၃၇။ အလိုရမ္မက်ကင်းခြင်း (ဝိရဇံ)
အလိုရမ္မက် ကင်းခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။ အောက်ပါ ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဘုရင်တစ်ပါး စိုးစံသည်။ ထိုဘုရင်တွင် သားတော်နှစ်ပါး ရှိရာ သားအကြီးကို အိမ်ရှေ့အရာပေးထားသည်။ တစ်နေ့တွင် ဘုရင်နတ်ရွာစံရာ မှူးမတ်တို့သည် သားတော်ကြီးကို ဘုရင်မြှောက်ကြသည်။ သားတော်ကြီးက ဘုရင်အဖြစ်ကို ငြင်းပယ်လိုက်သည်။ ညီငယ်အား ထီးနန်းကိုပေး၍ နယ်စွန်နယ်ဖျားအရပ်သို့ သွားရောက်နေထိုင်သည်။ ထိုအရပ်ရှိ သူဌေးတစ်ဦးနေအိမ်၌ အလုပ်လုပ်၍ မှီခို နေထိုင်သည်။ အစတွင် သူဌေးသည် သားတော် ကြီးကို မင်းသားမှန်းမသိ။ သို့ရာတွင် မကြာမီ သိသွားသည်။ ထိုအခါ သူဌေးက -
"အရှင့် သား အလုပ်မလုပ်ပါနှင့်၊ အရှင်သားကို ကျွန်ပ်တို့ လုပ်ကျွေးပါမည်။ အေးငြိမ်းစွာ နေတော်မူပါ။ သို့ရာတွင် ညီတော်ထံ ကျွန်ုပ်တို့အား အခွန်လွတ်ငြိမ်းခွင့် ပေးသနားပါရန် အလွှာစေ၍ တောင်းဆိုပေးပါ”
ဟု ဆို၏။
မင်းသားသည် သူဌေးဆိုတိုင်း ပြု၏။ ညီတော်ဘုရင်လည်း နောင်တော်ဆိုသည့် အတိုင်း သူဌေးအတွက် အခွန်လွတ်ငြိမ်းခွင့် ပေး၏။ ထိုအကြောင်းကို ရွာသားများသိသော် မင်းသားထံ ချဉ်းကပ်လာကြသည်။ သူတို့ကိုလည်းအခွန်မှ လွတ်ငြိမ်းခွင့် ရအောင် ဆောင်ရွက်ပေးပါဟု ဆိုကြ၏။ အခွန်ကို မင်းသားအား ပေးဆက်ကြ၏။ မင်းသားလည်း ရွာသားတို့ပေးသော အခွန်ကိုယူကာ ညီတော်ထံ ရွာသားတို့အတွက် အခွန်လွတ်ငြိမ်းခွင့်ပြုရန် တောင်းဆိုသည်။ ညီတော် ဘုရင်လည်း လိုက်လျောခွင့်ပြုသည်။ ထိုအခါ နောင်တော်မင်းသားသည် လောဘ တက်လာသည်။ အနီးအနားရှိ ရွာများမှ အခွန်များကို ပါယူသည်။ ညီတော်အား ထိုရွာများအတွက် အခွန်လွတ်ငြိမ်းခွင့် တောင်း ဆိုပြန်သည်။ ညီတော်လည်း နောင်တော် တောင်းတိုင်းပေး၏ ။
ညီတော်ကပေးလေလေ နောင်တော်မှာ လောဘပ္ပားလေလေ ဖြစ်လာသည်။ နောက်ဆုံးတွင် မင်းစည်းစိမ်ကို တောင့်တလာသည်။ လူသူစုဆောင်းလျက် 'ငါ့အား ထီးနန်းပေးလော့။ မပေးလျှင် စစ်ပြုမည်' ဟူ၍ စာစေလိုက်သည်။
ညီတော်ဘုရင်လည်း -
