၂၄။ တင်းတိမ်ရောင်ရဲခြင်း (သန္တုဋ္ဌိ စ)
တင်းတိမ်ရောင့်ရဲခြင်းသည် မင်္ဂလာတစ်ပါးဖြစ်၏။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည် ။ အောက်ပါပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။ တစ်ရံရော အခါ ဗာရာဏသီပြည်ဝယ် လှည်းကုန်သည်တို့၏ အကြီးအမှူးဖြစ်သူ လှည်းမှူးတစ်ဦးရှိသည်။ သူသည် လောဘနည်း၍ တင်းတိမ်ရောင့်ရဲသူ ဖြစ်သည်။ တစ်နေ့သ၌ လှည်းမှူးသည် လှည်းကုန်သည်များနှင့်အတူ အရပ်တစ်ပါးသို့ ကုန်သွယ်ရန် ဗာရာဏသီပြည်မှ ထွက်ခွာလာခဲ့သည်။
သူတို့သည် လမ်းခရီး၌ ကန္တာရတစ်ခုကို ဖြတ်သန်းသွားရသည်။ လမ်းခရီးတွင် ရေတွင်းဟောင်း တစ်ခုကို တွေ့ကြသည်။ ရေအလိုရှိသဖြင့် ရေတွင်းဟောင်းကို တူးကြသည်။ ထိုအခါ မမျှော်လင့်ဘဲ ကြေးမည်း၊ ကြေးနီတို့ကို တွေ့ကြသည်။ ဆက်လက်တူးရာ ငွေ၊ ထို့နောက် ရွှေ့၊ ထို့နောက် ပုလဲ၊ ထို့နောက် ကျောက်မျက် ရွဲ၊ ထို့နောက် ပတ္တမြားတို့ကို တွေ့ကြသည်။
လှည်းကုန်သည်တို့သည် ဤရတနာတို့ကို ရရှိသော်လည်း မရောင့်ရဲနိုင်ကြ။ လောဇောတိုက်ကာ တခြားရတနာတို့ကို တွေ့ဦးမည်ထင်ပြီး ဆက်လက်တူးကြမည် ပြုသည်။ ထိုအခါ လှည်းမှူးက -
"အချင်းတို့၊ ဤမျှဖြင့် တော်လောက်ပါပြီ။ ရောင့် ရဲကြပါ ။ ရှေ့ဆက်မတူးကြပါနှင့်”
ဟူ၍ တားမြစ်သည်။
လှည်းကုန်သည်တို့က မတင်းတိမ်၊ မရောင့်ရဲနိုင်။ လှည်းမှူး၏ စကားကို မနာယူ။ လောဘဇော တိုက်ကာ ဆက်လက်တူးကြသည်။
ထိုတွင်းဟောင်းကား သာမန်တွင်းမဟုတ်။ နဂါးမင်းနေထိုင်ရာတွင်း ဖြစ်သည်။ လှည်းကုန်သည် တို့ အလွန်နက်စွာ တူးကြသဖြင့် တွင်းအောက်တွင်နေသော နဂါးဗိမာန် ပျက်လေတော့သည်။ နဂါး မင်းလည်း အမျက်ထွက်သဖြင့် နှာခေါင်းဖြင့်မှုတ်သည်။ အဆိပ်ငွေ့များ ထွက်လာသည်။ လှည်းမှူးမှတစ်ပါး လှည်းကုန်သည်အားလုံး အဆိပ်သင့်၍ သေကျေပျက်စီး ကြလေသည်။
ထိုအခါ နဂါးလုလင်တို့သည် လူယောင် ဖန်ဆင်းလျက် တွင်းအောက်မှ ထွက်လာကြသည်။ တင်းတိမ်ရောင့်ရဲမှု ရှိသော လှည်းမှူးကို ရန်မပြုရုံသာမက ရတနာတို့ကို လှည်းပေါ်သို့ တင်ပေးသည်။ လှည်းမှူးကို လှည်းတစ်စီး တွင် စီးစေကာ ရတနာတို့နှင့်အတူ အိမ်သို့ လိုက်ပို့ပေးသည်။ ထို့နောက် နဂါးပြည်သို့ ပြန်သွားလေသည်။
လှည်းမှူးသည် မိမိရရှိသော ရတနာတို့ကိုထုခွဲရောင်းချကာ လူအများကို ပေးကမ်းလှူဒါန်းသည်။ သီလဆောက်တည်၍ တင်းတိမ်ရောင့်ရဲစွာပင် နေထိုင်သည်။ သေသည်၏ အဆုံး၌ နတ်ပြည်သို့ လားလေသတည်း။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ ဇရူဒပါနဇာတ်
No comments:
Post a Comment