၃၄။ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း (နိဗ္ဗာန သစ္ဆိကိရိယာ စ)

        နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ အောက်ပါ ပုံဝတ္ထုကို သာဓကတစ်ရပ်အဖြစ် တင်ပြပါသည်။

        တစ်ရံရောအခါ သာဝတ္ထိမြို့တွင် ကုဋေလေးဆယ်ကြွယ်ဝသော သူဌေးကြီးတစ်ဦးရှိသည်။ သူ့တွင် ပဋာစာရီအမည်ရှိ သမီးပျိုတစ်ယောက်ရှိသည်။ ပဋာစာရီသည် ၁၆ နှစ်သမီးအရွယ်သို့ ရောက်သောအခါ မိမိအိမ်တွင် စေခိုင်းသော ကျွန်လုလင်ပျိုတစ်ဦးနှင့် ချစ်ကြိုက်မိသည်။ မိဘများကလည်း အမျိုးဇာတ်ချင်း၊ အဆင့်အတန်းချင်း တူမျှသော သတို့သားတစ်ယောက်နှင့် ထိမ်းမြားပေးရန် စီစဉ်ထား၏ ။ မင်္ဂလာဆောင်မည့် ရက်ကို သတ်မှတ်ထား၏ ။

        ပဋာစာရီသည် မိဘတို့ ထိမ်းမြားပေးမည့် သတို့သားကို အလိုမရှိ။ မင်္ဂလာဆောင်ခါနီးတွင် ကျွန်လုလင်ပျိုနှင့်အတူ နေအိမ်မှ ထွက်ပြေးသွားသည်။ ရွာတစ်ရွာတွင် သူတို့နှစ်ဦး ပေါင်းသင်းနေထိုင်ကြသည်။ ဝမ်းရေးအတွက် ယောက်ျားဖြစ်သူသည် လယ်ထွန်ခြင်း၊ ဟင်းသီးဟင်းရွက် ရောင်းခြင်း စသည့်အလုပ်တို့ကို ကြိုးစားလုပ်ကိုင်သည်။

        သူဌေးသမီးဖြစ်ခဲ့သော ပဋာစာရီကလည်း ရေခပ်ခြင်း၊ မောင်းထောင်းခြင်း၊ ထမင်းချက်ခြင်းတို့ကို ကျိုးနွံစွာ လုပ်ကိုင်သည်။ ဤသို့ နေထိုင်လာခဲ့ရာမှ ပဋာစာရီတွင် ကိုယ်ဝန် တည်လာလေသည်။

        ကိုယ်ဝန်ရင့်လာသောအခါ ပဋာစာရီသည် မိဘထံသို့ ပြန်၍ မွေးဖွားရန် ယောက်ျားကို တောင်းပန်သည်။ ယောက်ျားက ပြန်သွားလျှင် နှိပ်စက်ခံရမည်စိုး၍ လိုက်မပို့ရဲပေ။ ပဋာစာရီသည် ယောကျ်ားမရှိခိုက်တွင် တိတ်တဆိတ်ထွက်သွားလေသည်။ ယောက်ျားလည်း အလုပ်မှပြန်လာသောအခါ အိမ်နီးချင်းများထံမှ ပဋာစာရီ ထွက်သွားကြောင်း သိရသည်။

        ချက်ချင်းပင် ပဋာစာရီ နောက်ကို လိုက်သည်။ တောလမ်းတစ်နေရာတွင် တွေ့ဆုံကြသည်။ ယောကျ်ားက ပြန်ခေါ်သည်။ မရသဖြင့် မောင်နှံနှစ်ဦး ဆက်လက်သွားကြသည်။

        မိဘများ အိမ် သို့မရောက်မီ တောထဲမှာပင် သားယောကျ်ားကလေး ဖွားမြင်သည်။ ဤတွင် ပဋာစာရီသည် မိဘများအိမ်သို့ ဆက်မသွားတော့။ ယောကျ်ားနှင့် အတူ ရွာသို့ပြန်လာသည်။

        ဤသို့နေလာရာမှ ဒုတိယကလေး ကိုယ်ဝန်တည် လာပြန်သည်။ မွေးဖွာခါနီးသောအခါ ပဋာစာရီသည် ပထမအကြိမ် ကဲ့သို့ပင် မိဘအိမ်ပြန်၍ မွေးဖွားမည် ပြုပြန်သည်။ ယောကျ်ားကလည်း တားမြစ်သည်။ ဤတွင် ပထမအကြိမ်နည်းတူ မိဘအိမ်သို့ တိတ်တဆိတ် ထွက်သွားသည်။ ယောကျ်ားသိသောအခါ လိုက်၍ ခေါ်ပြန်သည်။ တောထဲ၌ ဆုံမိကြသည်။ ထိုစဉ် မိုးရွာလာသဖြင့် ယောကျ်ားသည် မိုးလုံသောနေရာတွင် ခိုလှုံရန်အတွက် ပဲခွပ်ဖြင့် ချုံများကို ရှင်းလင်းသည်။ ထိုစဉ် တောင်ပို့မှ မြွေ့တစ်ကောင်က ကိုက်လိုက်သည်။ ထိုနေရာမှာပင် ယောကျ်ားခမျာ လဲကျ သေဆုံးသွားရှာသည်။

