၃၀။ သင့်လျော်သောအခါ တရားဆွေးနွေးခြင်း (ကာလေန ဓမ္မသာကစ္ဆာ)
သင့်လျော်သောအခါ တရားဆွေးနွေးခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်။ အောက်ပါ ဖြစ်ရပ်ကို သာဓကအဖြစ် တင်ပြပါသည်။
တစ်ခါသော် အမတ်ကြီးဘိုးရာဇာနှင့် အမတ်ကြီးသီဟပတေ့တို့သည် သစ်ကညင်ဟူသော အရပ်တွင် တွေ့ဆုံ၍ စကားပြောဆို ဆွေးနွေးကြသည်။ ဘိုးရာဇာသည် အင်းဝ ဘုရင်မင်းခေါင်၏ အမတ်ပညာရှိဖြစ်သည်။ သီဟပတေ့သည် ဟံသာဝတီဘုရင် ရာဇာဓိရာဇ်၏ အမတ်ပညာရှိဖြစ်သည်။
အမတ်ပညာရှိနှစ်ပါး တွေ့ဆုံ စကားဆိုကြသဖြင့် နှစ်ဖက်ပရိသတ်တို့ သွားရောက် နားထောင်ကြသည်။ နှစ်ပါး တွေ့ကြသော် အမတ်ကြီးသီဟပတေ့သည် ဘိုးရာဇာအောက် အသက်ငယ်သဖြင့် နိမ့်သောနေရာတွင် ထိုင်သည်။ ဘိုးရာဇာကို မြင့်သော နေရာကို ပေးသည်။ ထိုအခါ ဘိုးရာဇာက ဝင့်ကြွားခြင်းမပြု။
"ရှေးအခါ က ကေဝဋ်ပုဏ္ဏားနှင့် မဟော်သဓာတို့ စစ်ထိုးသောအခါနှင့် အလားတူ၏ "
ဟုဆို၏။
မဟော်သဓာသည် အသက်ငယ်သဖြင့် အနိမ့်တွင် နေခဲ့သည်။ ဘိုးရာဇာက သီဟပတေ့အား ဘုရားလောင်း မဟော်သဓာနှင့် နှိုင်းဆိုသည်။ မိမိကိုယ်ကိုမူကား ကေဝဋ်ပုဏ္ဏားနှင့်နှိုင်း၍ နှိမ့်ချစွာဆိုလေသည်။ သီဟပတေ့လည်း ဘိုးရာဇာကို လေးစားကြည်ညိုသွားသည်။ ပညာရှိ အမတ်ကြီးနှစ်ပါးသည် လေးစားကြည်ညိုဖွယ်စကားကို ဆွေးနွေးပြောဆိုကြသည်။ ဘိုးရာဇာက -
“အမတ်ကြီး သီဟပတေ့ ငါတို့နှစ်ပါး ပြည်ထဲရေးကို ဆိုကြရာတွင် ပညာရှိတို့ကဲ့သို့ ဆိုမည်လော၊ သို့မဟုတ် မှူးမတ်တို့ ကဲ့သို့ ဆိုမည်လော”
ဟု မေး၏။ သီဟပတေ့က -
“အဘိုးရာဇာ၊ ထိုအကြောင်းကို ရှင်းပြပါ”
ဟု မေး၏။ ဘိုးရာဇာက -
ပညာရှိတို့ဆိုခြင်းကား ဟုတ်မှန်လျှင်လည်း ဟုတ်မှန်သည်ဟု အကြည်အသာဆို၏။ မဟုတ်မမှန်လျှင်လည်း မဟုတ်မမှန်ဟု အကြည်အသာ ဝန်ခံ၏ ။ မှူးမတ်တို့ဆိုခြင်းကား အလိုနှင့်ညီသော် ဝမ်းမြောက် ဝမ်းသာရှိ၏။ အလိုနှင့် မညီသော စောင်းမာန်ခိုက်ရန်ဖြစ်၏” ဟု ဆို၏။ သီဟပတေ့က -
“အဘိုးရာဇာ၊ ပညာရှိတို့ဆိုခြင်းကိုသာ ဆိုချင်ပါ၏”
ဟူ၍ ဆို၏။
