၃၆။ စိုးရိမ်ပူဆွေးမှုမရှိခြင်း (အသောကံ)
ပျက်စီးခြင်း၊ ဆင်းရဲဒုက္ခဖြစ်ခြင်းနှင့် တွေ့ကြုံရသောအခါ စိုးရိမ်ပူဆွေးမှု မရှိခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ တစ်နည်းအားဖြင့် ကြီးပွားချမ်းသာခြင်း၏ အကြောင်းတစ်ရပ်ဖြစ်သည်။ အောက်ပါဇာတ်တော်ကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
လွန်လေပြီးသောအခါ ဗာရာဏသီ မြို့တံခါးအနီးရှိရွာ၌ ပုဏ္ဏားမျိုးနွယ်ဝင် လယ်သမားဇနီး မောင်နှံ နေထိုင်ကြသည်။ သူတို့တွင် သား၊ ချွေးမ၊ သမီးနှင့် အိမ်ဖော်မိန်းမနှင့်အတူ နေထိုင်ကြသည်။ အားလုံးပင် လယ်ယာလုပ်ငန်းကို စုပေါင်းလုပ်ကိုင် ကြသည်။
ဤမိသားစု၏ အကြီးအမှူးဖြစ်သော ပုဏ္ဏားကြီးသည် အလွန် တရားပြည့်ဝသည်။ ကောင်းမှုကို အလွန် မြတ်နိုးသည်။ မိမိနည်းတူ တရားပြည့်ဝ၍ ကောင်းမှု များပြုကြရန် မိသားစုကို အစဉ်ဆုံးမ လေ့ရှိသည်။
တစ်နေ့သ၌ ပုဏ္ဏားကြီးသည် သားနှင့်အတူ လယ်တောသို့သွား၍ လယ်ထွန်သည်။ သားသည် လယ်ထွန်ရာမှ အမှိုက်တို့ကို စုပုံ၍ မီးရှို့သည်။
ထိုစဉ် မြွေကိုက်ခံရကာ လဲကျသေဆုံး သွားရှာသည်။ အဖပုဏ္ဏားကြီးသည် သားထံ ပြေးလာ သည်။ သို့သော် အသက်မမီတော့ပေ။ ဤတွင် သားအလောင်းကို ပွေ့ချီကာ သစ်ပင်ရင်းတစ်ခု၌ ချထားသည်။ ပူဆွေးငိုကြွေးခြင်း မပြု။ လယ်ကို ဆက်လက် ထွန်မြဲထွန်သည်။ မကြာမီ အိမ်နီးချင်း ယောကျ်ားတစ်ယောက် လယ်အနီးမှ ဖြတ်သန်းသွားသည်။ ဤတွင် ပုဏ္ဏားကြီးက -
“ပုဏ္ဍေးမအားပြောပါ အခါ တိုင်းကဲ့သို့ နှစ်ယောက်စာ ထမင်းမပို့ပါနှင့်။ တစ်အိမ်သားလုံး လာခဲ့ကြပါ "
ဟူ၍ ထိုသူအား မှာကြားသည်။
ထိုသူသည် အိမ်သို့သွား၍ ပုဏ္ဏေးမအား ပြောကြားသည်။ ပုဏ္ဏေးမသည် မှာကြားချက်ကို ကြားသိရလျှင် သားသေဆုံးသည်ကို ရိပ်မိလိုက်သည်။ သို့ရာတွင် ပူဆွေးငိုကြွေးခြင်းမရှိ။ အိမ်သား အားလုံးခေါ်ကာ လယ်တောသို့ လာခဲ့ကြသည်။ ရောက်လျှင် ထင်သည့်အတိုင်းပင် သားသေဆုံးနေ သည်ကို တွေ့မြင်ကြရသည်။ သို့ရာတွင် အားလုံးပင် တရားကို နှလုံးသွင်းထားကြပြီး ဖြစ်သဖြင့် ပူဆွေးခြင်းမရှိကြ။ ငိုကြွေးခြင်းမပြုကြ။