        ထိုအချိန်တွင် ပဋာစာရီသည် သားကြီးနှင့်အတူ ယောကျ်ားကို စောင့်မျှော်နေရာမှ သားငယ်ကို ဖွားမြင်သည်။ ပဋာစာရီသည် မိုးဒဏ်လေဒဏ်ကို ကြံ့ကြံ့ခံလျက် ကလေးနှစ်ယောက်က ရင်ခွင်အောက်မှာ ထားသည်။ တစ်ညလုံး လေးဖက်ထောက်၍ နေခဲ့ရရှာသည်။

        နံနက်လင်းသော် သူတို့သားအမိသည် ခြေရာခံ၍ ယောကျ်ားကို လိုက်ရှာကြသည်။ မကြာမီပင် တစ်နေရာ၌ ယောကျ်ားသေဆုံးနေသည်ကို တွေ့ရသည်။ ပဋာစာရီသည် စိတ်ထိခိုက်မဆုံး ဖြစ်ရှာသည်။ သို့သော် မတတ်နိုင်။ အားတင်းလိုက်သည်။ သားငယ်ကို ပိုက်လျက် သားကြီးကို လက်တွဲကာ တရွေ့ရွေ့ ထွက်ခွာလာခဲ့သည်။

        အတန်ကြာသော် အစိရဝတီမြစ်ကမ်းပါးသို့ ရောက်လာကြသည်။ ညက ရွာထားသော မိုးကြောင့် မြစ်ရေမှာ ရင်စို့လောက် ရှိနေသည်။ တသွင်သွင်စီးဆင်းနေသည်။ ပဋာစာရီသည် သားနှစ်ယောက်နှင့် အတူ မြစ်ကိုကူးရန် မလွယ်သဖြင့် သားကြီးကို သည်မှာဘက်ကမ်း၌ ထားခဲ့သည်။ သားငယ်ကို ပွေ့ချီကာ ဟိုမှာဘက်ကမ်းသို့ ကူးဖြတ်သည်။ ရောက်သော် ဟိုမှာဘက်ကမ်း တစ်နေရာ၌ သားငယ်ကို သိပ်ထားပြီးလျှင် သားကြီးကိုခေါ်ရန် ပြန်လာသည်။

        ပဋာစာရီ မြစ်လယ်အရောက်တွင် စွန်ရဲကြီးတစ်ကောင်က ဖွားသစ်စ သားငယ်ကို သားတစ်ထင်မှတ်ကာ သုတ်ချီသွားသည်။ ပဋာစာရီသည် စွန်ကြီးကို အော်ဟစ်ခြောက်လှန့်သည်။ စွန်ကြီးက သားငယ်ကို သုတ်ချီသွားလေပြီ။ သို့ရာတွင် တစ်ဖက်ကမ်းရှိ သားကြီး မိမိကို မိခင် လှမ်းခေါ်သည်ဟု ထင်မှတ်သွားသည်။ ရေထဲသို့ ဆင်းလာရာ ရေနစ်သေဆုံးသွားရှာတော့သည်။

        ပဋာစာရီသည် သောက မီးတောက်ကာ အရူးပမာဖြစ်သွားသည်။ အော်ဟစ်ငိုကြွေးရင်းမိဘများရှိရာ သာတ္ထိမြို့သို့ လာခဲ့သည်။ လမ်းတွင် ခရီးသွား ယောက်ျားတစ်ယောက်နှင့် တွေ့ဆုံသည်။ မိဘများအကြောင်း မေးကြည့်သည်။ ထိုယောကျ်ားက ညက လေကြီးမိုးကြီးကျရာတွင် တိုက်ပြိုသဖြင့် ပဋာစာရီ၏ မိဘနှစ်ပါးနှင့်တကွ မောင် ပါ သေဆုံးသွားကြောင်း ပြောပြသည်။

        ပဋာစာရီမှာ စိတ်မထိန်းနိုင်ဘဲ သတိလက်လွတ် ဖြစ်သွားသည်။ ကိုယ်တွင် အဝတ်အစားမရှိ ငိုကြွေးလျက် အရပ်တကာ လှည့်လည်သွားသည်။ တချို့က အရူးမဟုဆိုကာ ခဲနှင့် ပစ်ပေါက်ကြသည်။ နောက်ဆုံးတွင် ပဋာစာရီသည် ဗုဒ္ဓဘုရားရှင်၏ ဇေတဝန်ကျောင်း ဝင်းထဲသို့ ရောက်သွားသည်။ ဗုဒ္ဓဘုရားရှင်ကို တွေ့သည်။ ဘုရားရှင်က ပဋာစာရီအား အပူငြိမ်းအောင် တရားဟောပြောဆုံးမသည်။ တရားအဆုံး၌ ပဋာစာရီသည် သောကများကင်းဝေးကာ သောတာပန် ဖြစ်သွားသည်။

        ထို့နောက် ပဋာစာရီသည် ဘိက္ခုနီမများထံသွား၍ ရဟန်းမပြုသည်။ ဘုရားရှင် အဆုံးအမအတိုင်း ကြိုးစား၍ တရားအားထုတ်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြု၍ ရဟန္တာမ ဖြစ်သွားလေသည်။ အရှင်မပဋာစာရီသည် ဘုရားရှင် ပညတ်တော်မူသည့် ဝိနည်းသိက္ခာပုဒ်များကို ကျင့်ဆောင်ရာတွင် အထူးချွန်ဆုံးဖြစ်သည်။ ထို့ကြောင့် ဝိနည်းဆောင် ဘိက္ခုနီရဟန်းမတို့တွင် အမြင့်မြတ်ဆုံးသော ဧတဒဂ်ဘွဲ့ထူးကို ရရှိလေသည်။

ကျမ်းကိုး ။ ။ ဓမ္မပဒ

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!