၂၈။ ဆုံးမလွယ်ခြင်း (သောဝစဿတာ)
ဆုံးမလွယ်ခြင်းသည် မင်္ဂလာ တစ်ပါးဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်။ အောက်ပါဇာတ်တော်ကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
တစ်ခါသော် ဗြဟ္မဒတ်မင်းသည် ဒီဃီတိကောသ လမင်းကို စစ်တိုက်ရန် မိမိနိုင်ငံမှ ရဲမက်များကို ဦးဆောင် ချီတက်လာသည်။ ဒီဃီတိမင်းမှာ အင်အားချင်းမမျှသဖြင့် မိဖုရားကိုခေါ်ကာ တိုင်းပြည်မှ ထွက်ပြေးသွားရသည်။ မြို့စွန်တစ်နေရာရှိ အိုးထိန်းသည်၏ နေအိမ်၌ ရုပ်ဖျောက်၍ မထင်မရှားနေထိုင်သည်။ မကြာမီ မိဖုရားကြီးသည် သားတော်တစ်ပါး ဖွားမြင်သည်။ ဒီဃာဝုမင်းသားဟု အမည်ပေးသည်။
ဒီဃီတိကောသလမင်းက 'ငါတို့ ရုပ်ဖျောက် နေထိုင်သည်ကို တစ်နေ့နေ့တွင် ဗြဟ္မဒတ်မင်း သိနိုင်သည်။ ထိုအခါ ငါတို့ကိုဖမ်း၍ သတ်လျှင် သားတော်ပါ အသတ်ခံရလိမ့်မည်' ဟူ၍ ဆင်ခြင်ကာ မင်းသားကို တခြား လုံခြုံသော တစ်နေရာသို့ ပို့ထားသည်။ အတတ်ပညာ သင်စေသည်။
မင်းကြီး ကြိုတင်မှန်းဆသည့်အတိုင်း တစ်နေ့တွင် ဗြဟ္မဒတ်မင်းကြီးသည် ဒီဃီတိကောသလမင်းနှင့် မိဖုရားကို တွေ့ ရှိသွားသည်။ ချက်ချင်းပင် ဖမ်းဆီးသည်။ သတ်ရန် သူသတ်ကုန်းသို့ ခေါ်ဆောင် သွားစေသည်။
ဒီဃာဝုမင်းသားသည် အတတ်ပညာများ တတ်မြောက်သဖြင့် မိဘနှစ်ပါးကို ခေတ္တတွေ့ရန် ပြန်လာသည်။ ထိုအခါ သူသတ်ကုန်းသို့ ဆောင်ယူသွားသော မိဘနှစ်ပါးကို တွေ့ရသည်။ လမ်းဘေးဝဲယာမှ လူအများသည် မင်းမိဖုရား နှစ်ပါးကို ကြည့်နေကြသည်။ ဒီဃာဝုမင်းသားသည် ထိုသူများအကြားမှနေ၍ မိဘနှစ်ပါးကို လှမ်းကြည့်ရှာသည်။ ဒီဃီတိကောသလမင်းသည် လူအုပ်ထဲတွင် သားတော်ကို မြင်သောအခါ ဆုံးမစကားကို တစ်ကိုယ်တည်း ပြောကြားသွားသည်။
“ရန်တို့မည်သည်မှာ ရန်တုံ့မူခြင်းဖြင့် မငြိမ်းအေးကုန်။ ရန်တုံ့မမူသဖြင့်သာ ငြိမ်းအေးကုန်၏”
ထိုစကားကို ဘေးမှ လူများ နားမလည်ကြ။
“ဤမင်းသည် ရူးသွပ်သွားသဖြင့် တစ်ကိုယ်တည်းထင်ရာ ယောင်ယမ်းမြည်တမ်းနေသည်”
ဟု ဆိုကြ၏ မင်းကြီးက -
"အမောင်တို့၊ ရူးသွပ်သဖြင့် ငါယောင်ယမ်းမြည်တမ်းခြင်း မဟုတ်။ ငါ့စကားကို ပညာရှိတို့ သိကြလိမ့်မည်”
ဟူ၍ ပြန်ပြော၏ ။
သူသတ်ကုန်းသို့ ရောက်သောအခါ သူသတ်တို့လည်း မင်း၊ မိဖုရားနှစ်ပါးကို အဆုံးစီရင် လိုက်ကြလေသည်။ ဒီဃာဝု မင်းသားသည် အစောင့်တို့အား အရက်မူးအောင် တိုက်သည်။ မူး၍ လဲကျသော် အမိအဖတို့၏ အလောင်းကို ကောင်းစွာ မီးသဂြိုဟ်သည်။ အားရဲအောင် ငိုကြွေးမြည်တမ်းသည်။ ထို့နောက် မျက်ရည်များကို သုတ်ပြီးလျှင် ဗြဟ္မဒတ်မင်း၏ ဆင်ဆရာထံသွား၍ တပည့်ခံကာ နေထိုင်သည်။ နံနက်တိုင်း စောင်းတီးလျက် သီချင်းဆိုသည်။ မင်းကြီးကြားလျှင် နှစ်သက်သဖြင့် မိမိထံခေါ်ထားသည်။ စောင်းတီး၍ ဖျော်ဖြေစေသည်။
