၃၂။ မြတ်သောအကျင့်ကို ကျင့်ခြင်း (ဗြဟ္မစရိယဉ္စ)
မြတ်သောအကျင့ကို ကျင့်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ အောက်ပါပုံဝတ္ထုကို သာဓကတစ်ရပ်အဖြစ် တင်ပြပါသည်။
တစ်ရံရောအခါ ပုဏ္ဏားရွာတစ်ရွာ၌ ကဿပ အနွယ်ဝင် သူဌေးပုဏ္ဏား လင်မယားရှိ၏ ။ သူတို့တွင် ပိပ္ပလိအမည်ရှိ သားတစ်ယောက် ထွန်းကားသည်။ ထိုသားသည် ရုပ်ရည် ချောမော လှပတင့်တယ်သည်။ အသက်နှစ်ဆယ် အရွယ်သို့ ရောက်သောအခါ မိဘတို့က သားကို အိမ်ထောင်ချထား ပေးမည်ပြု၏။ ထိုအခါ ပိပ္ပလိလုလင်က ငြင်းဆန်သည်။ အိမ်ထောင် မပြုလိုကြောင်း၊ မိဘတို့ကိုသာ လုပ်ကျွေး ပြုစုလိုကြောင်း၊ မိဘတို့ လွန်သောအခါ ရသေ့၊ ရဟန်း ပြုလိုကြောင်း ပြောဆိုသည်။
မိဘတို့သည် သား၏ ပြောဆိုချက်ကို မနှစ်သက်ကြ။ အိမ်ထောင်ပြုရန်သာ တိုက်တွန်းကြ၏ ။ ထိုအခါ ပိပ္ပလိလုလင် သည် မိဘတို့ ထပ်မံတိုက်တွန်းခြင်းမပြုနိုင်ရန် ကြံစည်၏။ သူသည် အလွန်ချောမွေ့သော မိန်းမရုပ်ကို ရွှေ့ဖြင့်သွန်းလုပ်၏ ။ အဝတ်တန်ဆာတို့ကို ဆင်ယင်ပေး၏ ။
ထို့နောက် ထိုရုပ်ကို မိဘတို့အားပြ၏ ။
“မိခင်၊ ဖခင်တို့ ဤရွေ့ရုပ်၏ အသွင်အပြင်နှင့် တူသော မိန်းမကို ရလျှင် သားမောင် အိမ်ထောင်ပြုပါတော့မည်”
ဟု ဆို၏။
မိဘတို့ကလည်း ဤရွှေ့ရုပ်ကဲ့သို့လှသော မိန်းမမျိုးကို ရှာဖွေစေမည်ဟုဆိုကာ ပုဏ္ဏားရှစ်ယောက်ကို လွှတ်လိုက်သည်။ ပုဏ္ဏားတို့လည်း ရွေရုပ်ကို ရထားထက်၌တင်၍ လက်ဆောင်ပဏ္ဏာများဆောင်ယူကာ အမြို့မြို့သို့ လှည့်လည် ရှာဖွေကြသည်။ သူတို့သည် သာဂလမြို့သို့ ရောက်သောအခါ ရွေရုပ်နှင့်တူသော မိန်းမပျိုကို ရှာဖွေတွေ့ ရှိကြသည်။ ထိုမိန်းမပျိုသည် ကောသိယအနွယ် ဖြစ်သော သူဌေးပုဏ္ဏား၏ သမီး ဘဒ္ဒါကာပိလာနီ ဖြစ်သည်။
ပုဏ္ဏားတို့သည် မိန်းမပျို၏ မိဘတို့ထံ လက်ဆောင်ပဏ္ဏာနှင့်တကွ ရွှေ့ရုပ်ကို အပ်နှင်းသည်။ အကြောင်းစုံပြောပြ၍ သတို့သမီးကို တောင်းခံသည်။ မိဘတို့ ကလည်း ဝမ်းမြောက်ဝမ်းသာ သဘောတူကြသည်။ ထိုအကြောင်းကို ပိပ္ပလိလုလင် ကြားသိရသောအခါ ရွှေပေဖြင့် သဝဏ်လွှာရေး၍ ဘဒ္ဒါကာပိလာနီထံ ပို့၏ သဝဏ်လွှာအတွင်း၌ ဘဒ္ဒါ ကာပိလာနီကို မိမိမယူလိုကြောင်း မကြာမီ ရဟန်းပြုရန် ရည်ရွယ်ချက် ထားရှိကြောင်း ရေးသားဖော်ပြထားသည်။
