ကြောက် လွဲ၊ ရဲ မင်းဖြစ်
စွန့်စားရဲလျှင်ရရှိမည့် အခွင့်အလမ်း အကျိုးကျေးဇူးများကို ကြောက်ရွံ့နေပါက လက်လွတ်ဆုံး ရှုံးမည်။ စွန့်စားရဲလျှင်မူ မင်းအဖြစ်ကိုပင် ရနိုင်သည်။
ကြောက်လျှင် လာဘ်လွဲ၊ ရဲလျှင် မင်းဖြစ် - စကားပုံလည်းရှု။
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း၏သား ပဉ္စာဝုဓမင်းသားသည် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ပြီး လက်နက်ငါးပါးကိုယူ၍ မိမိတိုင်းပြည်သို့ ပြန်လာသည်။ တောအုပ်ကြီးတစ်ခုသို့ ရောက်သော် စေးကပ်သည့် အမွေးရှိသော ဘီလူးကြီး တစ်ကောင်နှင့်တွေ့ရာ ဘီလူးက သင်သည် ငါ့အစာဖြစ်ပြီဟု ခြိမ်းခြောက် ပြောဆိုသည်။ သို့သော် မင်းသားသည် ကြောက်ရွံ့ခြင်းမရှိဘဲ မိမိ၌ပါသည့် လက်နက် ငါးပါးဖြင့် ဘီလူးအား တိုက်ခိုက်သည်။ ထိုလက်နက်များသည် တစ်ခုပြီးတစ်ခု ဘီလူး၏ အမွေး၌သာ ကပ်ငြိကုန်သည်။ သို့သော် ပဉ္စာဝုဓသည် ဇွဲမလျှော့ဘဲ လက်၊ ခြေ၊ ဦးခေါင်းတို့ဖြင့် တိုက်ခိုက်ပြန်ရာ လက်၊ ခြေ၊ ဦးခေါင်းတို့သည်လည်း ဘီလူး၏ အမွေး၌ပင် ကပ်ငြိနေပြန်သည်။ ထိုအခါ ဘီလူးသည် ကြောက်ရွံ့ခြင်းကင်းသော မင်းသားကို ရုတ်တရက်မစားဝံ့ဘဲ အဘယ်ကြောင့်သေခြင်းကို မကြောက် သနည်းဟု မေး၏။ မင်းသားက မိမိဝမ်းထဲ၌ ဝရဇိန်လက်နက်ရှိ၍ မိမိအားစားလျှင် သင်ဘီလူးလည်း သေရမည် ဖြစ်သောကြောင့် မကြောက်ဟု ဖြေ၏။ ဘီလူးသည် မင်းသားအား မစားဝံ့တော့ဘဲ လွှတ်လိုက်၏။ ပဉ္ဟာဝုဓမင်းသားသည် ဗာရာဏသီပြည်သို့ ပြန်ပြီးနောက် ခမည်းတော်လွန်တော် မင်းဖြစ်သည်။
ခုဒ္ဒကနိကာယ်၊ ၅၅-ပဉ္စာဝုဓဇာတ်။
No comments:
Post a Comment