၁၄။ ပေးကမ်းလှူဒါန်းခြင်း (ဒါနဉ္စ)
ပေးကမ်းလျှူဒါန်းခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်သည်။
တစ်ခါသော် ရွာတစ်ရွာ၌ သူဆင်းရဲ တိဿ နေထိုင်သည်။ သူ့တွင် ဇနီးနှင့် သမီးရှိသည်။ တစ်နေ့တွင် ရွာသူရွာသားများ စုပေါင်း၍ သံဃာတော်များကို ပင့်ဖိတ်ကာ ဆွမ်းလောင်းကြသည်။ တိဿမှာ ဆင်းရဲသဖြင့် ပုန်းရည်ဖတ်ကိုသာ လှူဒါန်းနိုင်သည်။ ညံ့ဖျင်းလှသောကြောင့် သံဃာတို့ မသုံးဆောင်နိုင်ကြ။
တိဿလည်း သမီးကို သူဌေးတစ်ဦးထံ၌ အသပြာဝါးရာဖြင့် ပေါင်သည်။ ထိုငွေဖြင့် နို့စားနွားမ တစ်ကောင်ဝယ်ကာ ဇနီးအား ထိုနွားမအား နို့ညှစ်စေ၍ မပြတ် လှူဒါန်းစေသည်။တိဿမူကား သမီးကိုရွေးနိုင်ရန် တခြားတစ်ရွာသို့ သွားပြီး အလုပ်လုပ်၍ ငွေရှာသည်။ ခြောက်လခန့် ကြာ၍ အသပြာငါးရာ စုဆောင်းမိသောအခါ မိမိ ရွာသို့ ပြန်လာသည်။ လမ်းခရီးတွင် ရဟန်းမြတ်တစ်ပါးကို ဖူးတွေ့ရသည်။ မွန်းတည့်ခါနီး ဖြစ်သော်လည်း ရဟန်းမှာ ဆွမ်းမဘုဉ်းပေးရသေး။
ဤတွင် တိဿသည် ခရီးသွားယောက်ျားတစ်ဦးထံမှ ထမင်းထုပ်ကို ဝယ်သည်။ ထိုယောကျ်ားသည်က မရောင်းသဖြင့် အသပြာငါးရာ ပုံပေးကာ ခက်ခက်ခဲခဲ ဝယ်ယူခဲ့ရသည်။ ထိုထမင်းထုပ်ကို ရဟန်းမြတ်အား စေတနာ ထက်သန်စွာဖြင့် လှူဒါန်းသည်။ ရဟန်းမြတ်သည် ဆွမ်းဘုဉ်း ပေးပြီးသောအခါ ဖြစ်ရပ်စုံကို သိရှိရသည်။ တိဿ၏ စေတနာကို အံ့ချီးမဆုံး ရှိသည်။
တိဿ၏ အမည်၊ ဇနီးနှင့် သမီးတို့၏ အမည်၊ ရွာ၏ အမည်တို့ကို မေးမြန်းကာ ကြွသွားတော်မူသည်။ ရဟန်းမြတ်သည် မင်းနေပြည်သို့ ရောက်သောအခါ မင်းဆရာတော်၏ ကျောင်း၌ ဝင်ရောက်တည်းခိုသည်။ တစ်ညလုံး ကမ္မဋ္ဌာန်းတရားကို ကြိုးစားအားထုတ်ရာ အရုဏ် မတက်မီပင် ရဟန္တာဖြစ်သွားသည်။ သက်တမ်းကုန်သဖြင့် ထိုနေ့မှာပင် ပရိနိဗ္ဗာန်ပြုသည်။ ပရိနိဗ္ဗာန်မပြုမီ ရဟန်းမြတ်က -
“မိမိနှင့် ပတ်သက်၍ အရေးအကြောင်း ပေါ်လာလျှင် တိဿကို ခေါ်ပါ။ သူ့ကို ခိုင်းလျှင် အလိုပြည့်ပါလိမ့်မည်”
ဟူ၍ မိန့်တော်မူကာ တိဿ၏ နေရပ်ကို မိန့်ဆိုသွားသည်။
မင်းဆရာတော်သည် ရဟန်းမြတ် ပရိနိဗ္ဗာန်ပြုကြောင်း မင်းကို အကြောင်းကြားသည်။ မင်းနှင့်ပြည်သူတို့ ရဟန်းမြတ်၏ ရုပ်ကလာပ်တော်ကို မီးသင်္ဂြိုဟ် ပူဇော်မည်ပြုကြသည်။ သို့ရာတွင် ရုပ်ကလာပ်တော်ကို မချီ၍မရ။ နောက်ဆုံးတွင် တိဿ ကိုခေါ်၍ ဆောင်ရွက်ခိုင်းရသည်။
ရုပ်ကလာပ်တော် မီးသင်္ဂြိုဟ် ပြီးသည်အထိ တိဿက အဆင့်ဆင့် ဆောင်ရွက်မှ အောင်မြင်လေသည်။ မင်းလည်း တိဿအား ဆုတော်ငွေ အသပြာ သုံးကုဋေ၊ ခြောက်သန်း ချီးမြှင့်သည်။
တိဿ၊ ဇနီးနှင့် သမီးတို့သည်လည်း သူ ဌေး ဖြစ်သွားကြလေသည်။ စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းခြင်း၏ အကျိုးပင်တည်း။
ကျမ်းကိုး ။ ။ မင်္ဂလာသာရဒီပနီကျမ်း မူဟောင်း(၁၂၉၀)
No comments:
Post a Comment