"ဤသူမိုက်သည် ယခင်က ထီးနန်းကို စွန့်ပယ်ခဲ့သည်။ ယခု အလိုရမ္မက်ကြီးလာသဖြင့် စစ်ထိုး၍ ထီးနန်းကို ယူမည် ပြုလာသည်။ ငါတို့ စစ်ထိုးသော လူအများ သေကျေပျက်စီးကြ တော့မည်”
ဟု ဆိုကာ နောင်တော်အား ထီးနန်းကို လွှဲအပ်ပေးလိုက်သည်။ မိမိမူကား အိမ်ရှေ့မင်းသား အဖြစ်သာ နေထိုင်သည်။
နောင်တော်သည် ထီးနန်းစည်းစိမ်ကိုရသော် မတင်းတိမ်ပြန်။ နှစ်ပြည်ထောင်၊ သုံးပြည်ထောင် စသည်ဖြင့် ပြည်ထောင်အများကို ပိုင်ဆို်လိုလားပြန်သည်။ ထိုအကြောင်းကို သိကြားမင်းသိသော အခါ -
"ဤသူမိုက်ကို ငါဆုံးမမှ သင့်တော့မည်”
ဆိုကာ လုလင်အသွင် ဖန်ဆင်းသည်။
နောင်တော်မင်းထံ အခစားဝင်ကာ -
"မြတ်သောမင်းကြီး၊ အကျွန်ုပ်သည် သုံးပြည်ထောင်ကို သမ်းပိုက်နိုင်သောစွမ်းရည် ရှိပါသည်။ ယခုပင် အရှင့်အတွက် ထိုသုံးပြည်ထောင်ကို သိမ်းပိုက်၍ ဆက်သပါမည်။ စောင့်မျှော်တော်မူပါ။ မကြာမီ ဆောင်ကြဉ်းလာပါမည်"
ဟုဆိုကာ တာဝတိံသာသို့ ပြန်ကြွသွားသည်။
မင်းမိုက်မူ ထိုစကားကိုယုံကာ စောင့်မျှော်နေ၏ ။ သို့ရာတွင် လုလင် ပြန်မလာသောအခါ နလုံးမသာမယာ ဖြစ်လာသည်။ စိတ်ထိခိုက်ကာ ဝမ်းသွေးသွန်သောရောဂါ ခံစားရသည်။ ဝေဒနာ ပြင်းသဖြင့် သမားတော်တို့က ဆေးအမျိုးမျိုးဖြင့် ကုသကြသည်။ မရ။ ထိုစဉ် တက္ကသိုလ်ပြည်မှ ဆေးဆရာကျော်တစ်ဦး ရောက်လာသည်။ ဘုရင်သည် ဆေးဆရာကိုပင့်၍ ကုသစေသည်။
"ဆရာ၊ ငါ၏အနာသည် အလိုရမ္မက်ကိုမှီ၍ ဖြစ်သောအနာဖြစ်သည်။ ကုစားနိုင်က ကုစားပေးပါ"
ဟုဆိုကာ အကြောင်းစုံပြောပြသည်။ ဆေးဆရာက -
"အရှင်မင်းကြီး၊ သင့်နိုင်ငံနှင့် တခြားသုံးပြည်ထောင် အပါအဝင် လေးပြည်ထောင်ကို ရသော် လည်း အရှင်မင်းကြီးသည် အိပ်ရာလေးခု၌ တစ်ပြိုင်နက် မအိပ်နိုင်။ ပုဆိုးလေးထည်ကို တစ်ပြိုင် နက်မဝတ်န်ုင်။ ဘာမျှ အကြောင်းမထူး။ တဏှာာနိုင်ငံသို့ လိုက်ခြင်းဖြင့် အပါယ်သို့သာ လားရမည် ဖြစ်သည်”
စသည်ဖြင့် တရားပြဆို ဆုံးမ၏ ။ ဆေးဆရာ၏ တရားကို နာရသောအခါ ဘုရင်သည် သတိ သံဝေဂ ရသွားသည်။ အနာရောဂါလည်း ပျောက်ကင်းသွားသည်။ ဘုရင်လည်း ဆေးဆရာအား ဆုလာဘ်များ ပေးအပ် ပူဇော်သည်။ ဆေးဆရာက -
"မင်းကြီး၊ မမေ့မလျော့ဘဲ တရားမြတ်ကိုသာ ကျင့်ပါ "
ဟုဆိုကာ ထွက်ခွာသွားလေသည်။
ကျမ်းကိုး ။ ။ ငါးရာ့ငါးဆယ်၊ ကာမနီလဇာတ်။
No comments:
Post a Comment