ဤသို့ ဆိုပြီးလျှင် ပညာရှိနှစ်ပါးတို့သည် ပညာရှိတို့ ဆိုခြင်းဖြင့် သာဆို ကြသည်။ ထို့နောက် သီဟပတေ့သည် ကြံဖြူကို ဘိုးရာဇာအား ရိုသေစွာပေး၏ ။ ဘိုးရာဇာသည် ကြံဖြူကိုယူ၍ သုံးဆောင်သည်။ သုံးဆောင်ရာ၌ နီတိကျမ်းအလိုအရ အဖျားမှစ၍ အရင်းအထိ တရွေ့ရွေ့ အရသာခံကာ သုံးဆောင်သည်။ ဤတွင် သီဟပတေ့က -
"အဘိုးရာဇာ၊ အတုမရှိသောပညာရှိ ဖြစ်ပါလျက် အဘယ်ကြောင့် ကြံကို အဖျားကစ၍ စားဘိသနည်း”
ဟု မေး၏။ ဘိုးရာဇာက -
“အမတ်ကြီး သီဟပတေ့ ငါသည် နီတိကျမ်းကိုမှီ၍ အရသာကို တရွေ့ရွေ့တိုး၍ ခံကာ စားသုံးသည်”
ဟုဆို၏။ ထိုအခါ သီဟပတေ့က -
"အဘိုးရာဇာ၊ ဘုရားတရားတော်သည် ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင် ခန္ဓာတရားသည် အနိစ္စ ဖြစ်သည်ဟု ဆိုပါသည်။
အဘယ်ကြောင့် ကြံကို အဖျားကစ၍ အရသာခံကာ စားပါသနည်း။ အရသာ ကောင်းတည်ရာ ကြံအရင်းသို့ မရောက်မီ အနိစ္စ ဖြစ်ပါမူ အရသာကောင်းကို မမှီဝဲရရှိတော့မည် မဟုတ်ပါလော”
ဟု ဆို၏။ ထိုအခါ ဘိုးရာဇာက စကားနိုင်မဆို။
“အမတ်ကြီး ငါသည် လူတို့ သုံးစွဲရိုး နီတိကျမ်းကိုလိုက်၍ စားသည်။ သင်သော်ကား ဘုရားတရားတော်ကို လိုက်၍ဆိုသည်။ ငါ့စကားထက် သင့် စကားက သင့်လှပေသည်”
ဟူ၍ ချီးကျူးပြောဆိုသည်။ အမတ်ကြီး သီဟပတေ့လည်း -
“သြော် ငါကား အတုမရှိ ပညာရှိသူ သူတော်ကောင်းကို တွေရပေသည် တကား”
ဟု နှစ်လိုဝမ်းမြောက်စွာ ဆို၏။
မိမိစားသော ရွှေကွမ်းအုပ်ကို ကွမ်းနှင့်တကွ အဘိုးရာဇာကို ပေးအပ်ပူဇော်၍ ဦးခိုက်၏။
"အဘိုးရာဇာ၊ ပညာရှိအများပင် မိမိဆိုသော စကားသာ မှန်သည်ဟု ဆိုလေ့ရှိသည်။ သူ့စကားကို ပယ်လေ့ရှိသည်။အရှုံးခံသောသူကား နည်းလှသည်။ အဘိုးရာဇာကား ပညာရှိရုံ သာမက သူတော်ကောင်းလည်း ပီသလှသည်။ အဘိုးရာဇာနှင့်တူသော သူကို အကျွန်ုပ် အလွန်တွေ့ရခဲ၏ "
ဟူ၍ ဆို၏။
ဤသို့ ပင်လျှင် ပညာရှိနှစ်ပါးသည် ပညာရှိသူတော်ကောင်းထုံးကို နှလုံးမူကာ ချစ်ကြည်စွာ ပြောဆိုဆွေးနွေးရာ ပရိသတ်တို့ ဝမ်းသာကြည်နူးမဆုံး ရှိကြသည်။
ကျမ်းကိုး ။ ။ မဏိရတနာပုံကျမ်း (သျှင်စန္ဒလင်္ကာ)
No comments:
Post a Comment