၂၃။ မိမိကိုယ်ကို နှိမ့်ချခြင်း (နိဝါတော စ)
မိမိကိုယ်ကို နှိမ့်ချခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း ၏ အကြောင်းတစ်ရပ် ဖြစ်သည်။ အောက်ပါ ဇာတ်တော်ကို သာဓကအဖြစ် တင်ပြပါသည်။
တစ်ရံရောအခါ ဘောဂပြည်ဝယ် ဉာဏရာဇာမင်းကြီး မင်းပြုသည်။ ထိုမင်းသည် ဉာဏ်ပညာ နှင့် ပြည့်စုံသည်။ ပညာရှိ မှူးမတ်များလည်း ပေါများသည်။
မင်းကြီးတွင် ဗလနှင့် သောမ အမည်ရှိသော သားတော်နှစ်ပါး ရှိသည်။ သားတော်ကြီး ဗလသည် စိတ်ထားမကောင်း၊ မာန်မာနကြီး၏ ။
သားတော်ငယ် သောမကား ထိုသို့မဟုတ်။ စိတ်ထားကောင်း၏။ မာန်မာန လုံးဝမရှိ။ နိဝါတတရားကို လက်ကိုင်ထားလျက် နိမ့်ချစွာဖြင့် မှူးမတ်ပြည်သူတို့ ကို ဆက်ဆံ၏။
တစ်နေ့သောအခါ ဗလသည် သားနားစွာဝတ်ဆင်၍ မြင်းစီးလျက် မင်းပွဲသဘင်သို့ တက်ရောက်ရန် ထွက်ခွာလာသည်။ လမ်း၌ သူ့ရှေ့မှသွားနေသော ဆင်းရဲသား အဘိုးအိုတစ်ဦးကို မြင်တွေ့သည်။ အဘိုးအိုသည် ခရီးသည် တစ်ဦးဖြစ်သည်။ လွယ်အိတ်ကို လွယ်လျက် အဝေးမြို့ ရွာသို့ သွားနေသည်။ ဗလ မြင်းစီးလာသည်ကို မသိရှာ။ ထို့ကြောင့် လမ်းဖယ် မပေးမိ။ ထိုအခါ ဗလက ဆဲရေးပြီးလျှင် မြင်းနှင့်တိုက်သွားသည်။ အဘိုးခမျာ လမ်းဘေးသို့ လဲကျသွားရွာလေသည်။
သောမသည် နောင်တော် ဗလနောက်မှ မြင်းစီးလျက် လိုက်လာရာ ဖြစ်ပုံလုံးစုံကို မြင်လိုက်သည်။ သူသည် ချက်ချင်းပင် မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။ အဘိုးအိုကို ယုယစွာ ထူမပေးသည်။ မေးမြန်းကြည့်ရာ အဘိုးအို ခြေထောက် အနည်းငယ် နာသွားသည် ကို သိရသည်။
သို့ဖြင့် သူ၏မြင်းကိုစီးရန် ပြောဆိုသည်။ မြင်းကို အဘိုးအိုအား အပိုင်ပေးအပ်သည်။ ထိုအခါ အဘိုးအိုသည် ကျေးဇူးတင် လှသဖြင့် လွယ်အိတ်ထဲမှပါလာသော ပေစာထုပ်ကို သောမအား ပေးအပ်သည်။
"အရှင့်သား။ ကျေးဇူး ကြီးမားလှပါ သည်။ ကျေးနူးဆပ်သောအနေဖြင့် အဘိုးက ဤ ပေစာထုပ်ကို လက်ဆောင် ပေးပါသည်။ ဤပေစာမှာ သုတကျမ်းရတနာ” ဖြစ်သည်။ အရှင့်သား အစအဆုံးဖတ်၍ လေ့လာပါ။ ဉာဏ်ပညာ၊ ဗဟုသုတ အထူးတိုးပွားလာပါ လိမ့်မည်”
ဟူ၍ ဆို၏။
သောမသည် ဝမ်းမြောက်ဝမ်းသာပင် ပေစာထုပ်ကို လက်ခံယူသည်။ အဘိုးအိုလည်း မြင်းစီး၍ ထွက်ခွာသွားသည်။ သောမသည် နှိမ့်ချစွာပင် ခြေလျင်လျှောက်၍ မင်းပွဲသဘင်သို့ ဆက်လက် ထွက်ခွာလာသည်။
ဤသို့ဖြစ်ပြီး ခြောက်လခန့်ကြာသော် အိမ်နီးချင်းတိုင်းပြည် တစ်ပြည်မှ သံအဖွဲ့တစ်ဖွဲ့သည် ဘောဂပြည်သို့ ရောက်လာသည်။ သူတို့သည် မင်းကြီးကို ဖူးတွေ့ လျက် -
