၁၁။ အမိအဖတို့ကို ကောင်းစွာလုပ်ကျွေးခြင်း (မာတာပိတု ဥပဋ္ဌာနံ)
အမိအဖတို့ကို ကောင်းစွာ လုပ်ကျွေးခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားခြင်း အကြောင်းရင်းတစ်ရပ် ဖြစ်သည်။
လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ လုလင်ပျိုတစ်ယောက် ရှိသည်။ သူသည် အမိအဖတို့ကို လွန်စွာ ချစ်ခင်မြတ်နိုး၏။ နတ်သိကြားကဲ့သို့ အမှတ်ပြု၍ ရိုသေစွာ ပြုစုစောင့်ရှောက်၏ ။ထို့ကြောင့် ထိုလုလင်သည် မာတုပေါသက ပိတုပေါသကဟူ၍ အမည်တွင်လေသည်။
တစ်နေ့သောအခါ ထိုလုလင်သည် အမိအဖတို့ကို ချမ်းသာစွာ ထားနိုင်ရန် အခကြေးငွေ ရလို၍ သင်္ဘောဖြင့် စွန့်စားလိုက်ပါလေသည်။ ထိုသင်္ဘောသည် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) သို့ ဆိုက်ကပ် သည်။ ထိုအချိန်မှာ သီဟိုဠ်ကျွန်း၌ သဲမိုးတို့ အဆက်မပြတ်ရွာကာ လူအများ အတိဒုက္ခ ရောက်နေကြသည်။ လယ်ယာစိုက်ခင်းများ ပျက်စီးကြသည်။
သီဟိုဠ်(သီရိလင်္ကာ) မင်းလည်း သဲမိုးရွာသောကပ်မှ လွတ်မြောက်ရန် မည်သို့ပြုရမည်ကို သမားဖြူ၊ သမားညိုတို့ကို ခေါ်၍မေးမြန်းသည်။
သမားဖြူ၊ သမားညိုတို့က -
“အရှင်မင်းကြီး ဤသဲ မိုးရွာသောကပ်သည် အလွန် ထူးခြားသော သစ္စာကိုပြုလျှင် ပျောက်ပါလိမ့်မည်"
ဟူ၍ လျှောက်တင်ကြသည်။
“အဘယ်သစ္စာကို အဘယ်သူအား ပြုစေရမည်နည်း”
ဟူ၍ မင်းက မေးမြန်း၏ ။
“အရှင်မင်းကြီး၊ အမိအဖတို့ကို နတ်သိကြားကဲ့သို့ ယူမှတ်၍ လုပ်ကျွေးသောသူ ကို သစ္စာပြုစေရပါမည်”ဟူ၍ သမားဖြူ၊ သမားညိုတို့က လျှောက်၏ ။ မင်းကလည်း -
“အမိအဖတို့ကို နတ်သိကြားကဲ့သို့ ယူမှတ်၍ ရိုသေစွာ လုပ်ကျွေးသူကို များစွာဆုလာဘ်ပေးမည်။ မောင်းခတ်၍ ရှာလေ”
ဟူ၍ အမိန့်တော်ရှိ၏ ။
မှူးမတ်တို့ကလည်း မောင်းကြေးနင်းခတ်၍ ရှာကြသည်။ တစ်ပြည်လုံးတွင် တစ်ယောက်မျှမရှိ။ အခက်တွေ့နေကြသည်။ ထိုအခါ မာတုပေါသက ပိတုပေါသကလုလင်သည် သင်္ဘောထက်ကနေ၍ -
“အို အချင်းတို့၊ ငါသည် အမိအဖတို့ကို နတ်သိကြားကဲ့သို့ ယူမှတ်၍ ရိုသေစွာလုပ်ကျွေးသူတည်း”
ဟု လှမ်းအော်ပြောသည်။
မှူးမတ် တို့ကလည်း မင်းကြီးအား ထိုအကြောင်းကို လျှောက်ထားသည်။ ထိုအခါ မင်းကြီးက -
“ထိုသူတို့ ခေါ်၍ သစ္စာဆိုစေလော့”
ဟူ၍ မိန့်တော်မူလိုက်သည်။
မှူးမတ် တို့သည် လုလင်ထံသွား၍ သူတို့၏ ဒုက္ခကို ပြောပြကြသည်။ ထိုဒုက္ခမှ လွတ်မြောက်အောင် သစ္စာဆိုပါရန်လည်း ပန်ကြားကြသည်။ ထိုအခါ မာတုပေါသက ပိတုပေါသကလုလင်လည်း သင်္ဘောဦးသို့ တက်ပြီးလျှင်
“ငါသည် လူလားမြောက်ကာ သိမြင်လိမ္မာသည်မှစ၍ အမိအဖ နှစ်ပါးတို့၏ ကျေးဇူးကို အောက်မေ့ဆင်ခြင်ခဲ့သည်။ ကြည်ညိုမြတ်နိုးမဆုံး ရှိခဲ့သည်။ ထို့ကြောင့် အမိအဖ နှစ်ပါးတို့ကို မငတ်မွတ်၊ မနွမ်းနယ်စေရန် အိမ်ဦးနတ် ကဲ့သို့လည်းကောင်း၊ သိကြားမင်း၊ ဗြဟ္မာမင်းကဲ့သို့လည်းကောင်း အမှတ်ထား၍ ရိုသေစွာ လုပ်ကျွေးမွေးမြူသူ မှန်ပါသည်။ ဤသစ္စာအတိုင်း မှန်ပါက ဤသဲ မိုးသည် ချက်ချင်း ရပ်ပါစေသတည်း။ ဤသဲမိုးရပ်သဖြင့် ပြည်သူပြည်သား၊ မင်း၊ မှူးမတ်၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်၊ ကုန်သည်၊ လယ်လုပ်မှစ၍ သတ္တဝါအားလုံး ချမ်းသာကြပါစေသတည်း”
ဟူ၍ သစ္စာပြုသည်။
ထိုသို့သစ္စာပြုသော ခဏမှာပင် သဲ မိုးသည် ရပ်လေ၏။ အားလုံးချမ်းသာရာ ရကြလေသည်။
ထိုအခါ မင်းနှင့်တကွ မှူးမတ်၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်၊ ကုန်သည်၊ လယ်လုပ်မှစ၍ ပြည်သူ ပြည်သားတို့သည် လုလင်အား များပြားလှစွာသော ပစ္စည်းဥစ္စာတို့ဖြင့် ပူဇော်ကြသည်။
လုလင်သည် ထိုပစ္စည်းဥစ္စာတို့ကို သင်္ဘောငါးစင်းဖြင့် တင်၍ အိမ်သို့ ပြန်ခဲ့သည်။ ရောက်သော် အမိအဖတို့အား အကျိုးအကြောင်း ပြောပြကာ ရရှိသောပစ္စည်းများဖြင့် ပူဇော်လေသည်။ သူတို့သုံးဦးသည် ဒါနကောင်းမှု စသည်များကိုပြု၍ ချမ်းမြေ့စွာ နေထိုင်သွားကြသည်။ ကွယ်လွန်သော အခါ နတ်ပြည်သို့ လားကြလေသတည်း။
ကျမ်းကိုး ။ မင်္ဂလာသာရ ဒီပနီကျမ်းမူဟောင်း (၁၉၂၀ ပြည့်နှစ်)၊(ပုသိမ်မြို့၊ ဇမ္ဗူ့မင်္ဂလာသတင်းစာ ဓာတ်စက် ပုံနှိပ်တိုက်)
No comments:
Post a Comment