ဗုဒ္ဓံသရဏံ၊ ယောင်ယမ်းကာမျှ၊ အကျိုးရ
ဘေးအန္တရာယ်နှင့် ကြုံလျှင် "ဗုဒ္ဓံသရဏံ" ဟု ယောင်ယမ်း ရွတ်ဆို မိရုံမျှဖြင့် ထိုအန္တရာယ်မှ လွတ်ကင်းနိုင်သည်။
ရှေးသရောအခါ မြွေအလမ္ပာယ် ဆရာတစ်ယောက်သည် မြွေကိုဖမ်းမည်ဟု လှည့်လည်သော် တစ်ခုသောရွာသို့ ရောက်လေ၏။ ထိုရွာ၌ ရွာသူရွာသားတို့သည် မြတ်စွာဘုရားအား ရိုသေစွာ ဆည်းကပ်သော ဥပါသကာ ဖြစ်သောကြောင့် "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ" ဟူ၍ မပြန် ရွတ်ဖတ် သရဇ္ဈာယ် တတ်ကြ၏။ ထိုသို့ ရွတ်ဖတ် သရဇ္ဈာယ်သော အသံကို အလမ္ပာယ် မြွေသမား ကြားလျှင် အဘယ်ကို ဆိုကြသည်ဟု အကြောင်းအကျိုး ကိုမျှ မသိဘဲ မှတ်မိ၏။ ထိုအခါ အလမ္ပာယ် မြွေသမားသည် ကြီးစွာသော နဂါးမင်းကို ဖမ်းသည်ရှိသော် နဂါးမင်းသည် ထိုအလမ္ပာယ် မြွေသမားအား ပြင်းစွာ ရစ်ပတ်၏။ မြွေသမားလည်း ထိတ်လန့် ကြောက်ရွံ့သဖြင့် ယောင်ယမ်းလျက် "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ" ဟု ရွတ်လေ၏။ ထိုသို့ ရွတ်သံကို ကြားသော် နဂါးမင်းလည်း မြတ်စွာဘုရားအား ကိုးကွယ် ဆည်းကပ် သော ဥပါသကာ ထင်မှတ်၍ ပြင်းစွာ ပတ်ထားသော အခွေကို ဖြေလျက် ရွှေပန်းခိုင် သုံးခိုင်ဖြင့် ပူဇော်လျက် သင်သည် တစ်ခိုင်ကို မြတ်စွာဘုရားအား လှူဒါန်း ပူဇော်လေ၊ နှစ်ခိုင်ကို ရောင်းချလျက် အသက်မွေး လေဟု ပေးလိုက်၏။ မြွေသမားလည်း အဖိုးအတိုင်းမသိ ထိုက်သော ရွှေပန်းခိုင် တို့ကို ရသဖြင့် ချမ်းသာစွာ အသက်မွေး ရလေ၏။ ထိုအလမ္ပာယ် မြွေသမားသည် အကြောင်းအကျိုးကို မသိဘဲ ယောင်ယမ်းသဖြင့် ရွတ်မိသည် ကိုလျက် အကျိုးရသည်ကို ရည်၍ "ဗုဒ္ဓံသရဏံ၊ ယောင် ယမ်းကာမျှ၊ အကျိုးရသည်" ဟု စကားပုံ ပြောဆိုထုံး ပြုကြသည်။
No comments:
Post a Comment