၁၆။ အဆွေအမျိုးတို့ကို ထောက်ပံ့ကူညီခြင်း (ဉာတကာနဉ္စ သၚ်္ဂဟော)
အဆွေအမျိုးတို့ကို ထောက်ပံ့ကူညီခြင်းသည် မင်္ဂလာ တစ်ပါးဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်။ ဤ ဇာတ်တော်ကို သာဓကအဖြစ် တင်ပြပါသည်။
လွန်လေပြီးသောအခါ တောအုပ်တစ်ခု၌ မျောက်တစ်သင်း နေထိုင်သည်။ အသိအလိမ္မာရှိသော မျောက်ကြီးတစ်ကောင်ကို သူတို့က မင်းမြှောက်ထားသည်။
ထိုတောအုပ်အနီးတွင် ရွာငယ်တစ်ရွာရှိသည်။ ထိုရွာမှာ အမြဲ လူမနေ။ အလုပ်လုပ်ချိန် ကျသောအခါမှ လူတို့ လာရောက်နေထိုင်၏ ။ အလုပ်လုပ်ပြီးသောအခါ လူတို့ စွန့်ခွာသွားကြ၏ ။ ထိုရွာ၌ တည်ပင်ကြီး တစ်ပင်ရှိရာ မျောက်တို့သည် ရွာ၌ လူမရှိသောအခါ တည်သီးများကို သွားရောက် စားလေ့ရှိ၏ ။
တစ်ခါသော် တည်သီး သီးချိန်တွင် လူတို့ရောက် ရှိလာကြသည်။ မျောက်တို့သည် တည်သီးစားလိုကြသဖြင့် သွားရောက်စားမည် ပြုကြ၏ ။ မျောက်မင်းက ဘေးရန်များ၍ တားမြစ်သည်။ မျောက်တို့က လူတို့ အိပ်ပျော်ချိန် သန်းခေါင်ယံတွင် သွားလျှင် ဘေးမရှိနိုင်ပါဟု ဆိုကြ၏ ။ နောက်ဆုံး တားမရသဖြင့် မျောက် မင်းကိုယ်တိုင် အဖော်မျောက်များနှင့်အတူ လိုက်သွားရလေသည်။
မျောက်တို့သည် ရွာသားတို့အိပ်ပျော်နေသော သန်းခေါင်ယံအချိန်တွင် တည်ပင်ကြီးပေါ်သို့ တက်၍ တည်သီးများကို စားကြသည်။ ထိုစဉ် ရွာသားတစ်ယောက်သည် အိပ်ပျော်ရာမှ နိုးသွားသည်။ တည်ပင်ကြီးပေါ်တွင် မျောက်များ ရောက်ရှိနေသည်ကို သိရှိသဖြင့် အဖော် ရွာသားတို့ကို နှိုး၍ပြောသည်။
ရွာသားတို့လည်း လက်နက်များကိုင်လျက် တည်ပင်ကြီးကို ဝိုင်းထားလိုက်ကြသည်။ နံနက်မိုးသောက်ပါက မျောက်အားလုံးကို ဖမ်းဆီးရန် စီစဉ်၍ အသင့်စောင့်နေကြသည်။
မျောက်တို့သည် သေဘေးကို မြင်တွေ့ရ၍ လွန်စွာ ထိတ်လန့်တုန်လှုပ်ကြ၏ ။ မျောက်မင်းကို ကယ်မပါရန် တောင်းပန်ကြ၏ ။
မျောက်မင်းက 'လွတ်မြောက်ရန် ကြံစည်မည်' ဟုဆို၍ နှစ်သိမ့်ထား၏။ သူသည် မျောက်အားလုံးကို စိစစ်ကြည့်ရာ သေနက အမည်ရှိသောမျောက် ပါမလာသည်ကို သိရ၏။ သေနကသည် မျောက်မင်း၏တူ ဖြစ်သည်။
မျောက်မင်းက -
“မကြောက်ကြလင့်၊ သေနကသည် အသိအလိမ္မာရှိ သည်။ ငါတို့ကို ဘေးရန်မှ လွတ်အောင် ကြံဆောင်ပါလိမ့်မည်။ တည်သီးများကို အဝသာ စားထားကြပါ”
ဟု အားပေးပြောဆိုသည်။
သေနကသည် အဖော်မျောက်တို့ ထွက်သွားချိန်တွင် အိပ်ပျော်၍ကျန်ရစ်နေ၏ ။ နိုးသောအခါ မျောက်တစ်ကောင်ကိုမျှ မမြင်သဖြင့် ခြေရာခံ၍ လိုက်လာ၏။ ထိုအခါ မိမိ၏ အဆွေအမျိုးတို့ ဘေးဒုက္ခနှင့် ရင်ဆိုင်တွေ့နေရသည်ကို မြင်ရသည်။ သူသည် အဆွေအမျိုးတို့ကို ကယ်တင်ရန် အကြံထုတ် ၏ ။ နောက်ဆုံးတွင် အကြံရသဖြင့် ရွာစွန်ရှိ တဲတစ်တဲသို့ တိတ်တဆိတ်သွား၏ ။ တဲရှင် အမယ်အိုသည် မီးဖို၍ ဗိုင်းငင်နေသည်။ သေနကလည်း မီးဖိုမှ မီးတစ်စကို ရုတ်တရက်ယူကာ အနီးရှိ တဲတစ်တဲကို မီးရှို့၍ ထွက်ပြေး၏ ။
ရွာသားတို့လည်း တဲမီးလောင်သည်ကို မြင်ရသည်နှင့် တစ်ပြိုင်နက် မျောက်တို့ကို စွန့်လွှတ်ကာ မီးငြိမ်းသတ်ရန် ပြေးသွားကြသည်။ ထိုအခါ မျောက်မင်းနှင့် အဖော်တို့သည် တည်သီး တစ်လုံးစီ ဆွတ်ယူပြီးလျှင် တည်ပင်ပေါ်မှ ဆင်းပြေး ကြလေသည်။ အားလုံးပင် အသက်ချမ်းသာရာရ၍ မိမိတို့နေရာသို့ ပြန်ရောက်ကြ၏။ သူတို့သည် သေနကကို ကျေးဇူးပြုသောအားဖြင့် ယူဆောင်လာသော တည်သီးတစ်လုံးစီ လက်ဆောင်ပေးကြလေသည်။
မှတ်ချက်။ ။ အဆွေအမျိုးဆိုရာတွင် မိမိ၏ ဆွေမျိုးဉာတကာတို့ သာမက မိမိ၏ အမျိုးနွယ်သား များလည်း ပါဝင်သည်။၊ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ တိန္ဒုကဇာတ်
No comments:
Post a Comment