၂၂။ ရိုသေထိုက်သူကို ရိုသေခြင်း (ဂါရဝေါ စ)
ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။
တစ်ရံရောအခါ ဟိမဝန္တာတောရှိ ညောင်ပင်ကြီးတစ်ပင်ကို အမှီပြုလျက် ခါ၊ မျောက်နှင့် ဆင်တို့ နေထိုင်ကြသည်။ သူတို့သည် အဆွေခင်ပွန်းများ ဖြစ်ကြသည်။ သို့ရာတွင် တစ်ဦးကိုတစ်ဦး ရှိသေခြင်း မရှိကြပေ။ တစ်နေ့သ၌ အဆွေခင်ပွန်းသုံးဦးတို့သည် ဆွေးနွေးတိုင်ပင်ကြ၏ ။
“ယခု ငါတို့သုံးဦး ဆက်ဆံနေထိုင်ပုံမှာ မသင့်။ တစ်ဦးကို တစ်ဦး ရိုသေခြင်း မရှိ။ အဆုံးအမပြုခြင်း မရှိ။ အသက်ကြီးသူကို ရိုသေလျက် ထိုသူ၏ အဆုံးအမကို ခံယူနေထိုင်ကြလျှင် မသင့်ပါလော”
ဟူ၍ အကြံအစည်ဖြစ်ကြသည်။
နောက်ဆုံးတွင် ထိုအကြံအစည်အတိုင်း ပြုမူနေထိုင်ရန် အသက်ကြီးသူကို စိစစ်ကြသည်။
"ငါတို့သုံးးမှာဤ ညောင်ပင်ကြီးကို အမှီပြု၍ နေကြရသည်။ ညောင်ပင်ကိုပင် အမှတ်အသားပြုကြမည်”
ဟူ၍ သဘောတူ ဆုံးဖြတ်ကြသည်။
ခါနှင့်မျောက်တို့က ဆင်အား -
“အဆွေ ဆင်၊ ဤညောင်ပင်ကြီးကို ဘယ်အခါမှစ၍ သင်သိပါသနည်း”
ဟု မေးကြ၏ ။ ဆင်က -
“အဆွေတို့၊ငါ ဆင်ငယ်ကလေး ဘဝ၌ ရှိစဉ် ဤညောင်ပင်ကို ကျော်လွှား၍ သွားခဲ့သည်။ ညောင်ပင် ထိပ်ဖျားသည် ငါ့ချက်အထိသာရောက်သည်”
ဟု ဖြေကြားသည်။ တစ်ဖန် ဆင်နှင့်ခါတို့က မျောက်အား -
"အဆွေ မျောက်၊ ဤ ညောင်ပင်ကြီးကို ဘယ်အခါမှစ၍ သင်သိသနည်း”
ဟုမေးကြပြန်၏။။ မျောက်က -
"အဆွေတို့ ငါ မျောက်ငယ်ကလေး ဘဝ၌ ရှိစဉ် မြေကြီး၌ ထိုင်လျက် ညောင်ပင်၏ အညွန့် အဖျားတို့ကို စားရသည်။ ဤမျှလောက် ငယ်ရွယ်စဉ်အချိန်မှစ၍ သိပါသည်”
ဟုဆို၏။ တစ်ဖန် ခါအား မေးကြပြန်သော် ခါက -
“အဆွေတို့ ယခင်အခါက ဤအရပ်၌ ညောင်ပင်မရှိသေး။ တခြားတစ်ပါးသော အရပ်မှ ညောင်ပင်၏ အသီးကို ငါစား၍ ဤအရပ်၌ မစင်စွန့်ခဲ့သည်။ ထိုမစင်မှ ဤညောင်ပင် ပေါက်လာပါသည် ”
ဟူ၍ ပြောပြ၏။ ဤတွင် ဆင်နှင့်မျောက်တို့က - “အဆွေခါ၊ သင်သည် ငါတို့ နှစ်ဦးထက် အသက်ကြီးသည်။ အတွေ့အကြုံ များသည်။ ထို့ကြောင့် ငါတို့ထက် ပို၍ ဉာဏ်ပညာရှိပါသည်။ ငါတို့ ရိုသေထိုက်ပါသည်။ ယနေ့မှစ၍ သင့်အား ငါတို့ ရိုသေခြင်း၊ ဆည်းကပ်ခြင်း၊ ဝတ်ကြီး ဝတ်ငယ်ပြုခြင်း အစရှိသည်တို့ ပြုပါမည်။ ငါတို့ကိုလည်း ဆုံးမပါ၊ ဩဝါဒပေးပါ၊ ငါ တို့ ကောင်းစွာခံယူပါ မည်”
ဟူ၍ ပြောဆိုတောင်းပန်ကြ၏ ။
ခါလည်း အဆွေခင်ပွန်းနှစ်ဦး၏ စကားကို လက်ခံကာ လိုက်နာကျင့်သုံးသည်။ အဆွေခင်ပွန်းနှစ်ဦးအား အဆုံးအမ ဩဝါဒပေးရုံမက သီလကိုလည်း ဆောက်တည်စေသည်။ မိမိကိုယ်တိုင်လည်း စံပြနေထိုင်ကာ သီလကို ဆောက်တည်၏ ။ ဤသို့လျှင် အဆွေခင်ပွန်း သုံးဦးသည် ညီညွတ်စွာ နေထိုင်သွားကြသည်။ ဘေးရန်လည်းကင်း၍ ပေါင်းသင်း ဆက်ဆံရာတွင်လည်း အဆင်ပြေကြလေသည်။ သူတို့သုံးဦးသည် သက်တမ်းစေ့ နေထိုင်သွားကြကာ သေသောအခါ ကောင်းရာသုဂတိသို့ လားကြလေသည်။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ တိတ္ထရဇာတ်
No comments:
Post a Comment