၂၀။ သေရည်သေရက်သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း (မဇ္ဇပါနာ စ သံယမော)

        သေရည်သေရက် သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။ အောက်ပါ ဇာတ်တော်ကို သာဓကအဖြစ် တင်ပြပါသည်။

        ရှေးသရောအခါ ဗာရာဏသီပြည်တွင် အလွန် ကြွယ်ဝချမ်းသာသော သူဌေးကြီးတစ်ဦး ရှိသည်။ သူဌေးကြီးသည် ကြွယ်ဝချမ်းသာသည်နှင့်အမျှ ကုသိုလ်ကောင်းမှု တို့ကိုလည်း အထူးပြုသည်။ ထို့ကြောင့် ကွယ်လွန်သောအခါ တာဝတိံသာ နတ်ပြည်၌ သိကြားမင်း သွားဖြစ်သည်။

        သူဌေးကြီးတွင် သားတစ်ယောက် တည်းသာ ရှိသည်။ အမွေပစ္စည်းတို့ကို ထိုသားတစ်ဦးတည်းသာ ရရှိသည်။ သူဌေးသားကား မလိမ္မာ၊ မိုက်မဲသူ ဖြစ်သည်။ ထို့ကြောင့် ဥစ္စာတို့ကို အကျိုးရှိအောင် မသုံး၊ အမျိုးမျိုး ဖြုန်းတီးပစ်၏။ သူသည် အပေါင်းအဖော် အခြံအရံတို့နှင့်အတူ အရက်သောက်သည်။ ပွဲလမ်းသဘင် အမျိုးမျိုးကို ကြည့်ရှုသည်။ အစားအစာမျိုးစုံကို စားသည်။ မိန်းမတို့ကို ခေါ်၍ ပျော်ပါးသည်။

        ဤသို့ သုံးဖြုန်းလာရာ အဖထားခဲ့သော ဥစ္စာတို့သည် တစ်စတစ်စ ကုန်ခန်းသွားလေသည်။ နောက်ဆုံးတွင် သူဌေးသားမှာ ဆင်းရဲနွမ်းပါးကာ အထီးကျန်ဘဝသို့ ရောက်သွားသည်။ ဟောင်းနွမ်းသော အဝတ်တို့ကို ဝတ်ဆင်လျက် ဆင်းရဲစွာ နေထိုင် စားသောက်ရသည်။

        ဖခင်ဖြစ်သူ သိကြားမင်းသည် ဆင်ခြင်ကြည့်သော် သား၏ ဖြစ်ပျက်ပုံ အလုံးစုံကို သိမြင်သွားလေသည်။ ဤတွင် သားကိုချစ်ခင်သဖြင့် လူ့ပြည်သို့ ဆင်းလာသည်။ သားအား တောင့်တတိုင်း အလိုရှိရာပေးသော ဣစ္ဆာသယအိုးကို ပေးအပ်သည်။

        “အမောင် ဤအိုးသည် လိုရာကိုရစေသော ဣစ္ဆာသယအိုးဖြစ်သည်။ သင်အလိုရှိရာ တောင့်တ ၍ အသုံးပြုပါ။ ဤအိုးကိုလည်း မကွဲအောင် သတိဖြင့် ထိန်းသိမ်းထားပါ။ နောက်ထပ် ငါမပေးနိုင်တော့ပါ”

        ဟူ၍ ပြောဆို မှာကြား၏ ။

        ထို့နောက် နတ်ပြည်သို့ ပြန်ကြွသွားလေသည်။ သူဌေးသားသည် ဝမ်းမြောက်မဆုံးဖြစ်၏ ။ အလိုရှိရာကို တောင့်တရာ အိုးထဲတွင်ပေါ်လာ၏ ။ ယင်းတို့ကို သုံးစွဲ၏ ။ မကြာမီ သေအရက်ကို တောင့်တ၍ သောက်စားမူးယစ်ပြန်သည်။ တစ်နေ့သ၌ သူဌေးသားသည် အရက်ကို တောင့်တ၍ သောက်စားပြီး အလွန် မူးယစ်သောအခါ ဖခင် သိကြားမင်း မှာသောစကားကို အလေးမပြု။ အရက်မူးမူးဖြင့် ဣစ္ဆာသယ အိုးကို မြောက်ချည်၊ ဖမ်းချည်ပြု၍ ကစားသည်။ တစ်ကြိမ်တွင် အိုးကို မြှောက်ကာ လက်ဖြင့်ဖမ်းရာ မမိ၊ ချော်ထွက်သွား၍ အိုးသည် မြေပေါ်သို့ ကျကာ ကွဲလေ၏။

        ထိုအချိန်မှစ၍ သူဌေးသားသည် တစ်ဖန် ဆင်းရဲမွဲတေ သွားပြန်သည်။ ဖခင် သိကြားမင်းသည် အရက်သမားကို ထပ်မံ မမစနိုင်တော့ပေ။ သူဌေးသားသည် အဝတ်နွမ်းကို ဝတ်လျက် ခွက်လက်ဆွဲကာ တောင်းရမ်း စားသောက်ရသည်။ နောက်ဆုံးတွင် သူတစ်ပါးတို့၏ အိမ်နံရံကို မှီလျက် သေဆုံးသွားလေ သတည်း။

ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ သူရာဃဋဇာတ်။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!