၃၈။ ကိလေသာမှ ကင်းလွတ်၍ ငြိမ်းအေး ဘေးမရှိခြင်း (ခေမံ)
ကိလေသာမှ ကင်းလွတ်၍ ငြိမ်းအေး ဘေးမရှိခြင်းသည် မြတ်သော မင်္ဂလာမည်၏ ။ အောက်ပါ ဇာတ်တော်ကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
ရှေးသရောအခါ ရာဇဂြိုဟ်မြို့တော်၌ ဥဂ္ဂသေနအမည် ရှိသော သူဌေးသားတစ်ယောက်ရှိသည်။ တစ်နေ့သ၌ ကချေသည်ငါးရာတို့သည် ရာဇဂြိုဟ်မြို့တော်၌ စံမြန်းသော ဗိမ္ဗိသာရမင်းကြီးထံ လာရောက်ကပြ ဖြေဖျော်ကြသည်။ ထိုအထဲတွင် ကချေသည်မ တစ်ယောက်သည် အလွန်လှပ ချောမောရာ ဥဂ္ဂသေနသည် ချစ်ကြိုက်မိသည်။ ကချေသည်မသည် ကျွမ်းသမားကချေသည်ကြီး၏ သမီးဖြစ်သည်။ ကျွမ်းသမားကြီးသည် အတောင် ၆၀ ရှိသော ဝါးလုံးထိပ်တွင် ရပ်ကာ အမျိုးမျိုး ကပြနိုင်သည်။
ဥဂ္ဂသေနသည် ကချေသည်မကို တပ်မက်စွဲလမ်းလှသဖြင့် မအိပ်နိုင်၊ မစားနိုင်။ ညောင်စောင်း ပေါ်တွင် လဲလျောင်း၍သာ နေ၏။ မိဘများက သိရှိသဖြင့် အမျိုးမျိုးဖျောင်းဖျ ပြောဆိုကြသည်။ ဥဂ္ဂသေနကား နားမဝင်နိုင်ပေ။ နောက်ဆုံးတွင် မိဘများသည် မိတ်ဆွေ တစ်ယောက်အား အသပြာ တစ်ထောင်ထုပ်ကို ပေးအပ်၍ ကချေသည်မ၏ ဖခင် ကျွမ်းသမားကြီးထံ သမီး တောင်းစေသည်။
ကျွမ်းသမားကြီးက -
“ငါ့သမီးကို သူဌေးအိမ်သို့ကား မထည့်နိုင်။ ဥဂ္ဂသေနသည် ငါတို့အဖွဲ့နှင့် တစ်ပါတည်း လိုက်နေ နိုင်လျှင် သမီးနှင့် ပေးစားမည်"
ဟု စကားပြန်လိုက်သည်။
ထိုအဆိုကို ဥဂ္ဂသေန၏ မိဘများက လက်မခံပေ။ သို့ရာတွင် ဥဂ္ဂသေနသည် မိဘများတားမြစ် သည်ကို လက်မခံဘဲ ကချေသည်မနှင့် လက်ထပ်လိုက်သည်။ သူတို့ လှည့်လည်သွားလာရာသို့ အတူလိုက်ပါသွားသည်။ သို့ရာတွင် သူသည် ကျွမ်းအတတ်၊ ကချေသည်အတတ် စသည်တို့ကို မတတ်ကျွမ်းသဖြင့် ပါဝင်မကပြနိုင်။ ကချေသည်တို့ ရပ်နားလိုရာ နေရာသို့ ရောက်လျှင် ဆင်း၍ လှည်းဖြုတ်ရသည်။ နွားစာမြက်ရှာရသည်။ ကပြရာမှ ဆုချ၍ရသော အသပြာများကို ထုပ်ပိုး သယ်ဆောင်ရသည်။
မကြာမီ ကချေသည်မသည် သား ကလေးတစ်ယောက် ဖွားမြင်သည်။ ထိုအခါ ဥဂ္ဂသေနကို နှိမ့်ချသောအားဖြင့် 'လှည်းစောင့်၏ သား'၊ 'ဥစ္စာထုပ်ထမ်းသမား၏ သား'၊ 'ဘာမှမတတ်သူ၏ သား' စသည်ဖြင့် ကလေးကို ပြောဆိုချော့မြူသည်။ ဥဂ္ဂသေန သည်လည်း မိမိအဖြစ်ကို အလွန်ရှက် သွားသည်။ ယောက္ခမကျွမ်းသမားကြီးထံ မှ အတတ်ပညာများကို ကြိုးစားသင်ယူသည်။ တစ်နှစ် တာမျှ သင်ယူပြီးသောအခါ တတ်မြောက်သွားသည်။