ဒီဃာဝု မင်းသားလည်း အမှုကိစ္စတို့ကို ကျွမ်းကျင်လိမ္မာစွာ ဆောင်ရွက်ပေးသည်။ မင်းကြီး ပိုမိုနှစ်သက်သဖြင့် အတွင်းတော်၌ ခစားထမ်းရွက်စေသည်။ တစ်နေ့သ၌ မင်းကြီးသည် ဒီဃာဝုမင်းသားကို ရထားမောင်းစေလျက် ဥယျာဉ်တော်သို့ ထွက်တော်မူသည်။ ဥယျာဉ်သို့ ရောက်သောအခါဒီဃာဝုမင်းသားသည် မင်းကြီးအား မင်းချင်းများနှင့် ဝေးရာအရပ်သို့ ပရိယာယ်ဖြင့် ခေါ်ဆောင်သွားသည်။ မင်းကြီးလည်း ပင်ပန်းသဖြင့် သစ်ရိပ်အောက်သို့ သွားသည်။ ဒီဃာဝုမင်းသား၏ ပေါင်ကို ခေါင်းအုံးလျက် စက်တော်ခေါ်သည်။
မင်းကြီး အိပ်ပျော်သွားသောအခါ မင်းသားက -
"အခွင့်ရပြီ၊ ငါ့အမိ၊ အဖတို့သတ်သူကို ယခုပြန်သတ်နိုင်ပြီ”
ဟုကြံလျက် သန်လျက်ကို ဆွဲထုတ်သည်။
ထိုစဉ် သူသတ်ကုန်းသို့ ဖခင်အသွားတွင် ပြောဆိုဆုံးမသွားသော စကားတို့ကို သတိရသွားသည်။
မင်းကြီးကို မသတ်ဘဲ သန်လျက်ကို ချထားလိုက်သည်။ ထို့နောက် သတ်မည် ပြုပြန်သည်။ အဖေစကားကို သတိရကာ မသတ်ဖြစ်ပြန်။ သုံးကြိမ်တိုင် ချီတုံချတုံ ဖြစ်ခဲ့သည်။ ထိုစဉ် မင်းကြီး နိုးလာသည်။
ဒီဃာဝုမင်းသားသည် လက်ဝဲလက်ဖြင့် မင်းကြီး၏ သျှောင်ကိုဆွဲလျက် လက်ယာလက်ဖြင့် သန်လျက်ကို ကိုင်ကာ မိမိသည် ကောသလမင်း၏ သားဖြစ်ကြောင်းမှစ၍ အကြောင်းစုံ ပြောပြသည်။
အရှင်မင်းကြီးသည် ကျွန်ုပ်၏ လက်မှ လွတ်နိုင်ပါ မည်လော”
ဟု ဆို၏။ ဗြဟ္မဒတ်မင်းလည်း -
“အမောင် သင့်လက်မှ ငါ မလွတ်နိုင်တော့ပါ”
ဟုဆိုကာ တောင်းပန်စကား ပြောကြားသည်။
ဒီဃာဝု မင်းသားက ဖခင် ပြောကြားသွားသော ဆုံးမစကားကို ပြန်လည်ပြောပြသည်။
“ထိုအဆုံးအမအတိုင်း ကျွန်ုပ် သင့်ကိုရန်မပြုတော့ပါ။ အကယ်၍ သတ်ရန်ပြုလိုပါမူ ကျွန်ုပ်ကို သတ်နိုင်ပါသည်”
ဟုဆိုကာ သန်လျက်ကိုပေး၏။ မင်းကြီးကလည်း -
"အမောင် ငါလည်း သင့်ကို ရန်မပြုပါ”
ဟုဆိုကာ နန်းတော်သို့ ပြန်ခေါ်သွားသည်။
မိမိ၏ သမီးတော်နှင့် ထိမ်းမြားပေးစားသည်။ ဒီဃီတိကောသလမင်း၏ ထီးနန်းကို ဒီဃာဝု မင်းသားအား ပြန်လည်နှင်းအပ်သည်။ ထိုအခါမှစ၍ မင်းနှစ်ပါးတို့သည် ညီညွတ်ငြိမ်းချမ်းစွာဖြင့် မိမိနိုင်ငံကို မိမိကိုယ်စီ မင်းပြုကြလေသည်။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ ဒီဃီတိကောသဇာတ်။
No comments:
Post a Comment