၃၁။ ခြိုးခြံခြင်း (တပေါ စ)

        ခြိုးခြံခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွား ချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။ အောက်ပါ ဇာတ်တော်ကို သာဓကအဖြစ် တင်ပြအပ်ပါသည်။

        ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ကုဋေရှစ်ဆယ် ကြွယ်ဝသော ဗြဟ္မဏသူဌေးလင်မယား နှစ်ယောက်ရှိ၏ ။ သူတို့တွင် 'အကိတ္တိ' အမည်ရှိသော သားတစ်ယောက်နှင့် 'ယသဝတီ' အမည်ရှိသော သမီးတစ်ယောက် ရှိသည်။

        အကိတ္တိသည် အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်သို့သွား၍ ပညာဆည်းပူးသည်။ ပညာများ တတ်မြောက်သောအခါ မိဘတို့ထံပြန်လာသည်။ နှစ်အတန်ကြာသောအခါ မိဘနှစ်ပါး ကွယ်လွန် သွားသည်။ များပြားလှသော ဥစ္စာပစ္စည်းများကို အကိတ္တိတို့ မောင်နှမ ရရှိကြသည်။ သို့ရာတွင် အကိတ္တိက ဥစ္စာတို့ကို မယူ။ ရသေ့ရဟန်းပြုမည်ဟုဆိုလျက် နှမငယ်အား ပစ္စည်းဥစ္စာအား လုံးကို ပေးအပ်သည်။ နှမငယ်ကလည်း မယူပေ။

        “မောင်ကြီး ကျွန်မသည် မောင်ကြီးစွန့်ပစ်သော တံတွေးကို ဦးခေါင်းဖြင့် မခံလိုပါ။ ဥစ္စာကို အလိုမရှိပါ။ မောင်ကြီးနှင့်အတူ ရသေ့အဖြစ် ခံယူနေထိုင်လိုပါသည်”

        ဟူ၍ ဆိုသည်။

        သို့ဖြင့် သူတို့မောင်နှမသည် ရှိသမျှဥစ္စာတို့ကို လှူဒါန်းစွန့်ကြဲပြီးလျှင် ဗာရာဏသီပြည်မှ ထွက်ခဲ့ကြသည်။ သုံးယူဇနာ ကွာဝေးသော တောအရပ်တွင် ကျောင်းသင်္ခမ်းဆောက်၍ ရသေ့ရဟန်းပြုကာ နေထိုင်ကြသည်။

        အကိတ္တိရသေ့ကို ကြည်ညိုသဖြင့် လူအများပင် ရသေ့ပြုလာကြ၏ ။ အခြအရံများလာ၏။ လာဘ် ပူဇော်မှုလည်း များလာ၏။ ထိုအခါ အကိတ္တိရသေ့သည် မနှစ်မြို့။ နှမငယ်ကိုပင် အသိမပေး။ တစ်ကိုယ်တည်း ထွက်ခဲ့ပြီးလျှင် ဥယျာဉ်တစ်ခု တစ်ပါးတည်းနေထိုင်၏ ။ တရားကို ကြိုးစား အားထုတ်၏။ ဈာန်ရ ရသေ့အဖြစ်သို့ ရောက်ရှိသွား၏ ။

        ထိုအခါ လူအများရောက်လာကြပြီး ပူဇော်ကြပြန်၏ ။ လာဘ်လာဘတို့ ပေါများလာပြန်၏ ။ အကိတ္တိရသေ့ မနှစ်မြို့နိုင်ပြန်။ ထိုနေရာမှ ဖယ်ခွာ၍ လူသူဝေးသော ကျွန်းတစ်ကျွန်းသို့ သွားရောက်နေထိုင်၏။ ထိုကျွန်းရှိ ကံပြင်းပင်ကြီးကို အမှီပြုလျက် ကျောင်းဆောက်၍ တစ်ပါးတည်းနေထိုင်၏ ။

        အကိတ္တိရသေ့သည် အလွန်ခြိုးခြံစွာ နေထိုင်၏။ ကံပြင်းပင်ကြီး အသီးသီးသောအခါ အသီးကိုစား၏ ။ အသီးမရှိသောအခါ အရွက်ကို ပြုတ်၍ စား၏။ အစာကို ခြိုးခြဲစားရုံမျှမက အအိပ်အနေကိုလည်း ခြိုးခြံ၏ ။ တရားကိုသာ အထူးကြိုးစား အားထုတ်သည်။

