၃၃။ သစ္စာလေးပါးတရားတို့ကို သိခြင်း (အရိယသစ္စာန ဒဿနံ)
သစ္စာလေးပါးတရားတို့ကို သိမြင်ခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။ အောက်ပါ ဇာတ်တော်ကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
ရှေးသရောအခါ သာဝတ္ထိပြည်တွင် သူဌေးသမီး တစ်ဦးရှိသည်။ 'ကိသာဂေါတမီ' ဟု အမည်ရှိသည်။ အရွယ်ရောက်သောအခါ မိဘများ ဆင်းရဲသွားသဖြင့် နွမ်းပါးသောဘဝသို့ ရောက်ရှိသွားရရှာသည်။ ထိုအချိန်တွင် သာဝတ္ထိပြည်ရှိ သူဌေးကြီးတစ်ဦးသည်လည်း သူ၏ ပိုင်ဆိုင်သောရွှေများ အားလုံး မီးသွေးဖြစ်ကာ ဆင်းရဲသွားရှာသည်။ ထိုအခါ မိတ်ဆွေတစ်ဦးက -
စိတ်မပျက်ပါနှင့်၊ ဘုန်းကံရှိသူနှင့်တွေ့လျှင် သင်၏ မီးသွေးများကို လက်နှင့် ထိရုံဖြင့် ရွှေများပြန်ဖြစ်သွားနိုင်ပါသည်”
ဟု အားပေးစကားပြောဆိုသည်။
သူဌေးကြီးသည် ထိုသူ၏ စကား ကို ယုံကြည်ကာ ထိုမီးသွေးများကို ဈေးတွင် ဆိုင်ခင်း၍ ရောင်းချသည်။ တစ်နေ့သ၌ ကိသာဂေါတမီသည် ဈေးသို့ သွားသည်။
သူဌေးဟောင်းဆိုင်မှ မီးသွေးများကို ကြည့်ကာ -
"ဤရွှေများကုန်အောင် ဘယ်သူဝယ်နိုင်ပါမည်နည်း”
ဟု မေးမြန်း၏ ။ ထိုအခါ သူဌေးဟောင်းသည် -
"ဘုန်းကံရှိသူ တွေ့ရပြီ”
ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။
မိမိ၏ သားကြီးနှင့် ကိသာဂေါတမီကို ထိမ်းမြားပေးသည်။ ကိသာဂေါတမီ၏ လက်နှင့်ထိသော မီးသွေးများအားလုံးသည် လည်း ရွှေစင်အတိသို့ ပြန်၍ ရောက်သွားလေသည်။
ကိသာဂေါတမီသည် ယောက္ခမသူဌဌေးကြီး အိမ်မှာပင် နေထိုင်သည်။ ယောက္ခမ သူဌေးကတော်ကြီးမှာ ရက်စက် ကြမ်းကြုတ်သူဖြစ်သည်။ ထို့ကြောင့် ကိသာဂေါတမီမှာ စိတ်မချမ်းမသာ ဖြစ်ရရှာသည်။ ဤသို့ နေလာရာမှ ကာလအတန်ကြာသော် သားတစ်ယောက် ဖွားမြင်သည်။ ကံဆိုးရှာသဖြင့် သားကလေး သုံးလေးနှစ်အရွယ်တွင် ကွယ်လွန်သွားသည်။
ကိသာဂေါတမီမှာ ရူးမတတ် သောကရောက်ရှာသည်။ သားသေကို ရင်ခွင်၌ပိုက်လျက် 'အသက်ရှင်အောင် ကုစားပေးပါ' ဟူ၍ လူတကာကို လိုက်လံငိုယိုတောင်းပန်၏ ။ ဤတွင် ပညာရှိတစ်ယောက်က -
"ချစ်သမီး ငါ တို့ကား သင့်သား ပြန်ရှင်လာအောင် ကုသနိုင်သော ဆေးကို မသိပါ။ သို့ရာတွင် ဂေါတမဘုရားရှင်ကား ဤဆေးကို သိတော်မူပါသည်။ ဘုရားရှင်ထံ သွားပါလော့”
ဟု လမ်းညွှန်လိုက်သည်။
ကိသာဂေါတမီသည် ဘုရားရှင်ထံ သွားရောက်သည်။ သားအသက် ပြန်ရှင်နိုင်မည့် ဆေးကို တောင်းသည်။ ဘုရားရှင်က -
"သင့်သားအတွက် ဆေားဖော်စပ်ရန် လူမသေဖူးသောအိမ်မှ မုန်ညင်းစေ့တစ်ဆုပ်မျှ တောင်းခဲ့လေ”
ဟု ဉာဏ်တော်ဖြင့် ဆင်ခြင်၍ မိန့်တော်မူလိုက်သည်။
ကိသာဂေါတမီသည် လူမသေဖူးသောအိမ်ကို သာဝတ္ထိမြို့တော် အနံ့ လိုက်ရှာသည်။ လူမသေဖူးသော အိမ်ဟူ၍ မရှိ။ ရှာဖွေ၍ မရပေ။
ဤတွင်မှ ကိသာဂေါတမီသည် သေခြင်းတရားသည် လူတိုင်းနှင့် မကင်းနိုင်ကြောင်း သဘော ပေါက်သွားသည်။ သားသေကို တောတွင် စွန့်ပစ်ခဲ့၍ ဘုရားရှင်ထံ ပြန်လာသည်။ ဘုရားရှင်က တရားဟောရာ ကိသာဂေါတမီသည် စိတ်ငြိမ်း အေးသွားသည်။ သောတာပန်ဖြစ်၍ ရဟန်းမ ပြုလေသည်။
ကိသာဂေါ တမီသည် ဝိပဿနာတရား ပွားများရာမှ သစ္စာတရားကို သိမြင်ကာ ရဟန္တာမ ဖြစ်သွားသည်။ ရဟန္တာမ ဖြစ်ရာတွင် ကောင်းမွန်သော သင်္ကန်းကို မတပ်မက်၊ ပံ့သကူသင်္ကန်းကိုသာ ခြိုးခြံ ဝတ်ဆင်သည်။ ထို့ကြောင့် မြတ်စွာဘု ရားက ကိသာဂေါတမီအား -
“ခေါင်းပါးသောသင်္ကန်း ကိုဆောင်သော ရဟန္တာမတို့တွင် ကိသာဂေါတမီသည် အမြတ်ဆုံးဖြစ်သည်”
ဟူ၍ ချိုးကျူးတော်မူကာ 'လူခစီဝရဓာရဏ' ဧတဒဂ် ဘွဲ့ထူးကို နှင်းအပ်ခဲ့ပေသည်။
ကျမ်းကိုး ။ ။ ဓမ္မပဒ
No comments:
Post a Comment