၂၇။ သည်းခံခြင်း (ခန္တီ စ)
သည်းခံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်၏ ။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ် ဖြစ်သည်။ အောက်ပါ ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ကလာဗုမင်း အုပ်စိုးသည်။ ထိုတွင် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားလုလင် တစ်ဦးရှိသည်။ ကုဏ္ဍလလုလင်ဟု အမည်တွင်၏ ။ ထိုလုလင်သည် အရွယ်ရောက်ချိန်၌ ပညာသင်ယူသည်။ ပညာတတ်မြောက်၍ မကြာမြင့်မီပင် မိဘနှစ်ပါး ကွယ်လွန်သွားရာ သတိသံဝေဂ ရသွားသည်။ သို့ဖြင့် ပစ္စည်းအားလုံးကို လှူဒါန်းစွန့် ကြဲကာ ဟိမဝန္တာသို့ သွား၍ ရသေ့ဝတ်လျက် နေထိုင်သည်။
တစ်နေ့တွင် ရသေ့သည် ချဉ်ဆားမှီဝဲရန် ဗာရာဏသီပြည်သို့ ရောက်လာသည်။ စစ်သူကြီးက ကြည်ညိုသဖြင့် ရသေ့ အတွက် မင်းဥယျာဉ်၌ ကျောင်းငယ်ဆောက်ပေးကာ ကိုးကွယ်ထားသည်။
တစ်နေ့သ၌ ကလာဗုမင်းသည် အရက်သေစာ သောက်စားပြီးလျှင် ကချေသည်များ ခြံရံလျက် ဥယျာဉ်တော်သို့သွား၍ စည်းစိမ်ခံစားသည်။ သူသည် မင်္ဂလာကျောက်ဖျာပေါ်၌ နေရာခင်းစေ၍ သူ့ချစ်သူ အမျိုးသမီး ရင်ခွင်၌ ကျိုန်းစက်သည်။ ကချေသည်တို့သည် သီဆိုတီးမှုတ်ကခုန်ရာမှ မင်းကြီးအိပ်ပျော်သောအခါ ဥယျာဉ်တော်သို့ လှည်လည်ကြည့်ရှုကြသည်။
ထိုစဉ် အင်ကြင်းပင်ရင်း၌ ထိုင်လျက် တရားအာရုံပြုနေသော ရသေ့ကို မြင်ရာကြည်ညိုလှသဖြင့် ဝင်ရောက်ရှိခိုးကြသည်။ ဆိုဆုံးမရန် တောင်းပန်၍ တရားနာယူကြသည်။
အတန်ကြာသော် ကလာဗုမင်းသည် အိပ်ရာမှ နိုးလာသည်။ ကချေသည် များကို မမြင်၍ သူ၏ ချစ်သူကို မေးမြန်းသည်။ အမျိုးသမီးက အကျိုးအကြောင်း လျှောက်ထားသည်။ ထိုအခါ မင်းသည် ဒေါသအမျက်ခြောင်းခြောင်း ထွက်သည်။ သန်လျက်ကိုစွဲလျက် ရသေ့ထံ အပြေးအလွားသွားရောက်သည်။ တရားဟောနေသော ရသေ့ကို တွေ့မြင်သောအခါ ဒေါသဖြင့် အော်ဟစ်မေးမြန်းသည်။
ရသေ့အား မည်သည့်ဝါဒကို ခံယူထားသနည်းဟု မေးသည်။ ရသေ့က ခန္တီဝါဒကိုခံယူထားကြောင်း၊ ခန္တိဝါဒဆိုသည် မှာ မိမိကိုယ်ကို ဆဲရေးသူအားဖြစ်စေ၊ ရိုက်ပုတ်ညှဉ်းဆဲသူအားဖြစ်စေ အမျက်ဒေါသ မထားဘဲ သည်းခံခြင်းဖြစ်ကြောင်း ရှင်းလင်းပြသည်။
ထိုအခါ မင်းသည် ပါးကွက်အာဏာသားကို ခေါ်၍ ဆူးတပ်ထားသောကြိမ်ဖြင့် ရသေ့ကို ရိုက်နှက်စေသည်။ ရသေ့ကား မမှုပေ။ ထိုအခါမင်းမိုက်သည် ရသေ့၏ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်တို့ ကို ဖြတ်စေသည်။ ရသေ့က အမျက်မထွက်ပေ။
မင်းမိုက်သည် ရသေ့၏ နား၊ နှာခေါင်းတို့ကို ဖြတ်စေပြန်သည်။ ရသေ့ကားမူ မမှုပေ။ သည်းခံ၍ သာနေသည်။ ထိုအခါ မင်းမိုက်သည် ရသေ့၏ရင်ဝကို ခြေထောက်ဖြင့်ကန်ကာ ထွက်ခွာသွားလေသည်။ မကြာမီ စစ်သူကြီးရောက်လာသည်။ ရသေ့၏ ဒဏ်ရာများကို ပြုစုပေးသည်။
“အရှင်ဘုရား၊ အမျက်ထွက်လိုလျှုင် ကျူးလွန်ပြစ်မှားသောမင်းကိုသာ အမျက် ထွက်တော်မူပါ။ ပြည်သူများကိုကား အမျက် ထွက်တော် မမူပါနှင့်" ဟူ၍တောင်းပန်၏ ။ ရသေ့က -
"ငါသည် မည်သူ့ ကိုမျှ အမျက်မထွက်ပါ။ ငါ၏ လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ကို ဖြတ်ခဲ့သောမင်းသည် သက်တော်ရှည်ပါ စေ”
ဟု ဆုတောင်း၏။
သို့ရာတွင် မကောင်းမှုပြုခဲ့သော ကလာဗုမင်းသည် အပြစ်မှမလွတ်၊ ဥယျာဉ်တံခါးဝသို့ အရောက်တွင် မြေမျိုခံရပြီး အနိစ္စရောက်သွားလေသည်။
ရသေ့သည်လည်း ထိုနေ့၌ပင် လွန်တော်မူရှာသည်။ စစ်သူကြီး၊ မင်းပရိသတ်နှင့် ပြည်သူအပေါင်းတို့သည် ရသေ့မြတ်၏ အလောင်းတော်ကို ပူဇော်၍ ရိုသေစွာ သင်္ဂြိုဟ်ကြကုန်သည်။ ရသေ့မြတ်သည် ကောင်းရာသုဂတိသို့ လားပြီးလျှင် ဘဝများစွာ ကျင်လည်ပြီးနောက် ဂေါတမမြတ်စွာ ဘုရား အဖြစ်သို့ ရောက်တော်မူခဲ့လေသည်။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ ခန္တီဝါဒီဇာတ်
No comments:
Post a Comment