပုဏ္ဏားတစ်ယောက်တွင် နွားတစ်ကောင်ရှိသည်။ နန္ဒိဝိသာလဟု အမည်ပေးထားသည်။ ပုဏ္ဏားသည် ထိုနွားကို ကောင်းသောနေရာ၌ ထားသည်။ ကောင်းသောအစာတို့ကို ကျွေးသည်။ သားကဲ့သို့ မွေးကျွေးပြုစု စောင့်ရှောက်ထားသည်။ ထို့ကြောင့် နွားသည် ခွန်အားဗလနှင့် အလွန်ပြည့်စုံသည်။
တစ်နေ့သော် နန္ဒိဝိသာလက ‘ပုဏ္ဏားသည် ငါ့အား ကောင်းစွာပြုစု စောင့်ရှောက် ကျွေးမွေးခဲ့သည်။ ကျေးဇူးကြီးလှပေသည်။ ငါပြန်လည် ကျေးဇူးဆပ်မည်’ ဟူ၍ ကြံစည်သည်။ သို့ဖြင့် ပုဏ္ဏားအား -
အရှင်ပုဏ္ဏား မြို့ရှိ ဂေါဝိတ္တက သူဌေးထံ သွားပါ။ ငါ့နွားသည် တစ်စီးနှင့်တစ်စီး တွဲဆက်ထားသော ဝန်အပြည့်ပါ သော လှည်းတစ်ရာကို” တစ်ကောင်တည်း ဆွဲနိုင်သည်ဟု ဆို၍ အလောင်းအစားပြုပါ။ အသပြာ တစ်ထောင် ကြေးလောင်းပါ။ မုချနိုင်ရပါစေမည်”
ဟုဆို၏ ။
ပုဏ္ဏားကလည်း ဂေါဝိတ္တက သူဌေးထံသွား၍ အလောင်းအစား ပြု၏ ။ ချိန်းသောနေ့တွင် ပုဏ္ဏားသည် လောင်းကြေးထပ်သည်။ ထို့နောက် သဲ၊ ကျောက်စရစ် စသည်တို့ကို အပြည့်တင်ထားသော လှည်းတစ်ရာကို နန္ဒိဝိသာလအား ဆွဲစေသည်။ ထိုသို့ ဆွဲစေရာ၌ ပုဏ္ဏားသည် နှင်တံကို ကိုင်မြောက်လျက် -
“ဟဲ့ ကောက်ကျစ်သောနွား၊ သွားလော့။ ဟဲ့ ကောက်ကျစ်သောနွား၊ ဝန်ကို ဆောင်လော့”
ဟုဆို၍ မောင်းနှင်လေသည်။ ထိုအခါ နန္ဒိဝိသာလသည် -
“ငါသည် မည်သည့်အခါမျှ ကောက်ကျစ်ခြင်းမရှိ။ သို့ပါလျက် ငါ့ကို ကောက်ကျစ်သောနွားဟု ဆိုရာသည်လော”
ဟု မခံမရပ်နိုင် ဖြစ်သည်။
သို့ဖြင့် နေရာက မရွှေ့၊ လှည်းတို့ကို မဆွဲ၊ စုံရပ်၍သာ နေလေသည်။ ဤတွင် ပုဏ္ဏား ရှုံးသွားသည်။ သူဌေးကို အသပြာတစ်ထောင် ပေးလိုက်ရသည်။
အိမ်ပြန်ရောက်သော် ပုဏ္ဏားသည် အသပြာတစ်ထောင် ရှုံးသောကြောင့် စိတ်မချမ်းမသာ ဖြစ်လျက် အိပ်ရာထဲ၌ လဲလျောင်းနေသည်။ နန္ဒိဝိသာလလည်း ပုဏ္ဏားထံချဉ်းကပ်၍ -
“အဘယ်ကြောင့် စိတ်မချမ်းမသာ ဖြစ်ရသနည်း”
ဟု မေး၏။
“အသပြာတစ်ထောင်ရှုံးသည်ကို အဘယ်မှာ စိတ်ချမ်းသာနိုင်အံ့နည်း”
“အရှင် ပုဏ္ဏား သင့်အိမ်၌ ငါနေသည်မှာ ကြာလှပြီ။ ငါ့ ကြောင့် အိုးတစ်လုံးကွဲဖူးသလော၊ တစ်စုံတစ်ရာ ပျက်စီးဖူးသလော”
“ချစ်သား၊ တစ်စုံတစ်ရာ မပျက်စီးဖူးပါ”
"အရှင်ပုဏ္ဏား၊ ငါသည် နေရာမဟုတ်၊ စည်းမဲ့ကမ်းမဲ့ ကျင်ကြီး၊ ကျင်ငယ်စွန့်ဖူးသလော”
“ချစ်သား မစွန့် ဖူးပါ”
"အရှင် ပုဏ္ဏား၊ ထိုသို့ဖြစ်လျက် အဘယ့်ကြောင့် ငါ့ကို ကောက်ကျစ်သောနွားဟု ဆိုပါသနည်း။ ထို့ကြောင့် ငါသည် စိတ်ဆိုးကာ လှည်းတို့ကို မဆွဲခြင်းဖြစ်သည်။ သင်ရှုံးရသည်မှာ သင်၏ အပြစ်ဖြစ်သည်။ ငါ့အပြစ် မဟုတ်။ သို့ကြောင့် ယခုတစ်ဖန်သွား၍ လောင်းပါဦး၊ သည်အကြိမ်တွင် အသပြာနှစ်ထောင်ကြေး ထပ်၍လောင်းပါ။ မုချနိုင်ရပါစေမည်”
ပုဏ္ဏားလည်း သူဌေး ဂေါဝိတ္တကထံသွား၍ အလောင်းအစား ပြုပြန်သည်။ ချိန်းဆိုသည့်နေ့တွင် ယခင် နည်းတူပင် လှည်းတစ်ရာကို ပြင်သည်။ ထို့နောက် ပုဏ္ဏားသည် နန္ဒိဝိသာလကျောကုန်းကို လက်ဖြင့်သာသပ်ကာ-
“ကောင်းသောနွား၊ သွားလော့။ လိမ္မာသောနွား၊ ဝန်ကိုဆောင်လော့”
ဟူ၍ ချိုသာစွာ ပြောဆိုမောင်းနှင်သည်။
နန္ဒိဝိသာလလည်း တစ်ဟုန်ချင်းဖြင့် လှည်းတစ်ရာကို အောင်မြင်စွာ ဆွဲယူသွားလေသည်။
ပုဏ္ဏားသည် အနိုင်ရသဖြင့် လောင်းကြေးအသပြာ နှစ်ထောင်ကိုလည်း ရသည်။ ထို့အပြင် ဘေးမှဝိုင်းကြည့်နေသော လူအများက နွားကို သဘောကျလှသဖြင့် ဝိုင်း၍ ချီးမြှောက်ကြသော ဆုငွေများကိုလည်း ရသည်။ ဝမ်းသာအားရမဆုံး ရှိသည်နှင့်အမျှ နွားလိမ္မာကြီး နန္ဒိဝိသာလကို ကျေးဇူးတင်မဆုံးလည်း ရှိလေသည်။ ပုဏ္ဏားသည် ယခုအကြိမ်တွင် ချိုသာစွာ ပြောဆိုသဖြင့် အောင်မြင်ရခြင်း ဖြစ်ပေသည်။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ နန္ဒိဝိသာလဇာတ်
No comments:
Post a Comment