၁၂။ သားမယားကို ကောင်းစွာကျွေးမွေးစောင့်ရှောက်ခြင်း (ပုတ္တဒါရဿ သၚ်္ဂဟော)
သားမယားကို ကောင်းစွာ ကျွေးမွေးစောင့်ရှောက်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်၏ ။ ကြီးပွားခြင်း အကြောင်းတစ်ရပ် ဖြစ်၏။
ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်းသည် မင်းပြု၏ ။ ထိုအခါ ဗာရာဏသီ ပြည်၏ အနောက်နိဂုံးရွာ၌ သုဒဿန အမည်ရှိသော ယောက်ျားသည် သုဇာတာ အမည်ရှိသော ဇနီးနှင့်အတူ ပေါင်းသင်း နေထိုင်၏။ သူတို့ ဇနီးမောင်နံတွင် သားသမီး သုံးယောက် ထွန်းကားသည်။ သုဇာတာသည် သားသမီးသုံးယောက် မွေးဖွားသော်လည်း ရုပ်ရည်မကျ။ နုပျို၏ ။ အလွန်လှပချောမော၏ ။
သုဒဿနသည် ဇနီးသုဇာတာနှင့် သားသမီးတို့ကို အလွန်ချစ်ခင် မြတ်နိုး၏။ ကောင်းစွာလုပ်ကိုင် ကျွေးမွေး၏ ။ ထို့အတူ သုဇာတာသည်လည်း ခင်ပွန်းသုဒဿနနှင့် သားသမီးတို့ကို အလွန်ချစ်ခင် မြတ်နိုး၏။ ကောင်းစွာပြုစုလုပ်ကျွေး၏ ။ တစ်နေ့သ၌ သုဒဿနနှင့် သုဇာတာတို့သည် ဗာရာဏသီ မြို့ရှိ အဆွေအမျိုးတို့ကို တွေ့ရန် လှည်းဖြင့် အတူသွားကြသည်။ ထိုအချိန်တွင် ဗြဟ္မဒတ်မင်းသည် ဆင်စီးလျက် မြို့ကိုလှည့်လည်သည်တွင် သုဇာတာကို မြင်လေသည်။ အလွန်နှစ်သက်သဖြင့် မင်းချင်း တစ်ယောက်ကို စေလိုက်သည်။ လင်ရှိမရှိ မေးစေသည်။
သုဇာတာကလည်း -
“ကျွန်မမှာ အိမ်ထောင်ရှင် ဖြစ်ပါသည်။ လှည်းပေါ်တွင် ခင်ပွန်းဖြစ်သူ အတူပါ လာပါသည်”
ဟူ၍ ပြောပြသည်။
မင်းချင်းလည်း အဖြင်မှန်ကို လျှောက်ထားသည်။ မင်းသည် အကျင့်ပျက်သောမင်း ဖြစ်ရကား လင်ရှိသော်လည်း သုဇာတာကို ရအောင်ယူမည်ဟု ကြံစည်သည်။ မင်းချင်းအား သုဇာတာတို့လှည်း မည်သည်အရပ်တွင် ရပ်နားသည်ကို လိုက်၍ကြည့်စေသည်။ ထို့နောက် မင်းသည် ညအခါ၌ မင်းချင်းအား မိမိ၏ မကိုဋ်တော်ကို သုဒဿန၏ လှည်းပေါ်သို့ တိတ်တဆိတ် သွားရောက်ချထားစေသည်။
နံနက်မိုးသောက်သောအခါ မှူးမတ်တို့အား -
“မြို့တံခါး လေးမျက်နှာကို ပိတ်၍ အထွက်အဝင်မရှိအောင် ပြုကြ၊ မကိုဋ်တော် ပျောက်သည်ဟု ကြွေးကြော်၍ ရှာကြ”
ဟူ၍ စေသည်။
မှူးမတ်တို့သည် မကိုဋ်တော်ကို ရှာကြသည်။ မကြာမီပင် သုဒဿနနှင့် သုဇာတာတို့၏ လှည်းပေါ်တွင် မကိုဋ်တော်ကို တွေ့သည်။ ထိုအခါ သုဒဿနကို ဖမ်းယူ၍ မင်းကြီး၏ လက်သို့ အပ်သည်။ မင်းက -
“သူခိုးကို သတ်မည်”
ဟုဆိုကာ သုသာန်သို့ ခေါ်ဆောင် သွားစေသည်။ မိမိကိုယ်တိုင် သတ်ရန် ဆင်စီး၍ နောက်မှလိုက်သွားသည်။
ထိုအခါ သုဇာတာသည်လည်း ငိုကြွေးလျက် နောက်မှလိုက်သည်။
သုသာန် သို့ရောက်သောအခါ သုဇာတာက -
“ငါ့၏ လင်သည် ခိုးသူမဟုတ်။ အပြစ်မရှိ။ ငါ၏ လင်သည် ငါမှတစ်ပါး မည်သည့် မိန်းမကိုမျှ မကျူးမလွန်၊ မဖောက်မပြန်။ သစ္စာစောင့်ထိန်းသူ ဖြစ်သည်။ မယားနှင့်တကွ သားသမီးတို့ကို မညှိုးငယ်စေရ။ ကောင်းစွာလုပ်ကျွေး မွေးမြူသူဖြစ်သည်။ ငါသည်လည်း ငါ့လင်မှတစ်ပါး မည်သည့် ယောကျ်ားနှင့်မျှ ဖောက်ပြန် ကျူးလွန်ခြင်း မရှိ။ ငါ့လင်နှင့် ငါ့ သားသမီးတို့ကို ကောင်းစွာ ပြုစုစောင့်ရှောက်သူဖြစ်သည်။ ဤသစ္စာအတိုင်း ဟုတ်မှန်ပါလျှင်
"ငါ့လင်ကို ကယ်သူပေါ်ပါစေသား”
ဟု သစ္စာဓိဋ္ဌာန်ပြုသည်။
သစ္စာပြုသည့် တစ်ခဏအတွင်းမှာပင် သိကြားမင်း ဆင်းလာသည်။ ဗြဟ္မဒတ်မင်းကို ဆင်ထက်မှတွန်းချ၍ သတ်လိုက်သည်။ သုဒဿနနှင့် သုဇာတာတို့ကို ဆင်ပေါ်သို့ တင်သည်။ ကိုယ်တိုင်ပင် ရာဇဘိသိက်သွန်းပေး၍ -
“ဟယ် မှူးမတ်ပြည်သူတို့၊ မတရားသောမင်းကို ငါဖယ်ရှား၍ တရားစောင့်သောသူကို ငါ မင်းမြှောက်လိုက်ပြီ။ သင်တို့ ရိုသေ စွာအမှုထမ်းကြလော့”
ဟူ၍ဆိုကာ ကွယ်ပျောက် သွားလေသည်။
မှူးမတ်ပြည်သူတို့လည်း သုဒဿနမင်းကို ရိုသေစွာ ဆက်ဆံ၍ အမှုထမ်းကြသည်။ မင်းအဆုံးအမကို လိုက်နာကြသည်။ သုဒဿနမင်းလည်း မင်းကျင့်တရား ဆယ်ပါးနှင့်အညီ မင်းပြုရာ တစ်ပြည်လုံး သာယာငြိမ်းချမ်း ကြည်ရွှင်ကြလေသည်။
ကျမ်းကိုး ။ မင်္ဂလာသာရ ဒီပနီကျမ်း။
No comments:
Post a Comment