၁၃။ ရှုပ်ထွေးမှုကင်းလျက် သန့်ရှင်းသပ်ရပ်စွာ အလုပ်လုပ်ခြင်း (အနာကုလာ စ ကမ္မန္တာ)
ရှုပ်ထွေးမှုကင်းလျက် သန့်ရှင်းသပ်ရပ်စွာ အလုပ်လုပ်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ ကြီးပွားခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။ အချိန်ကို သိနားလည်ခြင်း၊ သင့်လျော်အောင် ပြုတတ်ခြင်း၊ မပျင်းရိခြင်း၊ လုံ့လရှိခြင်း၊ ပျက်စီးအောင် မပြုခြင်းတို့သည် ရှုပ်ထွေးမှုကင်းလျက် သန့်ရှင်းသပ်ရပ်စွာ အလုပ်လုပ်ခြင်းတွင် အကျုံးဝင်ပေသည်။
တစ်ရံရောအခါ ဗာရာဏသီပြည်မှ လှည်းမှူးကြီးတစ်ဦးသည် လှည်းသားငါးရာကို ဦးဆောင်၍ ကုန်သွယ်သွားသည်။ သူတို့သည် ကျယ်ဝန်းလှသော သဲကန္တာရကြီးကို ဖြတ်သန်းသွားရသည်။
သဲကန္တာရမှာ နေ့အခါ ပူပြင်းလှသောကြောင့် လှည်းသားတို့သည် ခရီးမသွားနိုင်၊ တဲဆောက်၍ နားနေကြ ရသည်။ ညဘက်သို့ ရောက်သောအခါတွင်မှ ကြယ်များကို ကြည့်လျက် လမ်းညွန်သူ၏ အကူအညီဖြင့်သွားကြရသည်။
ဤသို့ သွားရာမှ သဲကန္တာရခရီးဆုံးရန် တစ်ညသာလိုတော့သည်အထိ ခရီးပေါက်လာခဲ့သည်။ ဤတွင် နောက်ဆုံးည ခရီးဖြစ်သဖြင့် ထိုညအတွက် ညစာစားပြီးနောက် ထင်း၊ ရေ စသည်တို့ကို စွန့်ပစ်ကာ ခရီးဆက်ကြသည်။ လမ်းညွန်သူသည် ညများစွာ မအိပ်ရသဖြင့် ပင်ပန်းနွမ်းနယ်ကာ အိပ်ပျော်သွားလေသည်။
ထိုအခါ လမ်းမှားပြီးလျှင် လာခဲ့သည့် လမ်းအတိုင်း ပြန်၍လာမိကြသည်။ လမ်းညွန်သူသည် အရုဏ်တက်မှနိုးသည်။ လမ်းမှားနေသည်ကို သိသဖြင့် -
"ပြန်လှည့်ကြ၊ ပြန်လှည့်ကြ”
ဟူ၍ ဆို၏။
ဤသို့ပြော၍ လှည်းများကို ပြန်လှည့်ရန် စီစဉ်နေဆဲမှာပင် နေထွက်လာသည်။ အနီးဝန်းကျင်ကို ကြည့်လိုက်သောအခါ ယခင်ညက ထွက်ခွာခဲ့ရာ စခန်းသို့ ပြန်ရောက်နေသည်ကို တွေ့ရသည်။ အားလုံးပင် စိတ်အားငယ်၍ စိတ်ဓာတ် ကျကုန်ကြသည်။ စိတ်ပျက်လက်ပျက်ဖြင့် တဲဆောက်၍ အိပ်ကြသည်။ ရေမရှိသဖြင့် လူရောနွားပါ ဒုက္ခရောက်တော့မည့် အခြေအနေသို့ ရောက်နေသည်။ ထိုအခါ လှည်းမှူးကြီးက -
“ငါဝီရိယလျှော့သော် အားလုံးပျက်စီးရွာကြတော့မည်။ မဖြစ်မနေ ငါ ကြိုးစားမှဖြစ်မည်”
ဟုဆိုကာ ရေရနိုင်မည့်နေရာကို လှည့်လည်ရှာဖွေသည်။ မကြာမီ နေစာမြက် တစ်ပင်ကို တွေ့မြင်သည်။ သည်နေရာတွင် ရေရှိရမည် ဟူ၍ တွက်ဆကာ လှည်းသားများအား တူးစေသည်။
လှည်းသားများသည် ကြိုးစား တူးဖော်ကြသည်။ အတောင် ၆၀ အရောက်တွင် ရေမတွေ့ဘဲ ကျောက်ဖျာကြီးကို တွေ့လေသည်။ စိတ်ပျက်၍ အားလျှော့ကြသည်။ လှည်းမှူးကြီးကား အားမလျှော့၊ တွင်းထဲသို့ဆင်း၍ ကျောက်ဖျာကြီးကို နားဖြင့် ကပ်လျက်ထောင်၏။ ထိုအခါ ရေစီးသံကို ကြားရသည်။ ချက်ချင်း တွင်းပေါ်သို့ ပြန်တက်ကာ တပည့်လုလင် တစ်ဦးအား -
“အမောင် ၊ စိတ်မလျှော့နှင့် စိတ်လျှော့လျှင် အားလုံးပျက်စီးကြလိမ့်မည်။ ဤသံတူဖြင့် ကျောက်ဖျာကို ကြိုးစားထုခွဲပါ။ ဝီရီယအကျိုးကို ငါတို့ မုချခံစားရလိမ့်မည်"
ဟူ၍ ဆို၏။
လုလင်လည်း လှည်းမှူးကြီး၏စကားကို နာယူသည်။ သံတူဖြင့် ကျောက်ဖျာကို ထုခွဲ၏ ။ ခဏကြာသော် ကျောက်ဖျာကွဲ၍ ရေများ ဒလဟော ထွက်လာလေသည်။ လှည်းသမားတို့သည် ဝမ်း မြောက်ဝမ်းသာ ဖြစ်သွားကြသည်။ ရေကို သုံးစွဲ၍ ထမင်းချက်စားကြသည်။ နေဝင်သော် ခရီးဆက်ကြရာ သဲကန္တာရကို လွန်မြောက်၍ အလိုရှိရာအရပ်သို့ ရောက်ရှိကြလေသည်။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ ဝဏ္ဏပထဇာတ်
No comments:
Post a Comment