၃။ ပူဇော်ထိုက်သူကို ပူဇော်ခြင်း (ပူဇာ စ ပူဇနေယျာနံ)
ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ တစ်ရံရောအခါ ရာဇဂြိုဟ်ပြည်ရှိ သူဌေးတစ်ဦး၏ လယ်တွင် သူဆင်းရဲ ပုဏ္ဏသည် သူရင်းငှား အလုပ်ကို လုပ်ကိုင်သည်။ ပုဏ္ဏ၌ ဇနီးဘာရိတာနှင့် သမီး ဥတ္တရာတို့ ရှိကြသည်။ သူဌေး၏ အိမ်နောက်ဖေး၌ မှီခို နေထိုင်ကြသည်။
တစ်နေ့သ၌ နက္ခတ်ပွဲသဘင်ကြီး ကျရောက်သည်။ မြို့သူမြို့သားများသည် ပျော်ရွှင်စွာ ဆင်နွဲကြသော်လည်း ပုဏ္ဏမှာမဆင်နွှဲ။ လယ်သို့ဆင်း၍ လယ်ထွန်သည်။ ထိုစဉ် အရှင်သာရိပုတ္တရာ ရဟန္တာ အရှင်မြတ်သည် ပုဏ္ဏလယ်ထွန်ရာသို့ ကြွလာပြီး ရပ်တော်မူသည်။ ပုဏ္ဏသည် အရှင်မြတ်အတွက် မျက်နှာသစ်ရေနှင့် တံပူကို ဆက်ကပ်လှူဒါန်းပူဇော်သည်။
ထိုအချိန်တွင် ဇနီးဘာရိတာသည် ပုဏ္ဏထံ ထမင်းလာပို့သည်။ လမ်းတွင် အရှင်သာရိပုတ္တရာကို ဖူးတွေ့ရာ သဒ္ဓါတရား ပေါက်သဖြင့် ပါလာသော ထမင်းတို့ကို မထေရ်မြတ်အား လှူဒါန်း ပူဇော်လိုက်သည်။ ထမင်းအားလုံးကို ဆက်ကပ်လိုက်သဖြင့် ဘာရိတာသည် အိမ်သို့တစ်ဖန် ပြန်၍ ထမင်းဟင်း ချက်သည်။ ပြီးမှ ပုဏ္ဏထံ ထမင်းပို့ရန် ပြန်လာသည်။
အချိန်နောက်ကျသဖြင့် ပုဏ္ဏသည် ထမင်းစားရန် စောင့်မျှော်နေသည်။ ဘာရိတာက အကျိုး အကြောင်းပြောပြသည်။ ပုဏ္ဏသည် ဝန်တိုခြင်းမဖြစ်။ ဆွမ်းဒါနထူးအတွက် ဝမ်းမြောက်အားရဖြစ်ခဲ့သည်။
ထိုသို့ အရှင်သာရိပုတ္တရာ ရဟန္တာအရှင်မြတ်အား သဒ္ဓါကြည်ဖြူစွာ ဆွမ်းလှူဒါန်းပူဇော်ရသော အကျိုးကြောင့် ပုဏ္ဏထွန်ခဲ့သော ထွန်စိုင်၊ ထွန်ခဲ အားလုံး ရွှေ့တုံးများအဖြစ်သို့ ကူးပြောင်းသွားလေသည်။
သူဆင်းရဲ ပုဏ္ဏမိသားစုသည် သူဌေးဖြစ်သွားကြသည်။ ဘုရင်ကလည်း ပုဏ္ဏကို သူဌေးဘွဲ့ပေး၍ ထပ်မံချီးမြော့က်သည်။ ပုဏ္ဏတို့ မိသားစုသည် ပူဇော်ထိုက်သူကို ပူဇော်ခြင်းတည်းဟူသော မင်္ဂလာကို ကျင့်သုံးသဖြင့် မျက်မှောက်ဘဝမှာပင် အကျိုးထူးများ ရရှိသွားလေသည်။
ကျမ်းကိုး ။ ။ (၁) မဟာဗုဒ္ဓဝင် (ဆရာတော်ကြီး ဦးဝိစိတ္တသာရ)။(၂) ဓမ္မပဒ၊ ဥတ္တရာဥပါသိကာမဝတ္ထု။
No comments:
Post a Comment