၁၉။ မကောင်းမှုကို ကိုယ်၊ နှုတ်ဖြင့် ရှောင်ကြဉ်ခြင်း (ဝိရတီ ပါပါ)

        မကောင်းမှုကို ကိုယ်၊ နှုတ်ဖြင့် ရှောင်ကြဉ်ခြင်းသည် ကောင်းမြတ်သော မင်္ဂလာဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်။

        တစ်ရံရောအခါ မိခင် တစ်ဦးသည် ခင်ပွန်းသေဆုံးသဖြင့် သားလုလင် နှစ်ယောက်ကို အားကိုးအားထားပြု၍ နေထိုင်သည်။ သား နှစ်ယောက်သည်လည်း မိခင်ကို ရိုသေစွာ လုပ်ကျွေးပြုစု ကြသည်။ တစ်နေ့သောအခါ မိခင် ဖျားနာသည်။ ရောဂါပြင်းသဖြင့် ဆေးဆရာကို ခေါ်ယူပြ သသည်။ ဆေးဆရာက လူနာ၏ ရောဂါကို စမ်းသပ်ပြီးနောက် ညီအစ်ကိုနှစ်ဦးအား -

        “သင်တို့ မိခင်၏ ရောဂါသည် ယုန်သားဓာတ်စာ ကျွေးရမည် "

        ဟူ၍ ဆိုသည်။ ဤတွင် အစ်ကိုသည် ညီငယ်အား-

        “တောသို့သွား၍ ယုန်ထောင်ပါ။ ယုန်သားကို ရအောင်ယူခဲ့ပါ”

        ဟူ၍ ဆို၏ ။

        ညီငယ်လည်း ယုန်ထောင်ရန် တောသို့သွားသည်။ တောစပ်သို့ အရောက်တွင် ယုန်ငယ်တစ်ကောင်ကို တွေ့သည်။ အလွယ်တကူပင် ယုန်ငယ်ကို ဖမ်းယူလိုက်သည်။ ယုန်ကလေးမှာ ကြောက်ရွံ့သဖြင့် တစ်ကိုယ်လုံး တုန်နေရှာသည်။ ညီငယ်သည် မိမိလက်တွင်း ရောက်နေသော ယုန်ကလေး၏ ဖြစ်အင်ကိုကြည့်ကာ စာနာစိတ် ဖြစ်ပေါ်သွားသည်။

        ‘သတ္တဝါဆိုသည်မှာ သေရမည်ကို ကြောက်ကြသူချည်းပင်။ ငါလည်း သေရမည်ကို ကြောက်သည်။ ငါ့မိခင်လည်း သေရမည်ကို ကြောက်သည်။ ယုန်ကလေးလည်း သေရမည်ကို ကြောက်သည်။ ငါ့မိခင် အသက် မသေအောင် ယုန်ကလေး အသက်ကို သတ်ရမည် ဆိုသည်မှာ တရားပါသလော' ဟူ၍ တွေးတောဆင်ခြင်သည်။

        နောက်ဆုံးတွင် 'ယုန်ကလေးကို မသတ်သင့်' ဟူ၍ ဆုံးဖြတ်ကာ လွှတ်လိုက်သည်။ ယုန်ငယ်လည်း ဝမ်းသာအားရ ထွက်ပြေးသွားသည်။ ညီငယ်အိမ်ပြန်ရောက်သော် အစ်ကိုကြီးအား အကျိုးအကြောင်း ပြန်ပြောသည်။ အစ်ကိုကြီးက မကျေနပ်။

        "သင်သည် မိခင်အကျိုးကို ပစ်ပယ်သူဖြစ်သည်” ဟုဆိုကာ ကြိမ်းမောင်းပြစ်တင်သည်။ ဤတွင် မိခင်က -

        "သားငယ်မှာ အပြစ်မရှိ၊ သားငယ်၏ ဆောင်ရွက်မှုသည် မှန်ကန်သည်။ သူ့ အသက် သတ်ခြင်းတည်းဟူသော မကောင်းမှုသည် မကောင်း”

        ဟုဆိုကာ သားငယ်၏ ပြုမူမှုကို အားရဝမ်းသာ သာဓု ခေါ်လေသည်။ ထိုစဉ် ညီငယ်က -

        "ကျွန်ုပ်သည် သိတတ်သည့် အရွယ်ကစ၍ သိလျက်နှင့် သူတစ်ပါး အသက်ကို မသတ်ခဲ့ပါ။ဤစကားမှန်ပါက မိခင်၏ ရောဂါသည် ပိန်းကြာဖက်တွင် ရေမတင်သလို ကင်းစင် ပပျောက်ပါစေသတည်း”

        ဟူ၍ သစ္စာပြု၏။

        ထိုမှန်သော သစ္စာစကားကြောင့် မိခင်၏ ရောဂါမှာ ချက်ချင်း ပျောက်ကင်းသွားလေသည်‌။

ကျမ်းကိုး ။ ။ အဋ္ဌသာလိနီ အဋ္ဌကထာ၊ စက္ကနဥပါသကာဝတ္ထု (ပရိတ်ကြီး နိဿယသစ်)

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!