၁၈။ မကောင်းမှုကို စိတ်ဖြင့် ရှောင်ကြဉ်ခြင်း (အာရတီ)

        မကောင်းမှုကို စိတ်ဖြင့် ရှောင်ကြဉ်ခြင်းသည် မင်္ဂလာ တစ်ပါးဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။ ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဒိသာပါမောက္ခ ဆရာကြီး တစ်ဦးရှိသည်။ သူသည် ပညာလည်းရှိသည်။ အကျင့်သီလလည်း ကောင်းသည်။ သူ့ထံသို့ အမျိုးကောင်းသား လုလင်များစွာတို့သည် လာရောက် အတတ်သင်ကြသည်။

        ဆရာကြီးတွင် လှပယဉ်ကျေးသော သမီးပျိုကလေး တစ်ဦးရှိသည်။ တစ်နေ့တွင် ဆရာကြီးက 'တပည့် လုလင်တို့ကို ကိုယ်ကျင့်တရားကောင်း၊ မကောင်း ငါ စူးစမ်းမည်။ သူတို့ အထဲမှ ကိုယ်ကျင့်တရားကောင်းသူကို ငါ့သမီးနှင့် လက်ဆက်ပေးမည်' ဟူ၍ ကြံစည်သည်။

        ထို့နောက် သူသည် တပည့် လုလင်တို့ ကို ခေါ်သည်။

        “အမောင်တို့၊ ငါ့သမီးသည် အရွယ်ရောက်ပြီ။ ငါ့သမီးဆင်မြန်းရန် သင်တို့အိမ်မှ အဝတ်တန်ဆာတို့ကို မိဘဆွေမျိုးတို့ မသိအောင် တိတ်တဆိတ် ခိုးယူလာခဲ့ပါ။ အဖိုးအထိုက်ဆုံးသော အဝတ်တန်ဆာကို ခိုးယူလာနိုင်သူအား ငါ့သမီးနှင့် ထိမ်းမြားပေးမည်”

        ဟူ၍ ပြောဆိုသည်။

        တပည့်တို့သည် ဆရာကြီး၏ သမီးကို စုံမက်ကြသည်။ ထို့ကြောင့် ဆရာကြီးစေခိုင်းသည့်အတိုင်း အိမ်သို့ပြန်၍ အဖိုးတန်အဝတ် တန်ဆာများကို မိဘဆွေမျိုးတို့မသိအောင် ခိုးယူလာကြသည်။ ဆရာကြီးကို ပေးအပ်ကြ သိမ်းဆည်းထားသည်။ ဤသို့ တပည့်လုလင်တို့သည် အိမ်မှ အဝတ်တန်ဆာ တို့ကို ခိုးယူလာသော်လည်း ထူးခြားသော တပည့်လုလင် တစ်ဦးကမူ လုံးဝ ခိုးယူခြင်း မပြုပေ။ တစ်စုံတစ်ခုသော အဝတ်တန်ဆာကိုမှ ဆရာကြီးထံ ပေးအပ်ခြင်း မပြုပေ။ ထိုအခါ ဆရာကြီးက ထိုလုလင်အား အကြောင်းရင်းကို စုံစမ်းမေးမြန်းသည်။ လုလင်က -

        "ဆရာ၊ အကျွန်ုပ်သည် ဆရာကြီး၏ သမီးပျိုကို စုံမက်ပါသည်။ သို့ရာတွင် အိမ်မှ အဝတ်တန်ဆာတို့ ကိုမူ ခိုးယူခြင်း မပြုလိုပါ ။ လောက၌ မကောင်းမှုပြုသူအဖို့ ဆိတ်ကွယ်ရာ အရပ်မည်သည် မရှိပါ။ ခိုးယူမူစသော မကောင်းမှုကို အကျွန်ုပ်သည် စိတ်ဖြင့်ပင် မပြစ်မှားလိုပါ ”" ဟူ၍ ပြောဆိုသည်။

        ဆရာကြီးက ထိုလုလင်ကို အလွန် နှစ်သက်မြတ်နိုးသွားသည်။

        “အမောင် ငါ့သမီး၌ အဝတ်တန်ဆာမရှိ၍ ခိုးခိုင်းသည်မဟုတ်ပါ။ ကိုယ်ကျင့်တရားကောင်းသူ ကို စမ်းသပ်ရွေးချယ်ခြင်းသာ ဖြစ်သည်။ အမောင်သည် ငါ့သမီးနှင့် ထိုက်တန်သူဖြစ်သည်”

        ဟု ပြောဆိုသည်။ ထိုလုလင်ပျိုကို ချီုးကျူးကာ သမီးနှင့် ထိမ်းမြားပေးလေသည်။

        ကျန်တပည့်တို့အား မကောင်းမှုမပြုရန် ဆိုဆုံးမသည်။ ခိုးယူလာခဲ့သော ပစ္စည်းများကိုလည်း အသီးသီး ပြန်လည် ပေးစေလေသည်။

ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ သီလဝီမံသနဇာတ်။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!