၁၇။ အပြစ်မရှိသော ကောင်းမှုကိုပြုခြင်း (အနဝဇ္ဇာနိ ကမ္မာနိ)
အပြစ်မရှိသော ကောင်းမှုကိုပြုခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။
အပြစ်မရှိသော ကောင်းမှုများကား ဥပုသ်စောင့်ခြင်း၊ ဝေယျာဝစ္စပြုခြင်း၊ အများအရိပ်ခိုနိုင်ရန် သစ်ပင်စိုက်ခြင်း၊ အများသုံးရန် ဥယျာဉ်တည်ခြင်း၊ တံတားဆောက်ခြင်း၊ လမ်းခင်းခြင်း၊ ရေတွင်းရေကန်တူးခြင်းစသည့် ကောင်းမှုအလုပ်များ ဖြစ်ကြောင်း သပြေကန်ပရိတ်ကြီး နိဿယသစ်၌ ဖော်ပြထားသည်။
တစ်ခါသော် မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည်၊ မစလရွာ၌ မာဃအမည်ရှိသော လုလင်တစ်ယောက်ရှိသည်။ သူသည် ငါးပါးသီလ မြဲသည်။ အလှူတို့၌ မွေ့လျော်သည်။ သူ့တွင် စိတ်တူကိုယ်မျှရှိကြသော အဖော်လုလင် သုံးကျိပ်သုံးယောက်တို့ ရှိသည်။
သူတို့သည် မာဃလုလင်နှင့် စုပေါင်း၍ ကောင်းမှုကုသိုလ်များကို လုပ်ဆောင်ကြသည်။ စုပေါင်း၍ လူသွားလမ်းတို့ကို ဖောက်လုပ်ကြသည်။ လှည်းလမ်းတို့ ကို ပြုပြင်ကြသည်။ တံတားခင်းကြသည်။ ရေတွင်းရေကန်များ တူးကြသည်။ ဇရပ်ဆောက်ကြသည်။ အလှူပေးကြသည်။ သီလ ဆောက်တည်ကြသည်။ သူတို့ ကျေးဇူးကြောင့် ရွာသားတို့ ကောင်းကျိုးချမ်းသာ ရကြသည်။ သီလစောင့်လာကြသည်။
ရှေးအခါက မစလရွာသည် ငြိမ်းချမ်းသာယာခြင်းမရှိ။ ရွာသားတို့သည် သောက်စားမူးယစ်ကာ မကောင်းမှုများကို ပြုကြသဖြင့် ရာဇဝတ်မှု ထူပြောလှသည်။ ထိုအခါ မစလရွာစားမှာ အမှုစီရင်ရသဖြင့် လာဘ်သပ်ပကာ များစွာ ရရှိသည်။ ယခုအခါတွင်မူ မာဃလုလင်နှင့် အဖော်များ၏ ဆောင်ရွက်မှုတို့ကြောင့် ရွာမှာ ငြိမ်းချမ်းသာယာနေသည်။ ရာဇဝတ်မှု ကင်းဝေးနေသည်။ ရွာစားမှာ အမှုမစီရင်ရ။ လာဘ်သပ်ပကာ ဆုတ်ယုတ်လေတော့သည်။
ဤတွင် ယုတ်မာသောရွာစားသည် မာဃလုလင်တို့ ပျက်စီးရန် ကြံရွယ်သည်။ သူသည် မင်းထံ ချဉ်းကပ်ပြီးလျှင် မာဃ လုလင်နှင့် အဖော် သုံးကျိုပ်သုံးယောက်တို့သည် ရွာကို ဖျက်ဆီးလျက် ရှိကြပါသည် ဟူ၍ လျှောက်တင်သည်။ မင်းလည်း မိုက်မဲသဖြင့် မာဃလုလင်တို့ကို စစ်ဆေးခြင်းမရှိ။
"သင်းတို့ကို ဆင်ဖြင့်နင်း၍ သတ်စေ”
ဟူ၍ အမိန့်ချမှတ်လိုက်သည်။
မင်းချင်းတို့သည် မာဃလုလင်နှင့် အဖော်တို့ကို ဖမ်း၍ ဆင်ဖြင့်နင်းသတ်မည် ပြုကြသည်။ ဆင်ဖြင့်နင်းအံ့ဆဲဆဲ၌ မာဃလုလင်က အဖော်တို့အား -
“အဆွေတို့ မကြောက်ကြလင့်။
ဒေါသလည်းမထွက်ကြနှင့်။ မင်း ရွာစား၊ ဆင်နှင့်တကွ မင်းချင်းတို့အား မေတ္တာထားကြ၊ မေတ္တာပို့ကြ၊ ငါတို့ပြုခဲ့သော ကောင်းမှုကုသိုလ်နှင့် သီလကို ဆင်ခြင်ကြ၊ သစ္စာဆိုကြ”ဟူ၍ မှာကြား၏။
အဖော်တို့ကလည်း လိုက်နာကျင့်ဆောင်ကြ၏။
ဤတွင် ဆင်ကို အကြိမ်ကြိမ်နင်းစေသော်လည်း ဆင်သည် မနင်းဝံ့။ အနီးသို့ ရောက်သောအခါ အော်၍သာ ပြေးလေတော့သည်။
မင်းကြီးလည်း အဖြစ်မှန်ကို သိရှိသွားသည်။ မာဃလုလင်တို့ကို ရန်မပြုတော့။ ကုန်းချောသူ ရွာစားကိုသာ ရာထူးကချ၍ ပြစ်ဒဏ်ပေးသည်။
မာဃလုလင်တို့အား ဆင်ကိုလည်းပေးသည်။ မာဃအား ရွာစား ခန့်ထားလိုက်သည်။ ရပ်ရွာအကျိုး၊ ရွာသားတို့ အကျိုးကို ဆက်လက်ဆောင်ရွက်စေသည်။
ဤကောင်းမှုများကြောင့် သက်တမ်းစေ့၍ ကွယ်လွန်သောအခါ မာဃလုလင်သည် တာဝတိံသာနတ် ပြည်၌ သိကြားမင်းဖြစ်လာသည်။ အပေါင်းအဖော်တို့သည်လည်း နတ်သားများ ဖြစ်လာကြလေသည်။
ကျမ်းကိုး ။ ။ (၁) ငါးရာ့ငါးဆယ်၊ ကုလာဝကဇာတ်။(၂) ဓမ္မပဒ အပ္ပမာဒဝဂ်။ မာဃဝတ္ထု။
No comments:
Post a Comment