အလားတူပင် ဘဒ္ဒါကာပိလာနီကလည်း လက်ထပ်ထိမ်းမြားခြင်း မပြုလိုကြောင်း ပိပ္ပလိထံ စာသဝဏ်လွာပေးပို့သည်။ စာ သဝဏ်လွှာကို ဆောင်ယူသူ လုလင်တို့သည် လမ်းတွင် ဆုံမိကြသည်။ နှစ်ဦးသဘောတူ စာသဝဏ်လွှာကို ဖွင့်ဖတ်ကြ၏ ဟို သူတို့သည် မောင်နှံနှစ်ဦးဖူးစာဆုံစေလိုသဖြင့် 'ချစ်ခင်လိုကြောင်း' ဟုပြင်၍ ရေးကာ ပေးပို့ကြသည်။ ဤသို့ဖြင့် မောင်နှံနှစ်ဦး အလိုမတူဘဲ လက်ထပ်ထိမ်းမြား ဖြစ်သွား၏ ။ သူတို့နှစ်ဦးသည် အကြင်လင်မယား ဘဝသို့ ရောက်ရသော်လည်း လင်မယားကဲ့သို့ မနေထိုင်၊ ဖြူစင်သန့်ရှင်းစွာဖြင့် မောင်နှမရင်းချာကဲ့သို့ သာ နေထိုင်ကြ၏ ။
ဤသို့နေလာကြရာမှ ကာလကြာသောအခါ မိဘတို့ ကွယ်လွန်သွားကြ၏ ။ မိဘများထံမှ အမွေအနှစ် မြောက်မြားစွာ ရရှိကြ၏။ သို့ရာတွင် နှစ်ဦးစလုံးပင် ဥစ္စာတို့ကို အလိုမရှိကြ။ ဆွေးနွေးတိုင်ပင်ပြီးလျှင် ဥစ္စာအားလုံးကို လှူဒါန်းစွန့်ကြဲ ပေးကမ်း လိုက်ကြသည်။
ထို့နောက် ဖန်ရည်စွန်းသောအဝတ်ကို ဝတ်၍ ဆံပင်ကို ဖြတ်တောက်ကြကာ ရွာမှ ထွက်လာခဲ့ကြ၏ ။ လမ်းခွဲတစ်ခုသို့ ရောက်သောအခါ 'ဤနေရာမှ ခွဲခွာကြမှသင့်မည်' ဟူ၍ တိုင်ပင်ကာ တစ်ယောက်တစ်လမ်း ထွက်ခွာသွားကြလေသည်။
ပိပ္ပလိလုလင်သည် ဗုဒ္ဓဘုရားရှင်ထံတော်မှောက်သို့ ရောက်၍ ရဟန်းပြုသည်။ ရဟန်းတရားကို ကြိုးစားအားထုတ်သည်။ ခုနစ်ရက်လွန်၍ ရှစ်ရက်မြောက်သောနေ့တွင် ရဟန္တာဖြစ်သွားလေသည်။ 'အရှင်မဟာကဿပ မထေရ်' ဟူသော ဘွဲ့တော်ဖြင့် ထင်ရှားလာသည်။
ဘဒ္ဒါကာပိလာနီသည်လည်း နောက်ဆုံးတွင် ဘိက္ခုနီမ ပြုခွင့်ရသွားသည်။ တရားကို ကြိုးစားအားထုတ်ပြီး ရဟန္တာမ ဖြစ်သွားလေသည်။ 'ဘဒ္ဒါကာပိလာနီထေရီ' ဟူသော ဘွဲ့တော်ဖြင့် ထင်ရှားလာလေသည်။
ကျမ်းကိုး ။ ။ အင်္ဂုတ္တိုရ်အဋ္ဌကထာ။
No comments:
Post a Comment