ငရဲပန်းကို ရွှေပန်းထင်
မိတ္တဝိန္ဒကမည်သော လူငယ်သည် မိမိအား ညှင်းဆဲသတ်ဖြတ်မည့် သင်တုန်းစက်ကို ရွှေပန်းထင် မှတ်၍ လိုချင်တောင့်တမိသကဲ့သို့ မိမိအား ဒုက္ခပေးမည့်အရာကို အကောင်းထင်မှတ်၍ မက်မော သည်။
ကဿပဘုရားလက်ထက် ဗာရာဏသီပြည်၌ သူဌေးတစ်ဦးတွင် မိတ္တဝိန္ဒက အမည်ရှိသောသား ရှိ၏။ အဖသူဌေးလွန်သော် မိခင်က သားအား သီလဆောက်တည်ရန်၊ အလှူပေးရန် ဆုံးမသော်လည်း မနာယူပေ။ တစ်နေ့တွင် မိတ္တဝိန္ဒကသည် ကုန်သွယ်မှု ပြုအံ့ဟု ကြံစည်သဖြင့် မိခင်က ဖျောင်းဖျ တားမြစ်ရာ မိခင်ကိုတွန်းထိုးပြီး အဖော်များနှင့်အတူ လှေဖြင့် ခရီးထွက်ခဲ့၏။ ခုနစ်ရက်မြောက်၌ လှေသည် သမုဒ္ဒရာအလယ်တွင်ရပ်ခဲ့၍ မသူတော်မဲချရာ မိတ္တဝိန္ဒက မဲကျသဖြင့် ၎င်းအားဖောင်ထက် တင်ကာ ရေမျှောလိုက်၏။ မိတ္တဝိန္ဒကလည်း ဖောင်ပေါ်၌ အိပ်လျက်ပါသွားရာ ဥဿဒငရဲသို့ ရောက် ၏။ ထိုငရဲတွင် သင်တုန်းဓားစက်ကို ခေါင်းပေါ်တွင်ရွက်ကာ ငရဲခံနေရသော ငရဲသားတစ်ဦးကို မြင်လျှင် မိတ္တဝိန္ဒကသည် သင်တုန်းဓားစက်ကို ပဒုမ္မာရွှေကြာပန်းထင်ပြီး ထိုငရဲသားထံမှ တောင်း၏။ ငရဲသားက ရွှေပန်းမဟုတ် သင်တုန်းဓားစက်သာ ဖြစ်ကြောင်း အကြိမ်ကြိမ်ပြောသော်လည်း တကယ် ပင် ရွှေပန်းဟု ထင်မှတ်ကာ မရအရ တောင်းယူ၍ ခေါင်းပေါ်တင်လိုက်သည်နှင့် ငရဲဒုက္ခကြီးစွာ ခံရ လေသည်။
No comments:
Post a Comment