        ထိုအခါ သိကြားမင်းသည် အကိတ္တိရသေ့ကို စူးစမ်းရန် ပုဏ္ဏားအသွင်ဖန်ဆင်း၍ လာရောက်အလှူခံ၏ ။ အကိတ္တိရသေ့လည်း မိမိ၌ ရှိသော ကံပြင်းရွက်ပြုတ်ကို မစားတော့ဘဲ လှူလိုက်လေသည်။

        ဤသို့လျှင် သိကြားမင်းသည် သုံးရက်တိုင်တိုင်လာ၍ သုံးကြိမ် အလှူခံ၏။ အကိတ္တိကလည်း ရှေးနည်းအတိုင်းလှူ၍ အစာမစားဘဲ ခြိုးခြံနေထိုင်၏။ သုံးရက်မြောက်သောအခါ သိကြားမင်းသည် ကိုယ်ထင်ပြလျက် မည်သည်အရာကို တောင့်တ၍ ဤသို့ လှူပါသနည်းဟု မေးမြန်း၏ ။

        အကိတ္တိက -

        “ငါသည် နတ်စည်းစိမ်၊ သိကြားစည်းစိမ်ကိုမလို။ ဘုရားအဖြစ်ကိုသာ လိုသဖြင့် ဤသို့လှူ၍ ဤသို့ ခြိုးခြံစွာနေထိုင်ကာ တရားအားထုတ် နေခြင်းဖြစ်သည်” ဟု ပြန်ပြော၏။

        ထိုစကားကိုကြားလျှင် သိကြားမင်းသည် အလွန် ကြည်ညိုလှသဖြင့် လိုရာဆုကို ပေးမည်ဟုဆို၏ ထိုအခါ အကိတ္တိက လက်မခံ။

        “ဆု ကိုလက်ခံပါ က လောဘ၊ ဒေါသစသည်တို့ ပွားတော့မည်။ သင် သိကြားမင်းကဲ့သို့သော နတ်၏ အဆင်းကို မြင်နေရလျှင်လည်း ငါ့ တွင် ခြိုးခြဲမှုအကျင့်တွေ လျော့ပါး လာတော့မည်။ ငါ့ ထံသို့ သင်မလာရန်သာ ငါတောင်းဆိုပါ၏”

        ဟုဆို၏။ သိကြားမင်းလည်း -

        “ရှင်ရသေ့ ကောင်းလှပါပြီ။ ရှင်ရသေ့ထံ မလာတော့ပါ”

        ဟု ဝန်ခံ၍ ရိုသေစွာ ရှိခိုးကန်တော့၏ ။ ထို့နောက် မိမိနေရာ တာဝတိံသာသို့ ပြန်သွားလေသည်။

ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ အကိတ္တိဇာတ်။

Read Users' Comments (0)

No comments:

Post a Comment

အများအားဖြင့် မှားလေ့ရှိတဲ့ စာလုံးပေါင်းများ


အမှန် အမှား အမှန် အမှား
နုတ်ထွက် နှုတ်ထွက် သန္နိဋ္ဌာန် သံဓိဋ္ဌာန်
အမီလိုက် အမှီလိုက် အခမ်းအနား အခန်းအနား
နေ့လယ် နေ့လည် ရလဒ် ရလာဒ်
ရာနှုန်း ရာနှုံး ရန်ငြိုး ရန်ညှိုး
ရန်ပုံငွေ ရံပုံငွေ တုံ့ပြန် တုန့်ပြန်
ရုပ်သိမ်း ရုတ်သိမ်း စိစစ် စီစစ်
ရှုံ့ချည်နှပ်ချည် ရှုတ်ချည်နှပ်ချည် ရှုတ်ချ ရှုပ်ချ
ရှုပ်ထွေး ရှုတ်ထွေး ကတိကဝတ် ဂတိဂဝတ်
ကတည်းက ကထဲက ခြစ်ကုတ် ချစ်ကုတ်
ခြိုးခြံ ချိုးခြံ ချက်ချင်း ချက်ခြင်း
ပရိသတ် ပရိတ်သတ် ကရုဏာ ဂရုဏာ
Source : မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
Free counters!