၁၅။ သုစရိုက်တရားတိုကို ကျင့်ခြင်း (ဓမ္မစရိယာ စ)
သူ့အသက်ကို မသတ်ခြင်း၊ သူ့ဥစ္စာကို မခိုးခြင်း၊ သူ့ သားမယားကို မပြစ်မှားခြင်း၊ လိမ်လည်မှုမပြုခြင်း၊ ကုန်းတိုက်မှု မပြုခြင်း၊ ဆဲရေးတိုင်းထွာမှု မပြုခြင်း၊ အကျိုးမရှိသောစကားကို မပြောခြင်း၊ သူတစ်ပါးကို မကောင်းမကြံခြင်း၊ သူတစ်ပါးပျက်စီးအောင် မကြံခြင်း၊ အယူမမှားခြင်း တည်းဟူသော သုစရိုက်တရားတို့ကို ကျင့်ခြင်းသည် ကောင်းမြတ်သောမင်္ဂလာ ဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။
ရှေးသရောအခါ ကာသိတိုင်း၊ ဓမ္မပါလမည်သော ရွာသည်ရှိ၏ ။ ထို ဓမ္မပါလ ရွာသားတို့သည် သုစရိုက်တရားတို့ကို အမြဲ ကျင့်၏ ။ ထိုရွာ၌ မဟာဓမ္မပါလအမည်ရှိသော ပုဏ္ဏားကြီးသည် ရှိ၏။ သူ့သားမှာ ဓမ္မပါလ ဖြစ်၏။
ဓမ္မပါလသည် ဖခင်၏ စီစဉ်မှုအရ တက္ကသိုလ်ပြည်ရှိ ဒိသာပါမောက္ခ ဆရာကြီးထံတွင် သွားရောက် ပညာသင်ယူ၏ ။ တစ်နေ့တွင် ဒိသာပါမောက္ခ ဆရာကြီး၏ သားကြီးသည် ကွယ်လွန်သွားသည်။ အရွယ်နုပျိုစဉ် ကွယ်လွန်သွားရှာသဖြင့် အားလုံးကပင် ဝမ်းနည်းကြ၏ ။
ဓမ္မပါလသည် အရွယ်နုပျိုစဉ် ကွယ်လွန်သွားခြင်းကို နားမလည်နိုင်။ သူ၏ ဓမ္မပါလရွာသူ၊ ရွာသားများသည် နုပျိုငယ်ရွယ်စဉ် မသေကြ။ ကြီးရင့် အိုမင်းမှသာ သေကြသည်။ ထိုအကြောင်းကို အဖော်များအား ဓမ္မပါလက ပြောပြသည်။ ဒိသာပါမောက္ခ ဆရာကြီး ကြားသိသောအခါ မယုံကြည်။ သူကိုယ်တိုင် ဓမ္မပါလ၏ ဖခင်ထံ သွားရောက်စုံစမ်းမည်။ ဟုတ်မှန်ပါက အသက်ရှည်ကြောင်း နည်းလမ်းကောင်းကို တောင်းခံမည်ဟု ကြံစည်ကာ ဓမ္မပါလရွာသို့ ထွက်ခွာသွားသည်။ ဆိတ်ရိုးတို့ကို အိတ်တစ်ခု၌ ထည့်၍လည်း ယူဆောင်သွားသည်။
မဟာဓမ္မပါလ ပုဏ္ဏားကြီးထံသို့ ရောက်သောအခါ ဒိသာပါမောက္ခ ဆရာကြီးက ဓမ္မပါလ ကွယ်လွန်သွားကြောင်း၊ သူ၏ အရိုးတို့ကို ယူလာကြောင်း ပြောဆိုကာ ဆိတ်ရိုးတို့ကို ထုတ်ပြ၏။ ပုဏ္ဏားကြီးနှင့် ရွာသူ၊ ရွာသားများသည် မယုံကြည်ကြ။ မုသားစကားဆိုသည်ဟု ပြောကာ ရယ်မောကြ၏ ။
ဒိသာပါမောက္ခ ဆရာကြီးလည်း ဓမ္မပါလ မသေကြောင်း၊ မိမိ စုံစမ်းမေးမြန်းရန် လာရကြောင်း အဖြစ်မှန်ကို တောင်းပန်ပြောဆို၏။ ထို့နောက် အသက်ရှည်ကြောင်း အကြောင်းရင်းကို မေးမြန်း သည်။ ပူဏ္ဏားကြီးကလည်း အသက်ရှည်ခြင်း အကြောင်းရင်းဖြစ်သော သုစရိုက်တရားတို့ကို ရှင်းလင်းပြောပြ၏ ။ ဒိသာပါမောက္ခဆရာကြီးသည် ဝမ်းမြောက်ဝမ်းသာ မှတ်သား၍ တက္ကသိုလ်ပြည်သို့ ပြန်သွားလေသည်။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ ဓမ္မပါလဇာတ်
No comments:
Post a Comment