မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ
လောကတွင် မကောင်းမှုတစ်စုံတစ်ရာကို ပြုလုပ်ခြင်း၌ ဆိတ်ကွယ်ရာဟူ၍ မရှိချေ။ သူတစ်ပါး တို့ မသိမမြင်ဟူသော အထင်နှင့်ပြုလုပ်စေကာမူ တစ်ဦးဦးက သိမြင်မြဲဖြစ်သည်။
လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြု၏။ ထိုဗာရာဏသီ ပြည်၌ ဒိသာ ပါမောက္ခ ဆရာတစ်ဦး ရှိ၏။ ထိုဆရာထံ၌ ငါးရာသော လုလင်တို့သည် အတတ်ပညာ သင်ယူကြ၏။ ဒိသာပါမောက္ခ ဆရာ၌ အရွယ်ရောက်သော သမီးတစ်ယောက် ရှိ၏။ တစ်ခါသော် ဆရာသည် "တပည့်များ အနက် အကျင့်သီလနှင့် ပြည့်စုံသော တပည့် တစ်ဦးဦးနှင့် မိမိ၏ သမီးကို ထိမ်းမြားလျှင် သင့်အံ့" ဟု အကြံ ဖြစ်၏။ တစ်နေ့သ၌ ဆရာသည် တပည့် လုလင်တို့ကို ခေါ်၍ "အမောင်တို့၊ သင်တို့သည် ငါ၏ သမီးကို ထိမ်းမြားလိုအံ့၊ မိမိတို့ အိမ်မှ အဝတ်တန်ဆာများကို အမိအဖ၊ အဆွေ အမျိုးတို့ မမြင်ကွယ်ရာမှ တိတ်တဆိတ် ယူဆောင်ခဲ့လော့" ဟု ဆို၏။ လုလင်တို့အနက် အကြီးအကဲ ဖြစ်သော လုလင်မှ တစ်ပါး ကျန်သော လုလင်တို့သည် ဆရာ မှာသည့်အတိုင်း အဝတ် တန်ဆာတို့ကို ခိုးယူ ခဲ့ကြ၏။ ထိုအခါ ဆရာက အကြီးအကဲ လုလင်အား "အမောင်၊ အဘယ်ကြောင့် အဝတ် တန်ဆာကို မယူခဲ့ သနည်း" ဟု မေးသော် "ဆရာ၊ သူတစ်ပါး၏ အဝတ် တန်ဆာကို ခိုးယူခြင်းသည် မကောင်းမှု ဖြစ်ပါသည်။ မကောင်းမှုကို မမြင်သာသော အရပ်သည် မရှိပါ။ မကောင်းမှု အတွက် ဆိတ်ကွယ်ရာ ဟူသည် မရှိပါ။ ထို့ကြောင့် အဝတ် တန်ဆာကို မယူခဲ့ပါ" ဟု ဆို၏။ ထိုအခါ ဆရာက "တပည့်၊ သင်သည် မကောင်းမှု ကိုလည်း သိ၏။ မကောင်းမှု အတွက် ဆိတ်ကွယ်ရာ အရပ် မရှိသည် ကိုလည်း သိ၏။ မကောင်းမှု ကိုလည်း ရှောင်ကြဉ်နိုင်၏" ဟုဆိုကာ မိမိ၏ သမီးနှင့် ထိမ်းမြား၏။
No comments:
Post a Comment