၅။ ရှေးကောင်းမှုကံရှိခြင်း (ပုဗ္ဗေ စ ကတ ပုညတာ)
ရှေးကောင်းမှုကံရှိခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ တစ်ရံရောအခါ ဗာရာဏသီပြည်တွင် ထင်းခွေယောကျ်ား တစ်ဦးရှိသည်။
တစ်နေ့တွင် သူသည် မြို့တံခါးဝအနီးရှိနတ်ကွန်းတွင် ဘေးမဲ့ လွှတ်ထားသော ကြက်များအနက်မှ ထူးခြားသော ကြက်တစ်ကောင်ကို တွေ့ရှိသည်။ ထို ကြက်က -
“ငါ့ကိုသတ်၍ ငါ့ဦးခေါင်းကို စားသူသည် မင်းဖြစ်မည်”
ဟု တခြားကြက် တစ်ကောင်အား ပြောကြားသည်ကို ထင်းခွေယောက်ျားက ကြားသိသွားသည်။
သို့ဖြင့် သူသည် ထိုကြက်ကို ဖမ်းယူ သတ်ဖြတ်၍ အိမ်သို့ ယူဆောင်လာသည်။ မယားအား အကျိုးအကြောင်း ပြောပြကာ ကြက်ကို ချက်ခိုင်းသည်။ မယားလည်း ကြက်ကို ချက်ပြီးလျှင် ထမင်းနှင့်အတူ ပေးအပ်သည်။
ထင်းခွေ ယောကျ်ားသည် ချက်ပြီးသောကြက်ခေါင်းကို ချက်ချင်း မစားသေး။ ဂင်္ဂါမြစ်သို့သွား၍ ရေချိုးပြီးမှ မြစ်ကမ်းဘေးတွင် စားမည်ဟု ရည်မှန်းသည်။ သို့ဖြင့် သူတို့ လင်မယားသည် ကြက်သားအိုးနှင့် ထမင်းအိုးကို တောင်းတစ်ခု၌ ထည့်ကာ ဂင်္ဂါမြစ်သို့သွားကြသည်။ တောင်းကို မြစ်ကမ်း၌ ထားပြီး မြစ်သို့ ရေဆင်းချိုးကြသည်။
ထိုစဉ် ရုတ်တရက် လေထန်၍ ရေလှိုင်းတို့ တက်လာသည်။ ကြက်သားဟင်း ထည့်ထားသော တောင်းအထိ ရေများရောက်လာသဖြင့် တောင်းသည် ရေထဲ၌မျောပါသွားသည်။ ထင်းခွေယောကျ်ား လင်မယားမူ ရေစီးနောက်သို့ မျောပါမသွားအောင် ကြိုးစားကူးခပ်ပြီးလျှင် ကမ်းသို့ တက်ပြေး ရလေသည်။ ထိုစဉ် ကြက်သားဟင်းတောင်းသည် မြစ်ရေအလျဉ်တွင် မျောပါသွားသည်။
မကြာမီ အောက်ဆိပ်၌ ဆင်ကိုရေချိုးပေးနေသော ဆင်ဆရာအနီးသို့ ရောက်သွားသည်။ ဆင်ဆရာသည် တောင်းကို ဆယ်ယူကြည့်သည်။ ထမင်းနှင့်ကြက်သားဟင်း ဖြစ်နေသဖြင့် အိမ်ကို ယူဆောင်သွားလေသည်။
ဆင်ဆရာ ကိုးကွယ်သော ရှင်ရသေ့သည် အကြားအမြင်ရသူ ဖြစ်သည်။ ကြြက်သားဟင်း၏ ထူးခြားသောသတ္တိကို သိသဖြင့် ဆင်ဆရာအား ကြက်ခေါင်းကိုစားစေသည်။ ရက်အတန်ကြာသော် တခြားတိုင်းပြည်တစ်ပြည်မှ မင်းတစ်ပါးသည် ဗာရာဏသီပြည်ကို လာရောက်တိုက်ခိုက်သည်။
ဗာရာဏသီမင်းသည် မိမိဘေးဖြစ်မည်ကို စိုးရိမ်သဖြင့် ဆင်ဆရာကို မင်းအသွင် ဝတ်ဆင်စေသည်။ ဆင်စီး၍ တိုက်ခိုက်စေသည်။ မိမိမူကား ရဲမက်ဗိုလ်ပါ များအကြားတွင် မထင်မရှားသော အသွင်ဖြင့် သွားလာ၍ စီမံကွပ်ကဲ၏။ ထိုစဉ် ရန်သူများ ပစ်လွှတ်လိုက်သော မြားတစ်စင်းသည် ဗာရာဏသီမင်းကို ထိမှန်သွားသည်။ မင်းလည်း နတ်ရွာစံသွားသည်။
ဤတွင် ဆင်ဆရာသည် ဘဏ္ဍာတိုက်အတွင်းမှ ရွှေငွေတို့ကို ထုတ်ယူစေကာ -
"ဥစ္စာလိုသူတို့ ရန်သူကို ရွပ်ရွပ်ချ့ချွဲ့ တိုက်ကြလော့”
ဟု ဆို၍ ရွေ့ငွေများပေး၏။
ရွေ့ငွေရသူတို့လည်း အားတက်ကာ ဆင်ဆရာနှင့်အတူ ပူးပေါင်း၍ ရန်သူတို့ကို တိုက်ခိုက်သည်။ အောင်မြင်သွားလေသည်။
စစ်ပွဲပြီးသောအခါ မှူးမတ်တို့သည် ဆင်ဆရာကိုပင် တညီတညွတ်တည်း မင်းမြှောက်ကြလေသည်။ ထင်းခွေ ယောက်ျားသည် ရှေးကောင်းမှုကံ မရှိသောကြောင့် ကြက်သားဟင်းနှင့် ကြံဖန်လွဲသည်။ ဘုရင်မဖြစ်။ ဆင်ဆရာကား ရှေးကောင်းမှုကံ ရှိသောကြောင့် ကြက်သားဟင်းကို မကြံရွယ်ဘဲ ရရှိသည်။ ဘုရင် ဖြစ်သွားလေသည်။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ သိရီဇာတ်
No comments:
Post a Comment