"အရှင်မင်းမြတ်သည် ဉာဏ်ပညာကြီးမား၍ အရှင်မင်းမြတ်ထံတွင် ပညာရှိမှူးမတ် ပေါများ သည်ဟူ၍ ကြားသိရပါသည်။ ထို့ ကြောင့် ကျွန်တော်မျိုးတို့၏ ဘုရင်မင်းမြတ်နှင့် ပညာရှိမှူးမတ်များ တိုင်ပင်ကာ အရှင်တို့ကို ဉာဏ်ရည်စမ်းသောအနေဖြင့် မေးခွန်း သုံးသွယ်မေးရန် လာရောက်ခြင်း ဖြစ်ပါသည်။ ဖြေကြားတော်မူပါ"
ဟူ၍ လျှောက်တင်သည်။
ရွှေပေပေါ်တွင် ရေးထိုးထားသော မေးခွန်းသုံးသွယ် ကို ဆက်သသည်။ ယင်းတို့မှာ-
၁။ အရိုးသာ အတောင်အမြီးဖြစ်သောငှက်သည် အဘယ်ငှက်နည်း။
၂။ အသားသာ အတောင်အမြီးဖြစ်သော ငှက်သည် အဘယ်ငှက်နည်း။
၃။ အမွေးသာ အတောင်အမြီးဖြစ်သော ငှက်သည် အဘယ်ငှက်နည်း။
ဤမေးခွန်းသုံးသွယ်ကို မင်းကြီးနှင့်တကွ ပညာရှိအမတ်များသည် ဖြေဆိုနိုင်ရန် အမျိုးမျိုး ကြံဆကြသည်။ အဖြေမပေါ်။ သို့ဖြင့် သုံးရက်မြောက်သောနေ့တွင် ဖြေဆိုမည်ဟူ၍ ချိန်းလိုက်သည်။ မင်းကြီးနှင့် မှူးမတ်တို့လည်း အခက်တွေ့ကြပြီ။ မေးခွန်းသုံးသွယ်ကို ဖြေလည်းမဖြေနိုင်။
သည်တွင် သားတော်ကြီး ဗလက -
“ခက်ခဲသော မေးခွန်းကို လာမေးရပါမည်လော”
ဟုဆိုကာ သံ အဖွဲ့ဝင်များကို သွားရောက်ဖမ်းဆီး၍ သတ်မည်ပြုသည်။ မင်းကြီးက အမျိုးမျိုး တားဆီးသည်။ နောက်ဆုံး တားမရသဖြင့် ဗလကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရလေသည်။
ထိုစဉ် သားတော်ငယ် သောမသည် ခမည်းတော်ထံ ချဉ်းကပ်လျက် မေးခွန်းသုံးသွယ်ကို မိမိ ဖြေဆိုနိုင်ကြောင်း၊ သူဆင်းရဲ အဘိုးအိုပေးသော သုတကျမ်းရတနာကို မိမိ လေ့လာထားသဖြင့် ဤမေးခွန်းသုံးသွယ်ကို ကောင်းစွာ ဖြေဆိုနိုင်ကြောင်း တင်လျှောက်သည်။ သို့ဖြင့် ချိန်းဆိုသောနေ့သို့ ရောက်လာသည်။ ညီလာခံ ခန်းမဆောင်တွင် အမေးပုစ္ဆာဖြေဆိုပွဲကို ကျင်းပသည်။ မှူးမတ်ဗိုလ်ပါ စုံညီတက်ရောက်ကြသည်။ သံအဖွဲ့ဝင် အားလုံးလည်း တက်ရောက်သည်။သားတော်သောမသည် ပရိသတ်ဗိုလ်ပုံ အလယ်တွင် ရဲရင့်စွာထိုင်လျက် မေးခွန်းသုံးသွယ်ကို အောက်ပါအတိုင်း ရှင်းလင်း ပြတ်သားစွာ ဖြေဆိုသည်။
၁။ အရိုးသာ အတောင်အမြီးဖြစ်သော ငှက်မှာ ပိတုန်းဖြစ်ပါသည်။
၂။ အသားသာ အတောင်အမြီးဖြစ်သော ငှက်မှာ ရှူးပျံ ဖြစ်ပါသည်။
၃။ အမွေးသာ အတောင်အမြီးဖြစ်သော ငှက်မှာ ဥဒေါင်း ဖြစ်ပါသည်။
ဤသို့ ဖြေဆိုလိုက်သောအခါ သံ အဖွဲ့ဝင် များက -
"ဟုတ်ပါပေသည်”
ဟုဆိုကာ သောမကို ချီးကျူးကြသည်။ ဆုလာဘ်များ ပေးအပ်ကြသည်။
မင်းကြီးနှင့်တကွ မှူးမတ်ပြည်သူအားလုံးလည်း ဝမ်းမြောက် ဂုဏ်ယူမဆုံး ရှိကြသည်။ ထိုနေ့ မှာပင် မင်းကြီးသည် မှူးမတ်များနှင့် တိုင်ပင်ကာ သားတော်ငယ်သောမကို အိမ်ရှေ့အရာနှင်းအပ် ချီးမြင့် လိုက်လေသည်။
ကျမ်းကိုး ။ ။ (၁) မင်္ဂလာသာရ ဒီပနီကျမ်း။(၂) မြန်မာ့ဂုဏ်ရည် (ဦးဖိုးကျား)။
No comments:
Post a Comment