၂၁။ ကုသိုလ်တရား၌ မမေ့မလျော့ခြင်း (အပ္ပမာဒေါစ ဓမ္မေသု)

        ကုသိုလ်တရား၌ မမေ့မလျော့ခြင်းသည် မင်္ဂလာ တစ်ပါးဖြစ်၏။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။

        တစ်ရံရောအခါ ကလိင်္ဂတိုင်း ဒန္တပုရမြို့၌ ကရဏ္ဍမင်း အုပ်စိုး၏ ။ တစ်နေ့သ၌ ထိုမင်းသည် အခြံအရံတို့နှင့်အတူ ဥယျာဉ်တော်သို့သွားသည်။ ရောက်သောအခါ ဥယျာဉ်တံခါးဝတွင် သရက်သီးမှည့်များ အပြွတ်လိုက် သီးနေသော သရက်ပင်ကို မြင်သည်။ မင်းသည် ဆင်ပေါ်မှပင်နေလျက် သရက်သီးတစ်ခိုင်ကို လှမ်း၍ ဆွတ်ယူသည်။ ထို့နောက် ကျောက်ဖျာထက်တွင် ထိုင်၍ သုံးဆောင်သည်။

        မှူးမတ်၊ ပုဏ္ဏားစသော အခြံအရံတို့သည် သရက်သီးကို မင်းကြီး သုံးဆောင်ပြီးသဖြင့် ကျန်သရက်သီးများကို ဆွတ်ခူးကြ၏။ လက်လှမ်းမမီသည်တို့ကို တုတ်၊ ခဲ စသည်တို့ဖြင့် ပစ်ခတ်ကြ၏ ။ ထို့နောက် စားသုံးကြ၏။ တစ်ခဏအတွင်းမှာပင် သရက်ပင်သည် အသီးများကင်းမဲ့၍ အကိုင်းအခက်တို့ ကျိုးပဲ့ ပျက်စီးသွားလေသည်။ မင်းကြီးသည် တစ်နေ့ပတ်လုံး ဥယျာဉ်ကစားပြီးလျှင် ညနေချိန်သို့ ရောက်မှ နန်းတော်သို့ ပြန်မည်ပြု၏။

        ထိုအခါ ဥယျာဉ်တံခါးဝ၌ အကိုင်းအခက်တို့ ကျိုးပဲ့ကာ မတင့်မတယ် ဖြစ်နေသော သရက်ပင်ကိုမြင်၏။ ဤတွင် သရက်ပင်ရင်း၌ ရပ်လျက် -

        “ဤသရက်ပင်ကား နံနက်အခါက အကိုင်းအခက် အသီးအခိုင်နှင့် ပြည့်စုံလျက် တင့်တယ်လှသည်။ ယခုကား အကိုင်းအခက်တို့လည်း ကျိုးပဲ့နေပြီ”

        ဟူ၍ မြည်တမ်းမိသည်။

        သို့မြည်တမ်းရာမှ မနီးမဝေးရှိ အသီးမသီးသော သရက်ပင်ကိုမြင်ပြန်လျှင် -

        “ထိုသရက်ပင်ကား အသီးမရှိ၍ မပျက်စီး။ အကိုင်းအခက်နှင့် ပြည့်စုံလျက် တင့်တယ်စွာ တည်နေဘိသည်။ အလားတူပင် လူအဖြစ်သည် အသီးရှိသော သရက်ပင်နှင့်တူ၏။ ရဟန်းအဖြစ်သည် အသီးမရှိသော သရက်ပင်နှင့်တူ၏။ ဥစ္စာရှိသူမှာ ဘေးရှိ၏။ ဥစ္စာမရှိသူကား ဘေးမရှိ။ ငါသည် မေ့လျော့နေ၍ မဖြစ်တော့။ အသီးမရှိသော သရက်ပင်ကဲ့သို့ ကျင့်ရာ၏"

        ဟူ၍ဆိုကာ အသီးသီးသော သရက်ပင်ကို အာရုံပြုသည်။ သို့အာရုံပြုရင်း ဝိပဿနာတရားကို ပွားများရာ ထူးမြတ်သော ဉာဏ်ကိုရ၍ ပစ္စေကဗုဒ္ဓါ (ဘုရားငယ်) ဖြစ်သွားလေသည်။ သရက်ပင်ရင်း၌ မင်းကြီးရပ်လျက် တရားမှုမှတ်နေသည်မှာ ကြာမြင့်လှသဖြင့် မှူးမတ်တို့က -

        "အရှင်မင်းကြီး၊ ရပ်နေသည်မှာ ကြာမြင့်ပြီ"

        ဟု သတိပေးကြ၏ ။ မင်းကြီးက -

        "အမတ်တို့ ငါသည် မင်းမဟုတ်တော့၊ ပစ္စေကဗုဒ္ဓါ ဖြစ်နေပြီ”

        ဟု ပြန်၍ မိန့်တော်မူသည်။

        အမတ်တို့ကလည်း မင်းကြီး၏ ဖြစ်ပုံကို မသိသဖြင့် ပြန်လည် လျှောက်ထားကြသည်။

        "အရှင်မင်းကြီး၊ ပစ္စေကဗုဒ္ဓါ တို့ကား အရှင်မင်းကဲ့သို့ မဟုတ်ပါ”

        “အဘယ်သို့နည်း”

        "အရှင်မင်းကြီး၊ ပစ္စေကဗုဒ္ဓါ တို့သည် ဆံ မုတ်ဆိတ်မရှိ၊ ဖန်ရည်စွန်းသော အဝတ်ကိုလည်း ဝတ်ကြပါသည်”

        ဤတွင် မင်းကြီးသည် ဦးခေါင်းကို လက်ဖြင့် သပ်လိုက်ရာ မင်းအသွင် ပျောက်သွားသည်။ ဆံ မုတ်ဆိတ်တို့ ကင်း၍ ဦးပြည်းဖြင့် ဖြစ်သွားသည်။ မင်းဝတ်တန်ဆာတို့ ကွယ်၍ သင်္ကန်း၊ သပိတ်စသည်တို့ ဆောင်သော ရဟန်းအသွင် ထင်ရှားဖြစ်ပေါ်သည်။ မြေ၌မရပ်၊ ကောင်းကင်၌ရပ်လျက် တည်နေတော်မူသည်။ မှူးမတ်အပေါင်းလည်း အံ့ချီးမဆုံး ဖြစ်ကြသည်။ ပျပ်ဝပ်စွာထိုင်လျက် ရိုသေစွာ ရှိခိုးကြသည်။ ပစ္စေကဗုဒ္ဓါ ဖြစ်နေသော မင်းကြီးက -

        “သင်တို့အားလုံး ကုသိုလ်ကောင်းမှုပြုရန် မမေ့မလျော့ကြကုန်လင့်”

        ဟူ၍ ဆိုဆုံးမပြီးလျှင် ကောင်းကင်ခရီးဖြင့် ဟိမဝန္တာရှိ နန္ဒမူလိုဏ်သို့ ကြွသွားလေသတည်း။

ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ ကုမ္ဘကာရဇာတ်

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!