၂၅။ သူ့ကျေးဇူးကို သိခြင်း (ကတညုတာ)
သူ့ကျေးဇူးကို သိခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်း တစ်ရပ် ဖြစ်သည်။
လွန်လေပြီးသောအခါ ဗာရာဏသီပြည်တွင် စိတ်ထားကောင်းမြတ်သော ဘုရင်တစ်ပါး အုပ်စိုးသည်။ တစ်နေ့သ၌ နယ်စွန်နယ်ဖျားအရပ်တွင် သူပုန်များ ထကြွသောင်းကျန်းရာ ဘုရင် ကိုယ်တော်တိုင်ပင် သွားရောက်နှိမ်နင်းသည်။ သူပုန်များက ချုံခိုတိုက်ခိုက်ရာ ဘုရင်သည် အရေးနိမ့်သွားသည်။ အဖော်များနှင့်ကွဲကာ ရွာတစ်ရွာသို့ ရောက်သွားသည်။
မြင်းစီးလျက် တစ်ကိုယ်တည်း ရောက်လာသော ဘုရင်ကို တွေ့သောအခါ ရွာသားတို့သည် မင်းမှန်းမသိကြ။ ကြောက်လန့် ထွက်ပြေးကြသည်။ ရွာသားတစ်ယောက်မှာမူ ထွက်မပြေး၊ လမ်းမှားလာသူ ခရီးသွားမင်းချင်း တစ်ယောက်ဟူ၍ ထင်မှတ်ကာ ခရီးဦးကြို ပြုသည်။
ဘုရင်က မိမိမင်းဖြစ်ကြောင်းဖွင့်မပြော။ မင်းချင်းယောကျ်ားအဖြစ်ဖြင့် လေးငါးရက် တည်းခိုနေထိုင်သည်။ ရွာသားနှင့် ဇနီးတို့ကလည်း ကောင်းစွာပင် လက်ခံကျွေးမွေး ပြုစုထားသည်။ ရက်သတ္တပတ်ခန့်ကြာ၍ ဘုရင်သည် ရွာမှ ထွက်ခွာသွားမည် ပြုသည်။ မသွားမီ သူနေထိုင်ရာ မင်းနေပြည်သို့ လာရောက်လည်ပတ်ရန် မှာကြားသည်။
"အဆွေ ကျွန်ုပ်ကို မြင်းစီးကြီးဟူ၍ ခေါ်ပါသည်။ မြို့တော်သို့ သင်လာလျှင် တောင်တံခါးစောင့်အား မြင်းစီးကြီးအိမ်ကို ပို့ပေးပါဟုပြောပါ။ သူက လိုက်ပို့ပေးပါလိမ့်မည်" ဟူ၍ မှာကြားသွားသည်။
ဘုရင်သည် ထိုရွာမှ ထွက်ခွာပြီး မကြာမီ စစ်သည်ဗိုလ်ပါတို့ကို စုရုံးကာ သူပုန်များကို ထပ်မံတိုက်ခိုက်သည်။ သူပုန်များ အရေးနိမ့်သွားသည်။ ဘုရင်သည် အောင်ပွဲခံကာ နေပြည်တော်သို့ ပြန်လာခဲ့သည်။ နေပြည်တော်သို့ ရောက်သောအခါ ဘုရင်က တောင်တံခါးစောင့်အား - “ရွာသားတစ်ယောက် လာလိမ့်မည်။ မြင်းစီးကြီးအိမ်ကို ပို့ပေးပါဟု ဆိုလိမ့်မည် ၊ ထိုသူ့ကို ငါ့ထံ ချက်ချင်းပို့ပေးပါ " ဟု မှာကြားထားသည်။
ထို့နောက် ရွာသား၏ ဂုဏ်ကျေးဇူးကို အောက်မေ့လျက် ရွာသားအလာကို မျှော်နေသည်။ ရွာသားကား ပေါ်မလာပေ။
ဤတွင် ရွာသားရောက်လာစေရန် အကြံဖြင့် ဘုရင်က စီစဉ်သည်။
ရွာသားနေသောရွာကို အခွန်များတိုး၍ ကောက်ခံစေသည်။ ထိုအခါ အဆိုပါရွာမှ ရွာသားများသည် မင်းအားပြုစုခဲ့သော ရွာသားထံချဉ်းကပ်၍ -
“အဆွေ၊ သင့် မိတ်ဆွေ မြင်းစီးကြီးရောက်လာပြီးမှ ငါတို့မှာအခွန်များတိုး၍ ဆောင်နေရသည်။ မြင်းစီးကြီးထံ သင်သွားပါ။ အကျိုးအကြောင်း ပြောပြ၍ အခွန်မှ လွတ်ငြိမ်းခွင့် ရအောင် ဆောင်ရွက်ပါ"
ဟူ၍ ဝိုင်းဝန်းပြောဆိုကြသည်။
ရိုးသားလှသော ရွာသားလည်း မနေသာတော့၊ နေပြည်တော်သို့ တက်သွားသည်။ မြင်းစီးကြီးမှာသည့် အတိုင်း သွားရောက်ရာ ဘုရင့်ထံ ရောက်သွားသည်။ ထိုအခါ သူ့မိတ်ဆွေ မြင်းစီးကြီးဆိုသူမှာ သာမန် မင်းချင်း တစ်ယောက်မဟုတ်၊ ဘုရင်မင်းမြတ် ဖြစ်နေသည်ကို အံ့သြစွာ သိရှိရသည်။
ကျေးဇူးသိတတ်သော ဘုရင်သည် ရွာသားကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသည်။ အစားကောင်း၊ အသောက်ကောင်းများ ကျွေးမွေးသည်။ အဝတ်သစ်များ ဆင်ယင်ပေးသည်။ ရွာသားနေသော ရွာကိုလည်း အခွန်အခများမှ ချက်ချင်း လွတ်ငြိမ်းခွင့် ပေးလိုက်သည်။ ထို့ပြင် ရွာသား၏ မယားကိုလည်း ခေါ်ယူစေသည်။ နန်းတော်အနီးတွင် အိမ်သစ်ဆောက် ပေးကာ မကြောင့်မကြ နေထိုင်စေသည်။ ထိုမျှမက မင်းစည်းစိမ်တစ်ဝက်ကိုပါ ခွဲဝေပေးသည်။
ထိုအခါ အိမ်ရှေ့မင်းနှင့် မှူးမတ်တို့ မကျေမနပ်ဖြစ်ကြသည်။ ဤတွင် ဘုရင်က ဖြစ်ပျက်ပုံအလုံးစုံကို ပြောပြသည်။
"ငါစစ်ရှုံး၍ ဒုက္ခရောက်စဉ် ငါ့ ကျေးဇူးရှင် သည်ရွာသားက ကယ်၍သာ ငါတစ်ဖန် စစ်အောင်ရသည်။ သူ့ ကျေးဇူးကြီးလှသည်။ လောက၌ ကျေးဇူးပြုသူကို တုံ့ပြန်ပူဇော်ရမည်မှာ သူတော်ကောင်းတို့၏ ကျင့်စဉ် ဖြစ်သည်”
ဟူ၍ ဆုံးမပြောဆိုသည်။
ထိုအခါတွင်မှ အိမ်ရှေ့မင်းနှင့် မှူးမတ်တို့သည် အမြင်မှန်ရကာ ကျေနပ်သွားကြလေသည်။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ မဟာအဿာရောဟဇာတ်
No comments:
Post a Comment