ဥဂ္ဂသေနသည် မြို့ရွာအနှံ့ မိမိအတတ်ပညာကို အောင်မြင်စွာ ပြသလာရာ နောက်ဆုံးတွင် ရာဇဂြိုဟ်မြို့တော်သို့ ရောက်လာသည်။ ခုနစ်ရက်မြောက်သောနေ့၌ -
"ဥဂ္ဂသေန သူဌေးသားက အတတ်ပညာပြလိမ့်မည်”
ဟု ကြော်ငြာစေသည်။
မြို့သူမြို့သားတို့သည် ပွဲသဘင်ကို ကြည့်ရှုရန် စုဝေးရောက်ရှိလာကြသည်။ ဥဂ္ဂသေနသည် မိမိအစွမ်းကိုပြရန် အတောင် ၆၀ ရှိသောဝါးလုံးထိပ်သို့ တက်လျက် ရပ်သည်။ အစွမ်းပြမည်ပြုသည်။ ထိုစဉ် ဗုဒ္ဓဘုရားရှင်သည် နောက်ပါ သံဃာတော်များနှင့် ဆွမ်းခံကြွလာသည်။ ထိုအခါ ပရိသတ်တို့ သည် ဥဂ္ဂသေနကို မကြည့်ကြဘဲ ဘုရားရှင်ရှိရာသို့သာ လှမ်း၍ ကြည့်ရှုဖူးမြော်ကြသည်။ ဤတွင် ဥဂ္ဂသေနသည် စိတ်နှလုံးမသာမယာ ဖြစ်သွားသည်။ ဘုရားရှင်သည် ဥဂ္ဂသေန၏ ဖြစ်အင်ကို သိရှိ တော်မူသဖြင့် အရှင်မဟာမောဂ္ဂလာန်ကို စေလွှတ်တော်မူသည်။ ဥဂ္ဂသေနအား ကပြရန် တိုက်တွန်း စေတော်မူသည်။ အရှင်မဟာမောဂ္ဂလာန်လည်း ဝါးလုံးနားသို့ ကြွလာ၍ တိုက်တွန်း၏။
ဥဂ္ဂသေနသည် အားတက်သွားကာ ဝါးလုံးထိပ်မှာပင် အားပါးတရ ကျွမ်းထိုးမှောက်ခုံ အမျိုးမျိုး ပြု၍ ကပြ၏။ ၁၄ ကြိမ်တိုင် ကပြပြီးသော် ဘုရားရှင်သည် ဥဂ္ဂသေနကို လှမ်း၍ တရားဟောတော် မူသည်။ ဥဂ္ဂသေနသည် ပါရမီရှိသူဖြစ်သဖြင့် ဝါးလုံးထိပ်ဖျားမှာပင် တရားထူးရသွားသည်။ စိတ်အေး ချမ်းမှုရကာ ရဟန္တာဖြစ်သွားသည်။ သူသည် ဝါးလုံးထိပ်မှ ဆင်းကာ ဘုရားရှင်၏ ခြေတော်စုံကို ဦးခိုက်သည်။ ရဟန်းပြုခွင့်တောင်းသည်။ ဘုရားရှင်က လာလော့ရဟန်း ဟု ခေါ်တော်မူလျှင်ပင် ဥဂ္ဂသေန၏ လူအသွင် ကွယ်ပျောက်သွားသည်။ သင်္ကန်း၊ ပရိက္ခရာ အစုံအလင်နှင့် ကြည်ညိုဖွယ်ရာ ရဟန်းအသွင် ဖြစ်လာသည်။ ရဟန္တာမြတ်အရှင် ဥဂ္ဂသေနသည် အားလုံးကိုစွန့်ကာ ငြိမ်းအေးစွာဖြင့် ထွက်ခွာ သွားလေသည်။
အရှင် ဥဂ္ဂသေန၏ မယားဟောင်း ကချေသည်မလည်း လင်ဖြစ်သူ၏ သွားရာလမ်းကြောင်း အတိုင်းလိုက်ကာ ရဟန်းမ ပြု၏။ တရားအားထုတ်ရာ ငြိမ်းချမ်းသော ရဟန္တာအရှင်မ ဖြစ်သွားလေ သည်။
ကျမ်းကိုး ။ ။ ဓမ္မပဒ၊ တဏှာဝဂ်၊ ဥဂ္ဂသေနဝတ္ထု
No comments:
Post a Comment