၄။ သင့်တင့်လျောက်ပတ်သောအရပ်၌ နေခြင်း (ပတိရူပ ဒေသဝါသော စ)

        သင့်တင့်လျောက်ပတ်သော အရပ်၌ နေခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ တစ်ခါသော် ဘီလုံးငှက် တစ်ကောင်သည် မိမိနေထိုင် ကျက်စားရာ လယ်ကွင်းပြင်မှလွန်၍ တခြားအရပ်သို့ သွားရောက် ကျက်စားသည်။ ထိုစဉ် သိမ်းငှက်တစ်ကောင်သည် ဘီလုံးငှက်ကို တွေ့ မြင်ကာ ထိုးသုတ် သွားလေသည်။ ဘီလုံးငှက်သည် သိမ်းငှက်လက်တွင်ပါ သွားစဉ် -

        “ငါ့အရပ်မဟုတ်၍ သိမ်းငှက်၏ ထိုးသုတ်ခြင်းကို ခံရသည်။ ငါ့အရပ်ဖြစ်ပါမူ သိမ်းငှက်သည် ထိုးသုတ်နိုင်မည်မဟုတ်”

        ဟူ၍ မြည်တမ်းငိုကြွေးသည်။

        ထိုအခါ သိမ်းငှက်က မခံချင်။ မိမိသည် အရွယ် တစ်တောင်ကျော် ရှိသည်။ ဘီလုံးငှက်ကား လက်တစ်ဝါးခန့်သာရှိသည်။ မိမိကဲ့သို့ ခွန်အားကြီးသော သူကို မနိုင်နိုင်ဟု ခံယူထားသည်။ ထို့ကြောင့် -

        “ဟယ်- ဘီလုံးငှက်၊ သင်၏ အရပ်ကား အဘယ်နည်း”

        ဟူ၍ မေးမြန်းသည်။ ဘီလုံးငှက်ကလည်း

        “ငါ၏ အရပ်ကား ထွန်စာခဲရှိရာ လယ်ကွင်းပြင်တည်း”

        ဟူ၍ အားမာန်အပြည့်ဖြင့် ပြန်ပြောသည်။ သိမ်းငှက်က -

        “သင်၏ အရပ်၌ ရှိသော်လည်း ငါကဲ့သို့သော ကြီးမား၍ ခွန်အားရှိသူကို သင်အန်တုနိုင်မည်လော။ ငါ့လက်က သင်လွတ်နိုင်မည်လော”

        ဟုဆို၏။ ဘီလုံးငှက်ကလည်း -

        “အန်တုနိုင်ပါသည်၊ လွတ်နိုင်ပါသည်”

        ဟု ရဲရင့်စွာ ပြောကြားသည်။

        “ကောင်းပြီ၊ ဤသို့ဆိုလျှင် သင့်ကို ယခု ငါလွှတ်လိုက်မည်။ သင့်အရပ်သို့သွား၍ ငါ့ကို ခုခံလော့”

        သိမ်းငှက်က ဤသို့ ဆိုကာ ဘီလုံးငှက်ကို လွှတ်လိုက်သည်။ ဘီလုံးငှက်လည်း မိမိကျက်စားရာ လယ်ကွင်းပြင်သို့ ဝမ်းမြောက်ဝမ်းသာ ပြန်သွားသည်။ ရောက်သော် မြေစိုင်ခဲကြီးတစ်ခုပေါ်၌ ရပ်လိုက်သည်။

        “အို. သိမ်းငှက်ကြီး၊ အသင်စွမ်းလျှင် လာလော့”

        သိမ်းငှက်ကလည်း -

        “ဟယ် ဘီလုံးငှက်။ ငါ့ လက်မှ သင်လွတ်နိုင်မည်လော”

        ဟူ၍ ကြုံးဝါးကာ လျင်မြန်စွာ ပျံသန်းလာသည်။ အနီးသို့ရောက်သည်နှင့် တစ်ပြုက်နက် အရှိန်ပြင်းစွာဖြင့် ပျံဆင်း၍ ဘီလုံးငှက်ကို ထိုးသုတ်လိုက်သည်။ ဤတွင် ဘီလုံးငှက်လည်း မြေစိုင်ခဲပေါ်မှ ရုတ်တရက်ဆင်း၍ မြေစိုင်ခဲအောက်အကြားသို့ ဝင်နေ လိုက်လေသည်။ ထိုအခါ သိမ်းငှက်သည် ဘီလုံးငှက်ကို မသုတ်မိ၊ အရှိန်လည်းမသတ်နိုင်။ မြေစိုင်ခဲကို ရင်ဖြင့်တိုက်မိသွားသည်။ တစ်ခဏအတွင်းမှာပင် ရင်ကွဲ၍ သေဆုံးသွားလေသည်။ ဘီလုံးငှက်သည် မြေစိုင်ခဲအကြားမှ ထွက်လာပြီးလျှင် သိမ်းငှက်သေ၏ ကိုယ်ပေါ်၌ နားလျက် -

        “ငါသည် သင့်တင့်လျောက်ပတ်သော အရပ်ကို အမှီပြုသောကြောင့် အင်အားကြီးမားသူကိုပင် အနိုင်ရလေသည်”

        ဟူ၍ ဆိုလေသတည်း။

ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ် သကုဏဂ္ဃိဇာတ်

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!