ပုဏ္ဏားကြီးသည် သားအလောင်းထားသော သစ်ပင်ရိပ်မှာပင် ထမင်းစားသည်။ ပြီးလျှင်အိမ် သားများသည် သားအလောင်းကို ထင်းပုံထက်သို့ တင်ကြသည်။ ကောင်းစွာ မီးသင်္ဂြိုဟ်ကြသည်။ တစ်ဦးတစ်ယောက်မျှ မျက်ရည်မကျ။ သေခြင်းတရားကိုသာ ဆင်ခြင်ပွားများ၍ နေကြသည်။ ထိုသူတို့၏ တရားတန်ခိုးကြောင့် သိကြားမင်းသည် မနေသာ။ ထိုနေရာသို့ ကြွလာပြီးလျှင် တစ်ဦးစီကို မေးမြန်းစုံစမ်း ကြည့်သည်။
ပုဏ္ဏားကြီး -
"အရှင်၊ မြွေသည် အရေဟောင်းကို စွန့်ခွာသွားသကဲ့သို့ ကျွန်ုပ်၏ သားသည်လည်း ခန္ဓာကိုယ်ကို စွန့်၍ သွားလေပြီ။ ကျွန်ပ်တို့ ငိုကြွေးပူဆွေးခြင်းကို သားသည် သိနိုင်မည်မဟုတ်။ ထို့ကြောင့် ကျွန်ုပ် တို့ ငိုကြွေးပူဆွေးခြင်း မပြုပါ"
ဟူ၍ ပြောကြားသည်။ ပုဏ္ဏေးမကြီးကလည်း -
" ကျွန်ုပ်၏ သားသည် မခေါ်ယူရဘဲ ဘဝတစ်ပါးမှ ကျွန်ုပ်ထံသို့ ရောက်လာပါသည်။ ယခုလည်း ကျွန်ပ်တို့ ခွင့်မပြုဘဲ ဘဝတစ်ပါးသို့ ပြောင်းသွားပါသည်။ အလိုအလျောက်လာ၍ အလိုအလျောက် ပြန်သွားရာ ငိုကြွေးခြင်းဖြင့် အဘယ် အကျိုးရှိမည်နည်း။ ငိုကြွေးလျှင်လည်း သားက သိမည်မဟုတ် တော့ပါ”
ဟူ၍ ပြောကြားသည်။ နှမကလည်း -
"မောင်သည် သေဆုံးနေပြံဖြစ်ရာ ဆွေမျိုးတို့ ငိုကြွေးသည်ကို အဘယ်မှာလျှင် သိနိုင်ပါမည် နည်း။ မိမိသွားရာ၊ လားရာဘဝသို့သာ သွားပေပြီ။ ကျွန်မ ငိုကြွေး၍ အကျိုးထူးပါ မည်လော”
ဟူ၍ ပြောကြားသည်။ သားလုလင်၏ ဇနီးကလည်း -
"အရှင်၊ သေသူကို စိုးရိမ်တမ်းတ ငိုကြွေးနေသောသူသည် ကောင်းကင်ရှိ လမင်းကို ပေးပါ၊ ပေးပါဟု တောင်း ရမ်းငိုကြွေးနေသော သူငယ်နှင့် မတူပါ လော။ ထို့ကြောင့် ကျွန်ုပ် ငိုကြွေးခြင်း မပြုပါ"
ဟူ၍ ပြောကြားသည်။ အိမ်ဖော်မိန်းမကလည်း -
“သေလွန်သည် အတွက် ငိုကြွေးခြင်းဖြင့် အကြောင်းမထူးပါ။ ကွဲသွားသောအိုးသည် တစ်ဖန်ပြန် ၍ မဆက်စပ်နိုင်တော့ပါ ထို့အတူ သေသူအတွက် ငိုကြွေးသော်လည်း ပြန်၍ မရှင်လာနိုင်တော့”
ဟူ၍ ပြောကြားသည်။
သိကြားမင်းလည်း ဤငါးဦး၏ တရားပြည့်ဝသော စကားကို ကြားရသောအခါ လွန်စွာလေးစား ကြည်ညိုသွားသည်။ သူတို့အား စိန်၊ ရွှေ၊ ရတနာများပေးအပ်ကာ ထိုနေရာမှ ထွက်ခွာသွားလေသည်။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ ဥရဂဇာတ်။
No comments:
Post a Comment