၂။ ပညာရှိကို ဆည်းကပ်ခြင်း (ပဏ္ဍိတာနဥ္စ သေဝနာ)

        ပညာရှိကို ဆည်းကပ်ခြင်းသည် ကြီးပွားခြင်း အလုပ်တစ်ခု (ဝါ) မင်္ဂလာတစ်ပါး ဖြစ်သည်။

        တစ်ရံရောအခါ ဗာရာဏသီအနီးရှိ လက်သမားရွာကြီးတစ်ရွာ၌ လက်သမားတစ်ထောင် နေထိုင်သည်။ သူတို့သည် ထိုရွာ၌ ကြာမြင့်စွာ နေထိုင်လာခဲ့ရာမှ လုပ်ငန်းများ မအောင်မြင် ဖြစ်လာသည်။ ဆက်လက်နေထိုင်ရန် မသင့်လျော်သောကြောင့် တခြားအရပ်သို့ ပြောင်းရွှေ့နေထိုင်ရန် စီစဉ်ကြသည်။ လှေကြီးတစ်စင်းပြုလုပ်ကာ မိသားစုများကိုပါ တင်ဆောင်၍ ရေလမ်းခရီးဖြင့် ထွက်ခွာလာကြသည်။

        သူတို့သည် သမုဒ္ဒရာအလယ်၌ ဆန်ရေစပါးနှင့် သီးနှံမျိုးစုံပေါများသော ကျွန်းတစ်ကျွန်းကို တွေ့ကြသည်။ ထိုကျွန်းတွင် သင်္ဘောပျက်သဖြင့် ဦးစွာရောက်နှင့်နေသော ယောကျာ်း တစ်ယောက်ကိုလည်း တွေ့သည်။ ထိုသူက ထိုကျွန်းမှာအစားအစာ ပေါများသည်။ သို့ရာတွင် နတ်များစောင့်သည်။

        နတ်များသည် လူသားတို့၏ ကျင်ကြီးကျင်ငယ်တို့ကို စက်ဆုပ်ကြသည်။ ဤကျွန်းတွင်နေလိုပါက ကျင်ကြီးကျင်ငယ်တို့ကို စနစ်တကျ စွန့်ဖို့လိုသည်။ သဲများကို ယက်၍တွင်းပြုပြီးမှ စွန့်သင့်သည်။ ကျင်ကြီးကျင်ငယ်တို့ကို သဲဖြင့်ပြန်၍ ဖုံးအုပ်ရမည် ဟူ၍ သတိပေးပြောဆိုသည်။

        လက်သမားတို့သည် ထိုကျွန်း၌ပင် အခြေချနေထိုင်ကြသည်။ နတ်တို့အလိုကျ စနစ်တကျနေထိုင်သည်။ လက်သမားတစ်ထောင်အနက် ငါးရာ စီကို ခေါင်းဆောင်နှစ်ဦးက အုပ်ချုပ်ကြသည်။ ခေါင်းဆောင်နှစ်ဦးတွင် တစ်ဦးသည် ပညာရှိသည်။ တစ်ဦးကား ပညာမဲ့သည်။ လက်သမားများသည် ကျွန်းပေါ်တွင် အခြေချနေလာရာမှ အတန်ကြာသော် ပညာမဲ့ ခေါင်းဆောင်နှင့် ငယ်သားများသည် အရက်များချက်၍ သောက်စား မူးယစ်လာကြသည်။ ကျင်ကြီးကျင်ငယ်တို့ကို စည်းကမ်းတကျ မစွန့်။ ထင်သလို စွန့်ကြသည်။

        ကျွန်းစောင့်နတ်တို့သည် လွန်စွာအမျက်ထွက်ကြသည်၊။၁၅ ရက်လွန်မြောက်လျှင် သမုဒ္ဒရာရေကိုတက်စေ၍ ကျွန်းဆေးအံ့၊ လူအများကို သေစေအံ့ဟု စီစဉ်ကြသည်။ ကျွန်းစောင့် နတ်တို့အနက် နတ်ကောင်းတစ်ပါးသည် လူအများသေကျေပျက်စီးမည်ကို မလိုလားပေ။ ထို့ကြောင့် ကျွန်းနေလက်သမားများထံ လာရောက်သည်။ ၁၅ ရက် မတိုင်မီ ထွက်ပြေးကြရန် သတိပေးသည်။ ထို့နောက် နတ်ဆိုးတစ်ပါး ရောက်လာပြန်သည်။

        လက်သမားတို့ကို သေကျေ ပျက်စီးစေလိုသဖြင့် -

        "ဤကျန်းတွင် ဆက်လက်နေထိုင်ကြပါ ။ ဘေးမရှိပါ”

        ဟု ပရိယာယ်ဖြင့် ပြောဆိုသည်။ ဤတွင် ပညာရှိခေါင်းဆောင်က စဉ်းစားချင့်ချိန်ပြီးလျှင် သူ၏ ငယ်သားများအား လှေတို့ကို အသင့်စီစဉ်ထားစေသည်။ပထမနတ်၏ စကားမှန်သော် ရေတက်သောအခါ လှေဖြင့်ထွက်ခွာကြမည်။ ဒုတိယနတ်၏ စကားမှန်သော် လှေတို့ကို သင့်လျော်ရာ၌ ထား၍ ဤကျွန်းမှာပင် ဆက်လက်နေကြမည်ဟု အဖော်လက်သမားတို့အား ပြောဆို မှာထားသည်။

        ထိုစကားကို ပညာမဲ့ ခေါင်းဆောင်က လက်မခံ။အလုပ်ကို မလုပ်။

        “ပထမ နတ်သားသည် သူတို့ကို မုန်း၍ ပြောဆိုခြင်းဖြစ်သည်။ ဒုတိယနတ်သားသည် ချစ်၍ပြောဆိုခြင်းဖြစ်သည်။ ဤကျွန်းကို မစွန့်ခွာနိုင်။ လှေပြုလုပ်ရန် မလို”

        ဟုဆို၏။

        ဆိုသည့်အတိုင်းလည်း လှေမလုပ်ဘဲ ငယ်သားများနှင့်အတူ သောက်စား မူးယစ်၍သာနေ၏။ ၁၅ ရက်စေ့သော် ပထမနတ်ပြောသည့်အတိုင်းပင် သမုဒ္ဒရာရေတို့သည် ကျွန်းပေါ်သို့ တရိပ်ရိပ်တက်လာသည်။ ခါးလယ်ခန့်ရောက်သောအခါ ပညာရှိခေါင်းဆောင်နှင့် ငယ်သားဝါးရာတို့ သည် လှေကြီးပေါ်သို့ တက်ကြသည်။ လှော်ခတ်၍ ဘေးကင်းစွာ ထွက်ခွာသွားကြသည်။

        ပညာမဲ့ ခေါင်းဆောင်နှင့် ငယ်သားများမူကား မမှုကြ။ ရေတို့သည် ခါးလယ်အထိသာရောက်ပြီး ပြန်ကျသွားလိမ့်မည်ဟု ထင်မှတ်ကြသည်။သို့ရာတွင် သူတို့ ထင်သကဲ့သို့ မဟုတ်။ သမုဒ္ဒရာရေတို့သည် တစ်စတစ်စနှင့် ထန်းတစ်ဖျားတိုင်အောင် တက်လေ၏ ။ ပညာမဲ့ ခေါင်းဆောင်နှင့် တကွ ထိုသူကို ဆည်းကပ်သူ ငယ်သားငါးရာစလုံး ရေနစ်သေဆုံး ကြလေသည်။

ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ သမုဒ္ဒဝါဏိဇဇာတ်

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!